Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာဟောလိုးဝင်း

ဟောလိုးဝင်းဒေးမရောက်ခင် နှစ်ပတ်လောက်အလို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ ဘုတလင်မြို့နယ်က စီပါရွာမှာ ဖြစ်သွားခဲ့တဲ့ မြင်ကွင်းတစ်ခုကတော့ ကမ္ဘာပေါ်က ဘယ်ဟောလိုးဝင်းမြင်ကွင်းမှ မီနိုင်မယ်မထင်ပါဘူး။

အညာဟောလိုးဝင်း
အညာဟောလိုးဝင်း

Scorpio/People’s Spring

အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်း(Halloween)နေ့မှာ နိုင်ငံတကာမှာတော့ တစ္ဆေသရဲပုံစံတွေ ဝတ်ဆင်ပြီး လည်ကြပတ်ကြ ​ပျော်ပွဲရွှင်ပွဲဆင်နွှဲကြတယ်။ စကြနောက်ကြတယ်။ Halloween Day မရောက်ခင်မှာကို ကြောက်စရာလန့်စရာ အသွင်အပြင်တွေနဲ့ မြို့ကြီးတွေမှာ ဒီဇိုင်းဆင်ပြီး ဟောလိုးဝင်းပွဲတော်အတွက် ပြင်ဆင်နေကြပါပြီ။ အပြန်အလှန် ခြောက်ကြလှန့်ကြနဲ့ ပျော်ကြရွှင်ကြပါပြီ။ မြန်မာနိုင်ငံက အညာဒေသရဲ့ဟောလိုးဝင်းကကော ဘယ်လိုများ ရှိနေပါသလဲ။

ဟောလိုးဝင်းဒေးမရောက်ခင် နှစ်ပတ်လောက်အလို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ ဘုတလင်မြို့နယ်က စီပါရွာမှာ ဖြစ်သွားခဲ့တဲ့ မြင်ကွင်းတစ်ခုကတော့ ကမ္ဘာပေါ်က ဘယ်ဟောလိုးဝင်းမြင်ကွင်းမှ မီနိုင်မယ်မထင်ပါဘူး။

အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ခေါင်းတွေ၊လက်တွေ၊ ခြေထောက်တွေ ခုတ်ထစ်၊ တခုချင်းစီဖြတ်တောက်ပြီး ခြံစည်းရိုးပေါ်မှာ ကျကျနနစီစီရီရီတင်ပေးသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

စီပါရွာထဲဝင်ပြီး အဲဒီမြင်ကွင်းကို ​မြင်ခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဆို ထိတ်လန့်တာရယ်၊ စိတ်ထိခိုက်တာတွေရယ်ကြောင့် မူးလဲမတက် ဖြစ်သွားခဲ့ရတယ်။ အဲဒီရွာကနေ ပြန်လာပြီး ရက်အတန်ကြာတဲ့အထိ စိတ်ပိုင်းဆိုင်ရာထိခိုက်သွားလို့ ဆေးကုသမှုခံယူနေရတယ်လို့ ဘုတလင်မြို့နယ်သပိတ်အင်အားစုက ကိုရှင်းသန့်က ပြောပြတယ်။

သားဖြစ်သူဦး​ခေါင်း အဖြတ်ခံရပြီး စစ်တပ်က ခြံစည်ရိုးမှာချိတ်ဆွဲခဲ့တဲ့​နေရာကို ကြည်ရှု​နေတဲ့ စီပါရွာကမိခင် ။ဓါတ်ပုံ-CJ
သားဖြစ်သူဦး​ခေါင်း အဖြတ်ခံရပြီး စစ်တပ်က ခြံစည်ရိုးမှာချိတ်ဆွဲခဲ့တဲ့​နေရာကို ကြည်ရှု​နေတဲ့ စီပါရွာကမိခင် ။ဓါတ်ပုံ-CJ

