မင်းတပ်- မတူပီလမ်းပိုင်းတွင် ဇူလိုင် ၃၀ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး အပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောကြားသည်။
ကျဆုံးသွားသည့် စစ်ကောင်စီတပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ကြောင်း၊ CDF ဘက်ကလည်း သုံးဦးကျဆုံးခဲ့ကြောင်း ၎င်း ကဆိုသည်။
ယနေ့ စစ်ကောင်စီဝါဒဖြန့်သတင်းစာနာရေးတွင်ပါရှိသော အသက်(၄၈)နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဇော်ဇော်စိုးမှာ အဆိုပါတိုက်ပွဲတွင် သေဆုံးခဲ့သူဖြု်ကြောင်း CDFက ထုတ်ပြန်သည်။
ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီဘက်က တပ်အင် အားများ ဖြည့်တင်းနေ၍ တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
မင်းတပ် CDF နှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ပြီးနောက် ဇူလိုင် ၂၁ ရက်ကစ၍ တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ယခု စစ်ကောင်စီ တပ်ရင်းမှူး သေဆုံးခဲ့သည့် မင်းတပ်-မတူပီ လမ်း မိုင် ၇၀ ပတ်ဝန်းကျင်တွင် ဇူလိုင် ၂၄ရက်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ဇူလိုင် ၂၉ရက်နှင့် ၃၀ရက်တွင်လည်းတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆို သည်။
ဇူလိုင် ၂၉ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးထက်မနည်းသေဆုံးပြီး CDF ဘက်က သုံးဦးကျဆုံးထားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ထားသည်။