▪︎ပြည်သူများ စစ်ကောင်စီနှင့်နီးကပ်စွာမနေရန်၊ စစ်ရေးအခြေအနေများအရ အသွားအလာ အပျော်အပါးများ ဆင်ခြင်ရန် တိုက်တွန်း
▪︎စစ်ခေါင်းဆောင်များသည် လက်အောက်ငယ်သားများကိုပါ ထိုးကျွေးနေ သည်ကို သတိချပ်သင့်ဟုဆို
စစ်ကောင်စီတပ်က ပြည်သူလူထု အသက်အိုးအိမ်ကို ထိခိုက်အောင် လုပ်ဆောင်ပြီး တော်လှန်ရေး အဖွဲ့များ ၏ ပုံရိပ်ကို ဖျက်ရန် ကြိုးစားလုပ်ဆောင်နေသည်ကို သတိပြုပြီး စစ်ရေးပစ်မှတ်များ၊ စစ်ရေးဗျူဟာဖော်ဆောင်ရာတွင် ပြည်သူလူထုနှင့် လွတ်ကင်းသည့်နေရာကို ရွေးချယ်ရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM တပ်မတော်အရာရှိနှင့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက အကြံပြု တိုက်တွန်းသည်။
ယမန်နေ့ (အောက်တိုဘာ ၁၉ရက်)က အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု ဖြစ်စဉ်နှင့် မကြာသေးမီက ကျိုက်ထီးရိုး တောင်တက်ဂိတ်အနီး ပစ်ခတ်မှု ဖြစ်စဉ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက၎င်းတို့ထိပါက ပြည်သူလူထုများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည့်အခြေအနေများ နှင့်ပတ်သက်ပြီး ထိုသို့ သတိပေးခြင်းဖြစ်သည်။
ကျိုက်ထီးရိုးဘုရား ၊တောင်တက်ကားဂိတ်ဖြစ်သောကင်မွန်းစခန်းတွင်အောက်တိုဘာ၁၂ ရက်နံနက်ပိုင်းက စစ်ကောင်စီဂိတ်ကို တော်လှန်ရေးအင်အားစုများကတိုက်ခိုက်ရာစစ်ကောင်စီတပ်သား ၃ ဦးသေ ၁ ဦးဒဏ်ရာရပြီး စစ်တပ်က ရမ်းသန်းပစ်ခတ်ရာ ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့သည်။ထိုအပြင်လက်နက်ကြီးဖြင့်ပစ်၍ပြည်သူ၃ ဦးဒဏ်ရာရကာနေအိမိအချို့ပျက်စီးခဲ့သည်။အင်းစိန်ထောင်ထောင်ဝင်စာပို့သောနေရာကို STA မြို့ပြပြောက်ကျားအဖွဲ့ကဗုံးခွဲရာတွင် ထောင်ဝန်ထမ်း ၃ ဦးသေဆုံးပြီးအချို့ဒဏ်ရာရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်၍ နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုအပါအဝင်ထောင်ဝင်စာလာတွေ့သောပြည်သူ အနည်းဆုံး ၅ ဦးသေဆုံးကာ၁၀ ဦးကျော်ဒဏ်ရာရခဲ့သည်။မတရားဖမ်းဆီးခံထားရသောနိုင်ငံရေးအကျဥ်းသားများအပါအဝင်အကျဥ်းကျပြည်သူများအတွက်ထောင်ဝင်စာပို့သောနေရာကိုတိုက်ခိုက်မှုအတွက် တိုက်ခိုက်သောအဖွဲ့အပါအဝင်ရမ်းသန်းပစ်ခတ်မှုအတွက်ဝေဖန်မှုများအထူးမြင့်တက်နေသည်။ဒီမိုကရေစီအင်အားစုများကလည်း အဆိုပါတိုက်ခိုက်မှု၊ပစ်ခတ်မှုများအပေါ်ပြစ်တင်ရှုံ့ချထားသည်။
“ဒီအချိန်မှာ စစ်ရေးပစ်မှတ်ရွေးချယ်တာကတော့ တော်တော်လေးသတိထားသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ကောင်စီအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပုံရိပ်ကို ချချင်လာတာတွေ့ရတယ်။ ပုံရိပ်ဖျက်တာပေါ့။ အဲဒါကို တော်တော်လေး သတိထားမိလာတယ်။ ကျွန်တော်တို့ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးဗျူဟာဖော်ဆောင်တဲ့အခါမှာ၊ စစ်ရေးဗျူဟာတွေဖော်ဆောင်တဲ့အခါမှာ အတတ်နိုင်ဆုံး ပြည်သူနဲ့ လွတ်ကင်းတဲ့နေရာတွေကို ဖော်ဆောင်ဖို့လိုတယ်ဆိုတာ အခုအချိန်မှာ အရေးကြီးပါတယ်” ဟု CDM ဗိုလ်ကြီးကိုလင်းထက်အောင်က ပြောသည်။

Public Service Announcement
စစ်ကောင်စီအနေဖြင့် ပြည်သူများ ထိခိုက်နိုင်သည့် ဖြစ်စဉ်များကို နဂိုရ်ကတည်းကလုပ်ကိုင်ခဲ့ကြောင်း၎င်းကဆက်သည်။
