ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်(DMO Local PDF)က ယနေ့(မေ၁ရက်) ထုတ်ပြန်သည်။
DMO Local PDF တပ်ဖွဲ့ ဗျူဟာ(၁)တပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းရှိ တပ်ခွဲအချို့နှင့် KRU တပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ (ဧပြီ ၃၀ရက်) နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးခန့်ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်တပ်က ဒေသခံလူထုနေအိမ်တစ်လုံးကို မီးရှို့ခဲ့သည်ဟု အသိပေးသည်။

ဒီးမော့ဆိုမြို့နယ်၏ စစ်ဇုံနေရာအချို့တွင်လည်း DMO Local PDF၏ ဗျူဟာ(၃)တပ်ရင်းများ၏ တပ်ဖွဲ့အချို့မှ နယ်မြေရှင်းလင်းစဥ် ဧပြီ ၂၉ရက်က အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်စွာ အသတ်ခံခဲ့ရသော အသက် ၇၃နှစ်အရွယ် ဒေါ်ရောဇော၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

Public Service Announcement

ထိုအမျိုးသမီးရုပ်အလောင်းကို ယမန်နေ့က သယ်ဆောင်ခဲ့ပြီး သဂြိုလ်ပေးခဲ့ကြောင်း DMO Local PDF က ဆိုသည်။
ထို့အပြင် နယ်မြေရှင်းလင်းမှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဝတ်စုံနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက် ဖော်ပြသည်။


















































