Connect with us

Hi, what are you looking for?

ဆောင်းပါး

MIPS (သို့မဟုတ်) ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်ကနေ စစ်ကောင်စီကို ထောက်ခံပြီး ကိုယ်ကျိုးရှာနေသူများ

“အနောက်နိုင်ငံတွေက ငွေကြေး ကူညီ ထောက်ပံ့ပေးထားတဲ့ ငြိမ်းချမ်းရေး အင်စတီကျု တစ်ခုဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေအတွက် ကောင်းကျိုး ဖြစ်ထွန်းစေမယ့် အချက်အလက်မျိုးတွေ ပြုစုရာမှာ ကြိုးကိုင် လှုပ်ရှားပေးနေပါတယ်”

Photo : AFP

မြန်မာနိုင်ငံမှာ နှစ်ဖက်စလုံး အထိနာနေတဲ့ ပြည်တွင်း ပဋိပက္ခတွေဟာ ညှိနှိုင်း အဖြေရှာနိုင်မယ့်၊ ဒါမှမဟုတ် တဖြည်းဖြည်း ပြေလျော့သွားမယ့် လက္ခဏာမျိုး သိပ်မတွေ့ရဘဲ အရှိန်မြင့်သထက် မြင့်လာနေပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)တွေ ပိုမို အားကောင်းလာခြင်းအပြင် ကာလရှည်ကြာ တိုက်ပွဲဝင်နေခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေနဲ့ပါ လက်တွဲမိလာခြင်းကြောင့် ပြည်တွင်း ပဋိပက္ခတွေရဲ့ ရှုထောင့် အဟောင်းနဲ့ အသစ်တွေကို တိတိကျကျ ဆန်းစစ်ဖို့ လုံးဝ မဖြစ်နိုင်တာမျိုး မဟုတ်ဘူး ဆိုရင်တောင်မှ အတော်ကြီး ခက်ခဲလာခဲ့တာ အမှန်ပါပဲ။

ဒါပေမဲ့လည်း အချက်အလက် ပြုစုမှုနဲ့ ပတ်သက်ရင် လိုသလို ကြိုးကိုင် ခြယ်လှယ်နိုင်တယ်လို့ သံသယ ဝင်သင့်တဲ့သူ တချို့အတွက်တော့ ဒီအခြေအနေလောက်က အဟန့်အတား ဖြစ်တဲ့ပုံ မပေါ်ပါဘူး။ ၂၀၂၀-၂၀၂၁ အတွက် နှစ်ပတ်လည် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး သုံးသပ်ချက် အစီရင်ခံစာကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)က မတ်လထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာဟာ အာဏာသိမ်းမှု ဖြစ်စဉ်အလွန် အလှည့်အပြောင်းတွေ၊ အရှိတရားတွေနဲ့ ပတ်သက်လို့ MIPSရဲ့ သတင်းပြန်ကြားမှုတွေ ဘယ်လောက် ယုံကြည် စိတ်ချသင့်သလဲ ဆိုတာကို အနုလုံ ပဋလုံ ဆန်းစစ်ကြည့်ဖို့ ထိုက်တန်ခဲ့ပါတယ်။

MIPSကို လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်တုန်းက အစိုးရ မဟုတ်တဲ့၊ ဘက်မလိုက်တဲ့၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ လက်တွေ့ ထဲထဲဝင်ဝင် ဆောင်ရွက်နေသူတွေကို အကြံပေးရုံတင် မကဘဲ ကိုယ်တိုင် ပါဝင် ကူညီတဲ့ အဖွဲ့အစည်း တစ်ခု အနေနဲ့ စတင်ခဲ့ပါတယ်။ ခြုံကြည့်ရင်တော့ MIPSရဲ့ လုပ်ငန်းစဉ်တွေဟာ အဖွဲ့အစည်းက အသုံးပြုတဲ့ နည်းလမ်းတွေနဲ့ အချက်အလက် တင်ပြမှုတွေရယ်၊ အဖွဲ့အစည်းရဲ့ နိုင်ငံရေး သဘောဆန္ဒတွေရယ်ဆိုတဲ့ ကဏ္ဍနှစ်ရပ်ကို အခြေခံ ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

