ဟန်နွေ/People’s SPring
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုဆန့်ကျင်တိုက်ပွဲဝင်မှုသည် အရှိန်ပြင်းထန်လွန်း၍ လက်ရှိတွင် စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည့် အခြေအနေဖြစ်ပေါ်လာနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဆုံးခန်းတိုင်ပျောက်ပျက်သွားရေး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အသိပေးသည်။
ယနေ့ (ဩဂုတ် ၁၂ရက်) ကျရောက်သည့် (၇၄) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့သို့ KNU ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့ရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
လွတ်လပ်ရေးရပြီးနောက် ဗမာစစ်တပ်က ၁၉၆၂ တွင် တိုင်းပြည်အာဏာ လုယူသိမ်းပိုက်ပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်အမျိုးမျိုး ဖြင့် အဓမ္မ အုပ်စိုးခဲ့သည်မှာ ယနေ့အထိ ဖြစ်ပြီး ပြည်သူများကလည်း ပုံစံနည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။
“ဒီနေ့ ဒီအချိန် စစ်တပ်ကနေ တိုင်းပြည်အာဏာကို အဓမ္မ လုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင်လည်း တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေ အားလုံး လူမျိုးတွေအားလုံးက နိုင်ငံရေးနည်းလမ်းစစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒီဆန့်ကျင်မှုတွေဟာ အရှိန်အဟုန်ပြင်းထန်လွန်းလို့ စစ်အုပ်စုဟာ ထိန်းမနိုင်တော့တဲ့ အခြေအနေကို ရောက်နေပါတယ်။ စစ်အာဏာရှင် ချုပ်ငြိမ်း ကွယ်ပျောက်တော့မယ့်အခြေအနေလည်းဖြစ်ပါတယ်”ဟု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင် ပျောက်ပျက်သွားရန် ကျရာကဏ္ဍ အသီးသီး ကနေ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပြီး နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ အဖြစ် တည်ဆောက်သွားရမည်ဖြစ်ကြောင်းKNU ဥက္ကဋ္ဌက ပြောသည်။
“မဟာလူမျိုးကြီးဝါဒ အာဏာရှင်စနစ် ပြိုလဲ ဆုံးခန်းတိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးတွေ၊ နိုင်ငံရေးပါတီတွေ၊ ဒီဝါဒကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ကလည်း ကရင်အမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာ ခေါင်းဆောင် စောဘဦးကြီး နှင့်တကွ အာဇာနည်ပီပီ အသက်စွန့်ခဲ့ကြသည့် ခေါင်းဆောင်များ၊ ရဲဘော်များ
ပြည်သူလူထုများ၏ ခရီးလမ်းမဆုံးသေးသကဲ့သို့ ပခုံးပေါ်ကျရောက်လာသည့် တာဝန်များကို လက်ဆင့်ကမ်း သမိုင်းပေးတာဝန်အဖြစ် နှစ်(၇၀) ကျော်တိုင် အနိုင်မခံ၊ အရှုံးမပေးဘဲ တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။
လွန်ခဲ့သည့် နှစ်များက လက်နက်ကိုင်တိုက်ပွဲ စစ်မျက်နှာမှသည် စားပွဲဝိုင်းတိုက်ပွဲ တနည်းအားဖြင့် အပစ်အခတ်ရပ်စဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှု စစ်မျက်နှာဆီသို့ ရွေ့လျားသွားခဲ့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သဝဏ်လွှာ၌ ရေးသားထားသည်။
ငြိမ်းချမ်းရေးရုပ်လုံး မပေါ်နိုင်ရုံသာမက ပြည်တွင်းစစ်ကသာ အတောမသတ် ဆက်လက် ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် ငိုက်မြည်းမေ့လျော့မနေကြဘဲ အစဉ်သတိ ရှိရှိတိုက်ပွဲဝင်ကြရန် တိုက်တွန်းကြောင်း KNLAက သဝဏ်လွှာပေးပို့သည်။


















































