စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အာဇာနည်နေ့အခမ်းအနားပြုလုပ်နေစဥ် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ဒေသတွင်း PDFများက စစ်ကောင်စီ၏ ရဲစခန်းကို ဒရုန်းဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – CRAက ယနေ့နံနက်တွင် ထုတ်ပြန်သည်။
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဗိုလ်ကျားသစ်၏ နေအိမ်၊ နွားစာတိုက်နှင့် မီးဖိုဆောင်တို့ကို မီးရှို့သွားခဲ့သည်။
ထို့နောက် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် – CRA (တပ်ခွဲ-၂) ၊ MGN RANGER ၊ MGN TIGER နှင့် People Defense Force of Taloke မြင်းခြံခရိုင် တပ်ရင်း-၂ စသည့် မဟာမိတ်အဖွဲ့များ၏ အာဇာနည်နေ့ အထိမ်းမှတ် အလေးပြု သေနတ်ပစ်ဖောက်ရာအရပ်သို့ (၄၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည်ဟု CRA က ပြောသည်။ သို့သော်ထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် နံနက် ၉နာရီတွင် စစ်ကောင်စီတပ်အထိုင်ချရာ ကျောက်ရစ်ရဲစခန်း အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု၏ ယာဥ်တစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CRAက ဆိုသည်။

Public Service Announcement
“အာဇာနည်နေ့ အထိမ်းအမှတ် သေနတ်ပစ်ဖောက် အလေးပြုတယ်။ သေနတ်သံ လာရာဆီကို စကစ တွေက (၄၀)မမ လက်နက်ကြီးနဲ့ လှမ်းထုတာ။ ကျွန်တော်တို့ဒရုန်းနဲ့ ပြန်တိုက်ခိုက်တာတော့ စကစဘက်က ထိခိုက်ဒဏ်ရာရပျက်စီးတာတွေ ရှိတယ်လို့သိရတယ်။”ဟု CRA တာဝန်ရှိသူက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများသည် ညောင်ကားယားရွာတွင် ညအိပ်တပ်စွဲရာမှ ပြန်လာထွက်ခွာလာပြီး သရက်သာရွာသို့ ဝင်ရောက်နေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူအများပြား တိမ်းရှောင်နေကြရ ကြောင်း CRAက အသိပေးသည်။
အထက်ပါ ဒရုန်းစစ်ဆင်ရေးအား ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – CRA (တပ်ခွဲ -၂) သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ၊ Young Fighters People Defense Force of Myaung – YFPDF တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း CRAက ထုတ်ပြန်ထားသည်။


















