MIPSရဲ့ အစီရင်ခံစာဟာ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးနဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထိ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေကို စုစည်းပိုင်းခြားပြထားပါတယ်။ အဲဒီထဲမှာ အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ လှုပ်ရှားနေတဲ့ ရခိုင်၊ ကချင်၊ ကယား ပြည်နယ်တွေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေတွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အစီရင်ခံစာမှာ ပြုစု ဖော်ပြထားသမျှ အကြောင်းအရာတွေမှာ မြန်မာ စစ်တပ်နဲ့ ပတ်သက်လို့ ရည်ညွှန်းထားတာတွေ မတွေ့ရပါဘူး။ ဒီအချက်က ဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးမှာ ရှိသမျှ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ တိုက်ခိုက်နေတာ မြန်မာစစ်တပ်ပဲ မဟုတ်လား။

MIPSဟာ သိပ်ပြီး ထင်သာမြင်သာ ဖြစ်လွန်းတဲ့ အကြောင်းအရာမျိုးတွေ၊ ပဋိပက္ခတွေရဲ့ အရှိန် အတက်အကျကို တိုင်းတာတဲ့ ညွှန်ကိန်းတွေနဲ့ ပတ်သက်ရင် ကြောင်းကျိုး ဆက်နွှယ်မှု နိယာမအပေါ် သိပ်အခြေမခံဘဲ စွဲစွဲလမ်းလမ်း ဖြစ်နေပုံ ရပါတယ်။ သူတို့ရဲ့ အစီရင်ခံစာမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း တိုက်ခိုက်ကြတာတွေ အကြောင်းကို ဖော်ပြထားတယ်။ ဒါပေမဲ့ ဒီလို တိုက်ခိုက်မှုတွေရဲ့ ရှုပ်ထွေးလှတဲ့ နောက်ခံ အကြောင်းတရားတွေကိုတော့ အပေါ်ယံလောက်ပဲ ထည့်သွင်းထားပါတယ်။

MIPSက ၂၀၂၀ ပြည့်နှစ်အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခ ၈၃၂ ကြိမ်၊ မိုင်းနဲ့ လက်လုပ်မိုင်း (IED)တွေ အသုံးပြု တိုက်ခိုက်မှု ၁၈၃ ကြိမ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် (စစ်ကောင်စီလို့ လူသိများတဲ့) နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တဖြစ်လဲ စစ်အစိုးရသစ်ကို အသက်သွင်း ဖွဲ့စည်းလိုက်ပါတယ်။ ဒီအပြောင်းအလဲနဲ့ ဆက်နွှယ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီကနေ ဇူလိုင်လကုန်ထိ အတောအတွင်း လက်နက်ကိုင် ပဋိပက္ခ ၁၀၂၁ ခုနဲ့ IED အသုံးပြု တိုက်ခိုက်မှု ၆၅၂ ခု ရှိလာတယ်လို့ ဆိုတယ်။ ဒါကြောင့် IED အသုံးပြု တိုက်ခိုက်မှုတွေဟာ ၈၆၆ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ MIPSက သုံးသပ်ထားတယ်။

၂၀၂၁ ခုနှစ်၊ ပထမ ၇ လတာ ကာလအတွက် ဖော်ပြထားတဲ့ ပဋိပက္ခဆိုင်ရာ အချက်အလက်တွေဟာ အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လည်း ထင်ယောင်ထင်မှား ဖြစ်လောက်အောင် ပုံဖော်ထားတယ်။ လက်တွေ့ အခြေအနေတွေအရ အသစ် ဖွဲ့စည်းလိုက်တဲ့ PDF တော်လှန်ရေး အင်အားစုတွေနဲ့ ရှိရင်းစွဲ EAOတွေ ပေါင်းစည်းသွားတဲ့နောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်လာတယ်။ ဒီတိုက်ပွဲ အများစုဟာ MIPSရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကာလ အပိုင်းအခြားထဲမှာ အကျုံးဝင်ပါတယ်။ ဒီတော့ MIPSရဲ့ စောင့်ကြည့် လေ့လာမှု စနစ်မှာ ချွတ်ယွင်းချက်တွေ ရှိနေလို့သာ အခုလို ပြီးစလွယ်ဆန်ဆန် အစီရင်ခံစာမျိုး ထွက်ပေါ်လာတယ်ဆိုတာ အဖွဲ့အစည်းဖက်က ဟုတ်တိုင်းမှန်ရာ ထုတ်မပြောချင်မယ့် အကြောင်းရင်းပဲ ဖြစ်ပါလိမ့်မယ်။