“သူတို့က လူထုတရပ်လုံး၊ ပြည်သူလူထုတရပ်လုံးကို သူတို့က ဘယ်သူ့ကိုမှ မယုံတော့ဘူး။ နဂိုကတည်းက လူထုကို လက်နက်နဲ့အနိုင်ကျင့်ချင်တဲ့စိတ်က ရှိနေတဲ့အတွက် ဒီလိုမျိုးကတော့ လုပ်မှာပဲ ဥပမာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်တယ်ဘာညာဆိုလည်း လူထုကို ပြန်မဲတာတွေ အခေါက်ခေါက်အခါခါ အကြိမ်ပေါင်းများစွာပဲ။ ဒီလိုပဲသူတို့ကို လာလုပ်ရင် လူထုကိုပြန်ပြီးလုပ်မယ်ဆိုတဲ့ စိတ်ကတော့ စစ်သားတိုင်းလိုလိုမှာရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့လည်း ညွှန်ကြားစရာမလိုဘူး။ သူတို့ဆီမှာ နဂိုအခံစိတ်က ရှိပြီးဖြစ်တာမို့ ဒါတွေက ပိုလုပ်လာမှာပဲ။ နောက်ပိုင်း ကျရင်တော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်။ စစ်ရေးအရ ရင်ဆိုင်ရတာတွေ ပိုမိုကြပ် တည်းလာတဲ့ အခါကျရင် ပြည်သူတွေအနေနဲ့ သတိထားဖို့လိုတယ်။” ဟု ကိုလင်းထက်အောင်က ပြောသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူအပေါ် ကျူးလွန်ခြင်းအား ဝန်ခံမည်မဟုတ်ဘဲ အသံကောင်းဟစ်နေလိမ့်မည်ဟုလည်း ကိုလင်းထက်အောင်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ဦးနေဘုန်းလတ်ကလည်းဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြမည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်း အနေနဲ့ အကြမ်းဖက် စစ်တပ်နှင့် ခြားနားစွာ ကျင့်ကြံကြရန်လိုအပ်ပြီး ကျင့်ဝတ်စည်းကမ်း သတ်မှတ်ချက်များကို တိကျစွာလိုက်နာကြရန် လိုအပ်သည်ဟု ပြောကြားသည်။

“ကျိုက်ထီးရိုး ကင်ပွန်းစခန်းဖြစ်စဉ်နဲ့ အင်းစိန်ထောင် ဖြစ်စဉ်တွေမှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးကြရတာဟာ ဘယ်သူ့လက်ချက်ကြောင့်လဲဆိုတဲ့ တိကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်နေသေးပေမယ့် ဒီလိုနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရွေးချယ်မှုဟာ အများပြည်သူထိခိုက်နိုင်လား၊ တော်လှန်ရေးအတွက် ဘယ်လောက် အကျိုးရှိမလဲ၊ အကျိုးယုတ်မလဲဆိုတာတွေကို သေချာစဉ်းစားချင့်ချိန်ပြီးမှ လုပ်ကြဖို့လိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
စစ်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူများကို အလွယ်တကူသတ်ဖြတ်ခဲ့သည့် သာဓကများစွာ ရှိသည်ဟု ၎င်းကပြောသည်။
“အကြမ်းဖက်စစ်အုပ်စုအနေနဲ့ကတော့ ပြည်သူတွေတင်မကဘူး သူ့လက်အောက်ငယ်သားတွေကိုတောင် ထင်သလို ထိုးကျွေးနေတဲ့အနေအထားဆိုတာကို သတိချပ်သင့်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာလုယူမှုကို ခံထားရဆဲဖြစ်တယ်ဆိုတာကို မမေ့ပဲ ပြည်သူလူထုအနေနဲ့ ဉာဏ်နဲ့ သတိနဲ့ နေထိုင်ကြဖို့ပါ” ဟု ဦးနေဘုန်းလတ်က တိုက်တွန်းသည်။
ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးကလည်း ၎င်းတို့ အနေဖြင့် ပြည်သူများထိခိုက်နိုင်သောနေရာများကိုရှောင်ကျဥ်ပြီးစစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်၊ စီးပွားရေးပစ်မှတ် တို့ကိုသာ စစ်ရေးပစ်မှတ်အဖြစ်စနစ်တကျရွေးချယ်ကြောင်းပြောသည်။
