Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း ချောင်းကြီးစခန်းအား PDFများက ဘူဒိုဇာသုံးပြီး စခန်းသိမ်းပိုက်

“တိုက်ချင်လာတိုက်”ဟု PDFနှင့် ဆက်သွယ်ဖုန်းပြောဆိုသည့်စခန်းမှူး အရင်ဆုံးထွက်ပြေး

သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းကို PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TBK

ဇေအောင်/People’s Spring

သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်ရ- မန္တလေးလမ်းပိုင်းရှိ ချောင်းကြီးရဲစခန်းအား ဘူဒိုဇာပါသုံး၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့သည့် ချောင်းကြီးရဲစခန်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဆုတ်ချည်ခွာချည် တိုက်ခိုက်ခဲ့ရာ တစ်လကျော် အကြာတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

“ချောင်းကြီးကို (၁)ရက်ကနေ့က အပြီးသိမ်းနိုင်လိုက်ပါပြီ။ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတွေတော့ ရှိပါတယ်။”ဟု ပြင်ဦးလွင်ခရိုင် ပကဖ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ကျခံစစ်တောင်ကုန်း သုံးကုန်းကို တပြိုင်နက် ထိုးစစ်ဆင် တိုက်ရသောကြောင့် ပေးဆပ်မှုများလည်းရှိကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ၏ တာဝန်ရှိသူက ပြောသည်။

“ဘယ်လောက်ပဲ ထိုးထိုး မရနိုင်တာမို့ ဘူဒိုဇာတွေပါ သုံးပြီး တိုက်ခဲ့ရတာပါ။ ဘူဒိုဇာသုံးပြီး စခန်းသိမ်းရတဲ့ ပွဲပါပဲ”ဟု ပြင်ဦးလွင်ခရိုင် ပကဖ၏ တာဝန်ရှိသူက ပြောသည်။

PDF ရဲဘော်များက ဘူဒိုဇာဖြင့်စခန်းအား စီးနင်းမောင်းဝင်သွားပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်ကလည်းထိခိုက်မှုရှိပြီး အကျအဆုံးအတိအကျကိုမူ ဝန်ကြီးဌာနမှ ထုတ်ပြန်မည်ဟု သိရသည်။

ချောင်းကြီးရဲစခန်းအား စတင်တိုက်ခိုက်စဥ်ကတည်းက ရဲစခန်းရှိ စခန်းမှူးနှင့် PDF ရဲဘော်တစ်ဦး ဖုန်းဖြင့်ပြောဆိုကြသည့် အသံဖိုင်ကိုလည်း စစ်ကောင်စီဘက်က ဝါဒဖြန့်ခဲ့ဖူးသည်။ အသံဖိုင်၌ စခန်းမှူးနှင့်အဖွဲ့သားများ စခန်းမှအေးအေးဆေးဆေးထွက်ခွာပေးရန် PDFရဲဘော် က ကောင်းမွန်စွာညှိနှိုင်းခဲ့သော်လည်း စခန်းမှူးက “တိုက်ချင်လာတိုက်”ဟု ငြင်းဆန်ခဲ့သည်။

“ကျွန်တော်တို့ချည့် လက်လွတ်သွားလို့ (ထွက်သွားလို့)အဆင်မပြေဘူး။ ရွာရှိသေးတယ်လေ။ အားလုံးက တစ်သက်ပဲသေကြရတာ။ နှစ်သက်သေစရာမှမရှိဘဲ” အစရှိသည့်စကားလုံးများဖြင့် ချောင်းကြီးစခန်းမှူးက PDF ရဲဘော်အား ပြန်လည်ဖြေကြားခဲ့ဖူးသည်။

သို့သော် စခန်းမှူးမှာ စခန်းသိမ်းပိုက်စဉ် ခုခံခြင်းမရှိဘဲ အရင်ဆုံး ထွက်ပြေးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“စခန်းမှူးကတော့ အရင်ဆုံးထွက်ပြေးသွားတာမို့ မမိလိုက်ပါဘူး။”ဟု ပြင်ဦးလွင်ခရိုင် ပကဖ၏ တာဝန်ရှိသူက ပြောသည်။

ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ အကြိမ်​ကြိမ် တိုက်ခိုက်ခဲ့၍ ပြည်သူ ခုနစ်ဦးထက်မနည်း သေဆုံးကာ နေအိမ် ၅၀ကျော် ပျက်စီးခဲ့သည်။

သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းကို PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TBK

သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းများကိုလည်း PDFများက ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်ရရှိထားသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင်လည်းစစ်သုံ့ပန်းနှင့်ခဲယမ်းများပါ ရရှိထားသည်။

သပိတ်ကျင်းမြို့နယ်သည် အရှေ့ဘက်တွင် မိုးကုတ်၊ မဘိမ်း၊ မိုးမိတ်မြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောင်ဘက်တွင် စဥ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့်ခင်ဦးမြို့နယ်တို့နှင့် ထိဆက်နေပြီး စစ်ရေးအရအရေးပါသောဒေသတစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။