အချက်အလက်တွေ၊ မြေပုံတွေ၊ ပဋိပက္ခ ဖြစ်ပွားရာ ပုံဖော်ဂရပ်ဖ် မြေပုံတွေနဲ့ ပတ်သက်လို့ အသစ်အဆန်းတွေ၊ အကျယ်တဝင့် ဖော်ပြချက်တွေ ဘာမှ ပါမလာဘူး။ အစီရင်ခံစာမှာ ပါရှိတဲ့ အချက်အလက် အားလုံးလိုလိုကလည်း တခြား စောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့ ဖော်ပြချက်တွေနဲ့ ယှဉ်လိုက်ရင် အရမ်း နောက်ကျကျန်ခဲ့သလို ဖြစ်နေပြန်တယ်။ အာဏာသိမ်းမှုကို ဆန္ဒပြကြတဲ့ လှုပ်ရှားမှုတွေ အလွန် ကာလတွေနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ဆိုရင်လည်း PDFတွေ ပေါ်ထွန်းလာတာ၊ PDFတွေနဲ့ EAOတွေ ပေါင်းစည်းဖို့ အားထုတ်ကြတာတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပေမယ့် စစ်ကောင်စီ တပ်တွေရဲ့ ကြမ်းတမ်း ရက်စက်တဲ့ ထိုးစစ်ဆင်မှုတွေ၊ လူနေ ကျေးရွာတွေကို မီးတင်ရှို့ပြီး ဖျက်ဆီးတာတွေကျတော့ MIPSက ထည့်သွင်း ဖော်ပြဖို့ မေ့လျော့တဲ့ သေရေးရှင်ရေး အချက်အလက်တွေ ဖြစ်နေပြန်တယ်။ နောက်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်တာ ခံခဲ့ရပါတယ်ဆိုတဲ့ လူစာရင်း အရေအတွက်ကိုပါ အစီရင်ခံစာထဲ ထည့်ထားတာ တွေ့ရပါတယ်။ အဲဒီထဲမှာ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေး ဒလန်တွေနဲ့ စစ်တပ်ကို လိုလားတဲ့ ပါတီဝင်တွေရဲ့ နာမည်တွေ ပါဝင်နေပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ဆီကနေ MIPSက လက်ခံရရှိပါတယ်ဆိုတဲ့ ရုံးတွင်း မှတ်တမ်းတွေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ နိုဝင်ဘာလအတွင်း ပြည်ခိုင်ဖြိုး အဖွဲ့ဝင်နဲ့ ထောက်ခံအားပေးသူ ၇၂၂ ဦး သတ်ဖြတ် ခံရတယ်လို့လည်း ပါရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်။ (မကြာသေးခင်မှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အာဏာသိမ်းမှု ပြီးကတည်းက ပြည်ခိုင်ဖြိုး ပါတီဝင်တွေ သုတ်သင်ရှင်းလင်း ခံရတာ ၁၃၀၀ လောက် ရှိလာပြီလို့ ပြောခဲ့ပါတယ်)

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ဩဂုတ်လအတွင်း တရားမဲ့ သတ်ဖြတ်မှုပေါင်း ၉၃၃ ခု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အာဘော်ကိုလည်း အစီရင်ခံစာထဲမှာ ကိုးကား ထည့်သွင်းထားပြန်တယ်။ ပဋိပက္ခတွေကို ဆန်းစစ်မှု အပိုင်းမှာလည်း မယုံကြည်သင့်တဲ့ အယူစွဲ သုံးသပ်ချက်မျိုးကို တွေ့ရပြန်တယ်။ အာဏာသိမ်းမှု ပြီးကတည်းက လက်နက်မဲ့ ပြည်သူလူထုကို စကစ တပ်တွေနဲ့ လက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့တွေက မညှာမတာ သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ဒလန်တွေ အရှင်းခံရတဲ့ ဖြစ်စဉ်မျိုးနဲ့ သဘောတရား အတူတူပဲ ဆိုတာမျိုး ကပျက်ကချော် တန်းညှိတာမျိုး အားထုတ်ထားပါတယ်။ နောက်ပြီး အများစု လက်ခံ ကိုးကားလေ့ရှိတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPPB)ရဲ့ ခန့်မှန်းမှုတွေထက် အများကြီး ပိုလွန်ကဲနေတာတွေလည်း တွေ့ရပါတယ်။