“စီးပွားရေးဆိုရင်လည်း စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် အားပေးအားမြှောက် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး လုပ်တယ်။ အုပ်ချုပ်ရေးပစ်မှတ်ဆိုလည်း အများပြည်သူလူထုကို မတရားဖိနှိပ်အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူထားတဲ့သူတွေ၊ ဒါတွေကို ဆောင်ရွက်တာလုပ်မယ်။ ပြီးရင် စစ်ရေးပစ်မှတ်ကတော့ ရှင်းတယ်။ ရဲတွေ၊ စစ်သားတွေ၊ ကင်းတွေ၊ လုံခြုံရေးတွေ၊ ဘန်ကာတွေ၊စခန်းတွေ ဒါတွေကို ကျွန်တော်တို့ လုပ်မယ်ပေါ့။ Public Area တွေကို ကျွန်တော်တို့ ဘယ်တော့မှ မလုပ်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ကျိုက်ထီးရိုး နှင့် အင်းစိန်ထောင် ဖြစ်စဉ်များသည် ရန်သူခင်းသည့်ဗျူဟာထဲသို့ တိုးဝင်သွားခြင်း ဖြစ်နိုင်၍ ဆင်ခြင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက သတိပေးသည်။
“ ခုခံတော်လှန်စစ်ကနေ အရှိန်မြှင့်လာတာမျိုးတွေမှာ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာမျိုးတွေ လုပ်လာတဲ့အခါမျိုးမှာ အဲဒီအနီးအနားတွေမှာ ရှိလာတဲ့အခါ ရည်ရွယ်ချက်ရှိရှိ လုပ်တာမျိုးမဟုတ်ပေမယ့် မတော်တဆမှုတွေက ကြုံကောင်းကြုံရနိုင်တယ်ပေါ့” ဟု ၎င်းက ပြောကြားပြီး ပြည်သူများ အနေဖြင့် အသွားအလာအပျော်အပါး ကိစ္စများနှင့်ပတ်သက်ပြီး သတိနှင့် ဆင်ခြင်ကြရန် တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်တော်လှန်ရေးကို အရှိန်မြှင့်ရန် တစ်နှစ် သတ်မှတ်ကြောင်း ကြေညာထားသည်။
“ ဒီလိုကြေညာတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့တွေ၊ အင်အားလျော့နည်းအောင်တွေ ပိုပြီးတော့ လုပ်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုကတော့ ဒီ အချိန်မှာ တော်လှန်ရေးအင်အားစုတွေ၊ NUG ၊ EROs ဒီအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အမြဲမပြတ် စောင့်ကြည့်လေ့လာဖို့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ ပြည်သူလူထု ဆင်ခြင်သင့်တာတွေ ဆင်ခြင်ရမယ်၊ မသွားသင့်တာတွေ မသွားရဘူး၊ မလုပ်သင့်တာ မလုပ်ဖို့ ဒီအချိန်က ပိုပြီး အရေးကြီးပါတယ်” ဟု ကိုလင်းထက်အောင်က ပြောသည်။
မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် နီးစပ်သူတစ်ဦးကလည်း “သူတို့က နဂိုရ်ကတည်းက ပြည်သူအပေါ်မှာ အငြိုးအတေး အာဃာတတွေရှိတဲ့အတွက် ဘာပဲဖြစ်ဖြစ် မစဉ်းစားဘူး။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပါဝင်သည်ဖြစ်စေ မပါဝင်သည် ဖြစ်စေ အနီးအနားမှာ ရှိတဲ့ ပြည်သူတွေကို ရမ်းသန်းပစ်တာပဲ” ဟု ပြောသည်။
ထို့ကြောင့် ပြည်သူများ အနေဖြင့် လက်ရှိ အခြေအနေတွင် စစ်ကောင်စီနှင့် နီးကပ်စွာ မနေရန် ၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ ဘုရားဖူးသွားခြင်းများ ရှောင်ရှားရန် ၎င်းက အကြံပြုသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးကလည်း စစ်ကောင်စီတပ်က ပြည်သူကို ရန်သူလိုသဘောထားပြီး နေအိမ်များ မီးရှို့ခြင်း၊ လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေ၍ စစ်ကောင်စီတပ်၏ ပစ်မှတ် ဖြစ်နိုင်သည့် နေရာများကို သတိထားရှောင်ရှားရန် တိုက်တွန်းထားသည်။ ပြည်သူလူထု အနေဖြင့်တော်လှန်ရေးသတိထား၍ လိုအပ်ပါက ဗုံးခိုကျင်းများ ပင်လုပ်ဆောင်ထားကြရန် ပဒိုစောတောနီးက ပြောကြားသည်။


















































