မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတွေအားလုံးနဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကတစ်ဆင့် သင့်လျော်တဲ့အဖြေရှာနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ဖို့ တရုတ်နိုင်ငံက လိုလားနေပြီး တရုတ်အထူးကိုယ်စားလှယ်ဆွန်းကော်ရှန်းဟာ မြန်မာနိုင်ငံကို ဩဂုတ် ၂၁ ကနေ ၂၈ အထိ လာရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဒီနေ့ထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း အထူးကိုယ်စားလှယ်ဆွန်းကော်ရှန်းဟာ အကြမ်းဖက်စစ်တပ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ Wang Wenbin ရဲ့ထုတ်ပြန်ချက်မှာတော့ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် သုံးနှုန်းထားပါတယ်။
မြန်မာနိုင်ငံအပေါ်ထားတဲ့ တရုတ်ရဲ့ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူအားလုံးအတွက်ဖြစ်တယ်လို့ Wang Wenbin က ဆိုပါတယ်။

Public Service Announcement
ဒါပေမဲ့ အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူအပြီး ၇ လကြာချိန်အထိ မြန်မာပြည်သူအများစု ဟာ အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်း ဆန့်ကျင်နေကြပြီး ဒီမိုကရေစီပြန်လည်ရရှိရေး တစ်စိုက်မတ်မတ်တောင်းဆိုနေကြပါတယ်။
တရုတ်ဟာ အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ဖို့ ထောက်ခံထားပြီး ပြည်ပကဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
လူမှုဘ၀တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အမြန်ဆုံးရရှိဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူတကွ လုပ်ဆောင်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ လူသားချင်းစာနာမှုကို ဆက်လက်ထိန်းသိမ်းပြီး ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်က ဆက်လက်လုပ်ဆောင်သွားမယ်လို့ Wang Wenbin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


















