MIPSက သူတို့ဟာ ခေတ်မီဆန်းသစ်တဲ့ အချက်အလက် စုဆောင်းကောက်ယူမှု နည်းလမ်းတစ်ခုကို အသုံးပြုပါတယ်လို့ အခိုင်အမာဆိုတယ်။ ဒီနည်းလမ်းကို မြို့နယ်အခြေပြု ပဋိပက္ခ စောင့်ကြည့်ရေးစနစ် (TCMS)ဆိုတဲ့ အသုံးအနှုန်းနဲ့ ရည်ညွှန်းထားတယ်။ TCMS ဆိုတာက ခေတ်ရှေ့ပြေးတဲ့ အချက်အလက် ကောက်ယူမှုနဲ့ စုဆောင်းမှု စနစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ တဝန်းက ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ ဖြစ်နိုင်ခြေနဲ့ အလားအလာပေါင်း ၃၀၀ ကျော်ကို မှတ်တမ်း တင်ထားတယ်လို့ ဆိုတယ်။ အဲဒီထဲက ၇၅ ခုသော ဖြစ်နိုင်ခြေ အလားအလာတွေဟာ ပဋိပက္ခ တစ်ခုရဲ့ အရှိန် အတက်အကျတွေကို ညွှန်ပြပေးနိုင်တယ်လို့ ပြောပါတယ်။

ပညာရပ်ဆန်ဆန် စကားလုံး အကြီးကြီးတွေ သုံးထားပေမယ့်လည်း တကယ်တော့ အဲဒီစနစ် ဆိုတာဟာ မသိနားမလည်သူတွေကို လှည့်စားဖို့ အနှစ်မပါ၊ အကာသက်သက် ပုံဖော်ထားတာသာ ဖြစ်ပါတယ်။ MIPSရဲ့ အစီရင်ခံစာမှာ ပါရှိတဲ့ အချက်အလက်၊ ကိန်းဂဏန်းတွေရဲ့ တကယ့် ရင်းမြစ်စစ်စစ်ကို စာပိုဒ်လေး တစ်ပိုဒ်ထဲမှာ မထင်မရှား ဖော်ပြထားတယ်။ ဒီသတင်း အချက်အလက်တွေကို သတင်းမီဒီယာတွေ၊ လူမှုကွန်ရက် မီဒီယာတွေ အပါအဝင် Open Sourceတွေကနေ အဓိက ရယူထားတာလို့ ရေးသားထားပါတယ်။ အဲဒီထဲမှာ စစ်တပ် အာဘော်တချို့ ကျိန်းသေ ရောစွက်နေတယ်။

ဒါဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စောင့်ကြည့် သုံးသပ်သူတွေ ကျော်လွှားသွားတတ်တဲ့ အရှိတရား တစ်ခုလည်း ဖြစ်ပါတယ်။ အကြံပြု ပါရဂူ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေကစလို့ အနောက်နိုင်ငံတွေက ငွေကြေးထောက်ပံ့တဲ့ ရင်းမြစ်တွေ၊ EXERAနဲ့ ACLEDတို့လို လုံခြုံရေးနဲ့ ပဋိပက္ခဆိုင်ရာ သုတေသန လုပ်ငန်းတွေဆီ အချက်အလက်တွေ တင်ပြကြသူတွေထဲမှာ ကြေးစားတွေ အရေအတွက်က တဖြည်းဖြည်း တိုးလာနေပါတယ်။ EXERA၊ ဒါမှမဟုတ် ACLEDတို့ကို ချိတ်ဆက်ဖို့ ပိုလွယ်ကူပေမယ့် သူတို့လည်း မြန်မာဂျာနယ်လစ်တွေကို ကိုးကားရတာ ရှိသလို တစ်ကမ္ဘာလုံးက ပဋိပက္ခဆိုင်ရာ အချက်အလက် ပြုစုမှုတွေတိုင်းမှာ ဘက်လိုက်တာတွေ၊ ချဲ့ကားတာတွေ လုံးဝ ကင်းစင်နေတာတော့ မဟုတ်ပါဘူး။

ဒီအခြေအနေတွေက နိုင်ငံတကာ ရန်ပုံငွေ ထောက်ပံ့သူတွေ အနေနဲ့ မြန်မာ မီဒီယာတွေကို နေရာဒေသ အစုံမှာ ဘာသာစကား အမျိုးမျိုးနဲ့ ပံ့ပိုး ကူညီပေးတာတွေ အရှိန်မြှင့်ဖို့ တပ်လှန့်မှု တစ်ခုလည်း ဖြစ်လာပါတယ်။ Burma News International (BNI)လို မီဒီယာမျိုးတွေဟာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ အရေးကြီးတဲ့ သတင်းတွေကို မှန်မှန်ကန်ကန် ဆက်လက် ဖော်ပြပေးနိုင်ခဲ့ကြတယ်။

သံရုံးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အချက်အလက် ဆန်းစစ်မှုတွေ လိုအပ်လာတဲ့အခါ ပြည်တွင်းက သတင်းဖော်ပြချက်တွေကိုပဲ အဓိက မှီခိုနေကြရပါတယ်။ ပြည်တွင်း မီဒီယာတွေကလည်း တိုက်ပွဲတွေ၊ အသေအပျောက်တွေနဲ့ ပတ်သက်ရင် အရေအတွက်ကို နည်းနည်း ပိုပိုသာသာ ရေးသားတာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။

ဥရောပ သမဂ္ဂက ငွေကြေး ထောက်ပံ့ထားတဲ့ Conflict Analysis and Research (CAR)ရဲ့ အပတ်စဉ် အစီရင်ခံမှုမျိုးကို ဆန်းစစ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်ရင် ဆန်းစစ်လေ့လာနိုင်စွမ်းက အတော်လေး အားနည်းတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာ မြင်သာနေသလို ဒီလောက် အကျိုးသက်ရောက်မှုမျိုးအတွက် ငွေတွေ အများကြီး သုံးထားရတဲ့အပေါ် ဝေဖန်တာတွေလည်း ရှိလာနိုင်ပါတယ်။

MIPSကတော့ စစ်တပ်ဖက်ကို အလေးသာပြီး မေးခွန်းထုတ်စရာ အခြေအနေတွေ ရှိနေတာတောင် ဒီကိစ္စမျိုးကို ချောမွေ့ ဖြစ်မြောက်အောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဟိုးအစပိုင်းကတည်းက စစ်တပ်ဖက်ကို မသိမသာလေး ဘက်လိုက်ခဲ့တဲ့ သူတို့ရဲ့ အချက်အလက် ပြုစုမှုတွေနဲ့ ပတ်သက်လို့တောင် MIPSက မဖြေရှင်းနိုင်သေးပါဘူး။ အာဏာသိမ်းမှုအပြီး မျက်မှောက် ကာလမှာတော့ MIPSရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ရပ်တည်ချက်တွေက ပိုပြီး မြင်သာထင်သာနဲ့ စိုးရိမ်စရာ ဖြစ်လာပါတယ်။

MIPSရဲ့ ပုံစံက ကဏ္ဍရွေးပြီး နည်းနည်း အထာလေးတွေ ရှိပါတယ်။ စစ်တပ်ကို လွန်လွန်ကျွံကျွံ ချီးကျူး မြှောက်စားတာမျိုး မရှိသလို စစ်တပ်ရဲ့ လုပ်ရပ်တွေက တရားမျှတပါတယ်လို့ ကာကွယ် ရပ်တည်တာမျိုးလည်း မလုပ်ဘူး။ သူတို့က သမာသမတ် ကျပါတယ် ဆိုတာမျိုး ရုပ်လုံးပေါ်အောင်လို့ စစ်တပ်ကို အဖြစ် သဘောလောက် လူသိရှင်ကြား ခပ်ပါးပါး ဝေဖန်ပြလိုက်ပါသေးတယ်။ တကယ့် အဆိပ်အတောက် အစစ်ကတော့ စနစ်တကျ စီမံထားသလိုမျိုး အစဉ်တစိုက်ကြီး EAOတွေကို ဝေဖန် ထိုးနှက်နေတာ ဖြစ်ပါတယ်။ EAOတွေက ပြဿနာ ရှာသူတွေ၊ ညှိနှိုင်းဆွေးနွေးမှုကို ပိတ်ပင်သူတွေ၊ ဖျက်လိုဖျက်ဆီး လုပ်သူတွေ ဆိုတာမျိုး MIPSက ပုံဖော်လေ့ ရှိပါတယ်။ ဒါဟာ စစ်တပ်က တာဝန်ယူရမယ့် ကိစ္စတွေကို အကြီးအကျယ် လမ်းကြောင်းလွဲသွားအောင် ကြံဆောင်ခြင်းလည်း ဖြစ်ပါတယ်။

MIPSရဲ့ ဒါရိုက်တာ မင်းဇော်ဦးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ ပုံရိပ်တစ်ခု ဖြစ်လာပါတယ်။ မင်းဇော်ဦးဟာ အမေရိကန်မှာ ပညာသင်ခဲ့တာတွေ၊ အာဖဂန် နစ္စတန်မှာ Human Terrain Systems လမ်းပြမြေပုံနဲ့ ပတ်သက်လို့ အတွေ့အကြုံ ရှိခဲ့တာတွေကို ဗန်းပြပြီး နိုင်ငံတကာ အလှူရှင်တွေကို ဆွဲဆောင်တတ်တယ်။ ပြီးတော့ မြန်မာ့ ငြိမ်းချမ်းရေး ဗဟိုဌာန (MPC)နဲ့ အရင်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု (NCA)ရဲ့ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC)မှာလည်း အလုပ် လုပ်ခဲ့ဖူးတယ်။

