စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၀၀ကျော်အား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇွန်လ ၁၂ ရက်ညနေ ၆နာရီအချိန်မှစ၍ လင်းစာကျက်ကျေးရွာကို စာရင်းစာရွက်များကိုင်ဆောင်ကာ နေရာသုံးနေရာခွဲပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်ထောင်စု ၁၀၉စု၊နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။


ထို့အပြင် ကျေးရွာရှိ အပြည်မဲ့ ဒေသခံပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားပြီး ဦးခေါင်းအရိုးစုကိုသာ မြင်တွေ့ခဲ့ရကာ မည်သူမည်ဝါဟု မသိရသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ရွာသူရွာသား ၁၅ဦးကိုလည်း ဖမ်းဆီးသွားပြီး အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ဇွန်လ ၁၀ ရက်ကလည်း ငွေသာကျေးရွာရှိ နေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသေးသည်။
ယင်းရွာများအပြင် အန်ီးနားရှိကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီခံထားရသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။



ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လင်းစာ ကျက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇွန်လ ၁၄ ရက်က Salingyi Border Task Force – SBTF ၊BDF၊Monywa Inventor၊Triple Two၊Alpha Special Forceတို့နှင့်အတူ ဒေသခံကာကွယ်ရေးအဖွဲ့ မဟာမိတ်ညီနောင်များစုပေါင်းကာ စိန်ပြောင်းလက်နက်ကြီး(၆၀)မမ၊ (၈၀)မမ၊ (၁၂၀)မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းအတွင်း ၂၀၂၁ ဖေဖော်ဝါရီ၁ ရက်မှ ၂၀၂၂ မေလ ၃၁ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက် ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့၍ လူနေအိမ်ပေါင်း ၁၃,၈၄၀ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။


















