မြန်မာ ပြည်သူ အများအပြားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူပါဝင်နေတာနဲ့ ပတ်သက်လို့ သံသယ အမြင်နဲ့ စောင့်ကြည့်လေ့ ရှိကြတယ်။ အောင်နိုင်ဦး၊ တင်မောင်သန်းတို့ အပါအဝင် MPC အဖွဲ့ဝင် တော်တော်များများဟာ အရင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့ နီးစပ်တာကြောင့် စစ်တပ်ဖက်ကို မသိမသာ ယိမ်းကြသူတွေလို့ ရှုမြင် ခံခဲ့ရတယ်။ အတိုချုပ် ပြောရရင်တော့ မင်းဇော်ဦးဟာ သံတမန် အသိုက်အဝန်း သဘောကျအောင် ပါးပါးနပ်နပ် ပြောဆိုတတ်တဲ့ အရည်အချင်းမျိုး ရှိတယ်။ မြန်မာနိုင်ငံမှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ စက်မှုကဏ္ဍက အရှိန်အဝါ ကြီးမားသူတွေ ထွက်ပြေးနေကြရ၊ အဖမ်းအဆီး ခံနေကြရတဲ့ လက်ရှိ အချိန်မျိုးမှာ သူက ရန်ကုန်မှာ အေးအေးဆေးဆေး ရှိနေပါတယ်။ ဒီအချက်ကလည်း သူဟာ စစ်ကောင်စီနဲ့ ဘယ်လို အပေးအယူတွေ လုပ်ထားသလဲ ဆိုတာမျိုး မေးခွန်းထုတ်စရာတွေ ဖြစ်လာစေတယ်။

MIPS အဖွဲ့ဝင်တွေထဲမှာ မသိမသာလေး မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင်ကြီး စစ်ကောင်စီဖက် ယိမ်းသွားတဲ့ မှတ်တမ်းမျိုးကလည်း ရှိနေပြန်တယ်။ အဲဒါကတော့ MIPSရဲ့ ဒုတိယ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် (အမေရိကန်နိုင်ငံသား)ဟာ အာဏာသိမ်းပြီး ချက်ချင်းလိုလိုပဲ စစ်ကောင်စီရဲ့ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ် ခံလိုက်ရခြင်းပါပဲ။ ဖိအားတွေ ကြုံလာတဲ့နောက် MIPSက ဆလိုင်းငွန်ကျုံးလျန်ဟာ အဖွဲ့ကနေ တရားဝင် နုတ်ထွက်ပြီး ဖြစ်ကြောင်း၊ MIPSနဲ့ အဆက်အစပ် မရှိတော့ကြောင်း ကြေညာချက်ထုတ်ပြန် ဖြေရှင်းခဲ့ရဖူးတယ်။

ဆလိုင်းငွန်ကျုံးလျန်ဟာ ဖေဖော်ဝါရီ ၈ ရက်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့အတူ သံတမန်ရေးရာ ရှင်းလင်း ပြောဆိုတာမျိုးတွေ ရှိခဲ့တယ်။ စစ်ကောင်စီရဲ့ အာဘော် အစိုးရ မီဒီယာတွေက ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်ဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ တာဝန်ယူ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်း တင်ပြခဲ့ကြောင်း ဖော်ပြသွားပါတယ်။

MIPS မဖွဲ့ခင်တုန်းက ဆလိုင်းငွန်ကျုံးလျန်ဟာ MPCရဲ့ ဥပဒေရေးရာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တယ်။ အဲဒီကတည်းက သူဟာ စစ်တပ်ကို ကာကွယ်ပေးချင်တဲ့ စိတ်ခံစားချက်တွေကို သိပ်ပြီး မဖုံးကွယ်နိုင်ခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်မှာ ကနေဒါ သတင်းဌာန တစ်ခုနဲ့ တွေ့ဆုံတဲ့အခါ ဆလိုင်းငွန်ကျုံးလျန်က ကချင်ပြည်နယ်မှာ မြန်မာစစ်တပ် အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်တာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ တကယ်တော့ အမေရိကန် အစိုးရ၊ ကနေဒါ အစိုးရနဲ့ ကုလသမဂ္ဂတို့ အပါအဝင် လူတိုင်းလူတိုင်းဟာ သတင်းအချက်အလက် အမှားတွေ ရရှိသွားတာသာ ဖြစ်တယ်လို့ သူက ပြောခဲ့ဖူးတယ်။

MIPSကို အဓိက ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်း တစ်ခုကတော့ ကနေဒါ နိုင်ငံတကာ ဖွံ့ဖြိုးရေး သုတေသန ဗဟိုဌာန (IDRC)ပဲ ဖြစ်ပါတယ်။ MIPSရဲ့ အစီရင်ခံစာ မျက်နှာဖုံး စာမျက်နှာမှာ IDRCရဲ့ အမှတ်တံဆိပ်ကိုပါ ဖော်ပြထားပါတယ်။ တကယ်တော့ IDRCဟာ မြန်မာနိုင်ငံမှာ အလားအလာနဲ့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ စီမံကိန်း တချို့ကို ထောက်ပံ့ လှူဒါန်းပေးနေခဲ့တာပါ။ ၂၀၁၉ တုန်းက IDRCရဲ့ ရန်ပုံငွေ ခွဲဝေမှု အစီရင်ခံစာမှာ IDRCဟာ MIPS အနေနဲ့ မြန်မာ စစ်တပ်နဲ့ ပုံမှန် ထိတွေ့ ဆက်ဆံမှုတွေ ရှိနေတဲ့အပေါ် ရှင်းလင်းထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီတုန်းက IDRCဟာ အချက်အလက် အမှားတစ်ခုကို ဖော်ပြခဲ့ပါတယ်။ ဒါကတော့ MIPSရဲ့ ဒါရိုက်တာ ဖြစ်သူဟာ ဒေါ်အောင်ဆန်းစုကြည် ထူထောင်ခဲ့တဲ့ MPCကိုလည်း ဦးဆောင်ခဲ့ဖူးတယ်လို့ ဆိုထားခြင်း ဖြစ်ပါတယ်။ မင်းဇော်ဦးဟာ MPCရဲ့ ခေါင်းဆောင်ပိုင်းတွေထဲက တစ်ဦး ဖြစ်ခဲ့တာ မှန်ပေမယ့် MPCကို ဦးသိန်းစိန် လက်ထက်မှာ ဖွဲ့စည်းခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ပေးခဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ MPCကို သံသယကြီးကြီးနဲ့ လေ့လာ ဆန်းစစ်ခဲ့ဟန်ရှိပြီး နောက်ပိုင်းမှာတော့ MPCကနေ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)အဖြစ် ပြောင်းလဲ ဖွဲ့စည်းစေခဲ့ပါတယ်။

ကနေဒါဟာ သူတို့ရဲ့ နိုင်ငံတကာ ကျား/မ တန်းတူ ညီမျှမှု ထောက်ပံ့ရေး ဝါဒကို အားပေး ဖော်ဆောင်နေပေမယ့် သူတို့ရဲ့ IDRCလို ရန်ပုံငွေ အသင်းကြီး တစ်ခုဟာ မြန်မာ စစ်တပ်ကို လိုလား ဘက်လိုက်ကြောင်း သက်သေတွေ ခိုင်မာထင်ရှားနေတဲ့ အချက်အလက် စုဆောင်းရေး အဖွဲ့တစ်ခုရဲ့ အဓိက အလှူရှင် ဖြစ်နေတာ ဆိုတာကတော့ အဆီအငေါ် မတည့်သလို ဖြစ်နေပါတယ်။ မြန်မာစစ်တပ် ဆိုတာက ပဋိပက္ခ နယ်မြေတွေမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်တာတွေ၊ မုဒိမ်းကျင့်တာတွေအပြင် တခြားသော ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ရင် စက်ဆုပ်စရာ၊ ထိတ်လန့်စရာ မှတ်တမ်းမျိုးတွေ ရှိနေတာ အားလုံး အသိပါ။ ဒီကိစ္စဟာ IDRCရဲ့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးရေး ထောက်ပံ့မှု လုပ်ငန်းစဉ်တွေမှာ အစွန်းအထင်း ဖြစ်လာစေပါတယ်။

သူတို့ ကြွေးကြော်ထားတဲ့ မူဝါဒ အဆိုပြုချက်မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုမို တိုးချဲ့နိုင်အောင် ထောက်ပံ့ပေးမယ် ဆိုတာမျိုး ပါဝင်ပါတယ်။ လက်တွေ့မှာတော့ ဒီကိစ္စဟာ အကြီးအကျယ် ကျရှုံးမှု တစ်ခုလို့ ဆိုနိုင်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း MIPSနဲ့ MPCတို့လို အဖွဲ့အစည်းတွေရဲ့ ရာထူးကြီးတွေမှာ အမျိုးသားတွေသာ ကြီးစိုးထားပြီး အမျိုးသမီးတွေ နေရာရမှုက မရှိသလောက် ရှားပါးခဲ့တာ အထင်အရှား တွေ့နိုင်ပါတယ်။

MIPSကို ထောက်ပံ့ပေးနေတဲ့ တခြား နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့လည်း သူတို့ရဲ့ အတိတ်က ငွေကြေး ပံ့ပိုးမှုတွေ၊ အနာဂတ်မှာ ထောက်ပံ့မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ပြန်လည် ဆန်းစစ် မေးခွန်း ထုတ်သင့်နေပါပြီ။ ငြိမ်းချမ်းရေး တိုးတက် ဖြစ်ထွန်းမှုတွေ နှောင့်နှေး ပျက်စီးအောင် တက်တက်ကြွကြွ အားထုတ် လုပ်ဆောင်ရာမှာ၊ အာဏာသိမ်းမှု မတိုင်ခင်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးကွယ်တဲ့ နေရာမှာ သူတို့ကိုယ်တိုင် ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင် ထောက်ပံ့မိထားသလဲ ဆိုတာကို စုံစမ်းကြည့်သင့်နေပါပြီ။

ဒီနေရာမှာ MIPSရဲ့ နှစ်ပတ်လည် အစီရင်ခံစာကနေ ရခဲ့တဲ့ သတင်းအချက်အလက် အထောက်အပံ့တစ်ခု ရှိပါတယ်။ သူတို့ကို ကူညီ လှူဒါန်းနေတဲ့ အဖွဲ့အစည်းတွေထဲမှာ ကမ္ဘာ့ဘဏ်၊ အာရှ ဖောင်ဒေးရှင်း၊ ဩစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဆွီဒင်က အပ်ဆာလာ တက္ကသိုလ်၊ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့က ငြိမ်းချမ်းရေး သုတေသန အင်စတီကျုတို့ရဲ့ နာမည်တွေကို MIPSက အတည်ပြု ဖော်ပြထားတာကြောင့်ပါ။

MIPSကို ထောက်ပံ့အားပေးနေတယ် ဆိုတာက မရိုးမသား အကြံအစည် တစ်ခုကို ဆက်ပြီး တွန်းအားပေးနေချိန်မှာ နိုင်ငံတကာက စိတ်ကျေနပ်မှု အထိုက်အလျောက် ရရှိအောင် ကူညီပေးနေသလိုပါပဲ။ ငွေကြေး ထောက်ပံ့ လှူဒါန်းနေတဲ့ အဖွဲ့အစည်းတွေကလည်း ဒီလို လိမ်ညာ လှည့်ဖျားမှုမျိုးတွေ ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်းနဲ့ ဘူးပေါ်သလို ပေါ်မလာခင် ဝိုးတဝါးလေး ဖြစ်နေသ၍ စိတ်ခုမယ့်ပုံ မပေါ်ပါဘူး။ ဒါပေမဲ့လည်း MIPSရဲ့ ညံ့ဖျင်း ဆိုးရွားတဲ့ အစီရင်ခံမှုတွေ၊ စစ်တပ်ကို ဘက်လိုက် ရပ်တည်မှုတွေဟာ အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ အချိန်ကြာကြာ ခြေကုပ်မြဲမြဲ ဆက်ရပ်တည်ဖို့ သိပ်မဖြစ်နိုင်တော့ပါဘူး။ လက်ရှိကာလမှာ ဝေ့လည်ကြောင်ပတ် လုပ်နေတာတွေနဲ့ ယှဉ်လိုက်ရင် အချက်အလက်ပိုင်းကို အားလုံးက ဦးစားပေးလာပြီ ဖြစ်တာကြောင့်ပါပဲ။

(Asia Timesတွင် David Scott Mathieson ရေးသားထားသည့် Fog of stats enshrouds Myanmar’s war ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ရန်ကုန်မြို့အတွင်း သန်းခေါင်စာရင်း‌ ကောက်ယူရာတွင် ခြိမ်းခြောက်ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ​အောက်တိုဘာ ၂ ရက်ညနေပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Trending

Facebook