“လူက ကြောက်တာလဲ မဟုတ်ဘဲ ထုံပေပေကြီး ဖြစ်နေတာ။ အရင်တခါတုန်းကလည်း ရဲဘော် ၂ ယောက် မီးကျွမ်းပြီးသား အလောင်းကို ထိုင်ကြည့်နေရတုန်းကလည်း အဲ့လိုပဲ ထုံနေတာ။”လို့ ကိုရှင်းသန့်က ပြောပြတယ်။

ကိုရှင်းသန့်လိုပဲ အညာဟောလိုးဝင်းရဲ့မြင်ကွင်းတွေကို မေ့မရတဲ့ ပုလဲမြို့နယ်က လူငယ်တစ်ယောက်လည်း ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်က ယင်းမာပင် ၊ နံ့သာကုန်းရွာ မှာ ခေါင်းဖြတ်သတ်ခဲ့တာတွေ။ ပုလဲ၊ ညောင်ကုန်းရွာမှာ ခေါင်းဖြတ် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက် ရွာလယ် လမ်းမမှာ ပြသခဲ့တာတွေ။ ပြီးတော့ ပုလဲ၊ အနောက်မင်းမရွာမှာ သစ်ပင်မှာ ခြေထောက်ကို ကြိုးချည်၊ တွဲလောင်းချ ဖန်ကွဲစနဲ့ အရေခွံဆုတ် သတ်ပစ်ခဲ့တာတွေက နိုင်ငံတကာက ဟောလိုးဝင်း အတွက် ပြင်ဆင်ထားတာတွေထက် အဆပေါင်းများစွာ ကြောက်စရာကောင်းတယ်လို့ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ကိုတိုးဝေအောင်က ပြောပြတယ်။

ရွာတွေမှာတင် ကြောက်စရာလန့်စရာဖြစ်နေတာ မဟုတ်ပါဘူး။ အညာက မြို့ကြီးတွေဟာလည်း ဟောလိုးဝင်းအခင်းအကျင်းမျိုး ကြောက်မက်ဖွယ်ရာတွေ အပြည့်ပါပဲ။

ဘုတလင်မြို့နဲ့ မိုင် ၄၇၀ ​ကျော်​ ၊မုံရွာမြို့နဲ့ မိုင် ၄၅၀ ​ကျော်ဝေးတဲ့ ရန်ကုန်မြို့မှာ​တောင် ​ရေ​ပေါ်ဆီ​တွေ ​ပျော်​မွှေ့ကြတဲ့ Transporter ဘား ၊ THOR ၊ Pioneer ၊ Domino ၊ Marz ၊ The Myst စတဲ့ ဘား​တွေ ၊ကလပ်​တွေမှာလည်း ​ဟောလိုးဝင်း ပါတီပွဲ​တွေ အပြိုင် ဆင်နွှဲဖို့ အပြိုင် ​​ကြော်ညာ​နေကြပါတယ် ။

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမှာတော့ ညနေ ၆ နာရီခွဲတာနဲ့ အပြင်မထွက်တော့ဘူးလို့ အသက် ၂၅ နှစ်အရွယ် ကိုမင်း(အမည်လွှဲ)က ပြောပြတယ်။

ညနေ ၆ နာရီခွဲ ၇ နာရီဆိုတာနဲ့ မုံရွာက ပြည်သူတွေဟာ အိမ်တံခါး၊ ဝင်းတံခါးတွေကိုပိတ် မီးမှိတ်ကာ အိပ်ကြရပါပြီ။ လမ်းပေါ်မှာရှိတဲ့ စစ်မိစ္ဆာ၊ စစ်ဘီလူးတွေရဲ့ရန်ကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိပ်တန်းစောစောတက်ကြရတာပါ။

“မှောင်ပြီဆိုတာနဲ့ မီးပိတ်အိပ်၊ ကိုယ့်အိမ်ထဲကိုနေ။ အဲ ယောင်မှားပြီး အပြင်ကလေး နည်းနည်းမှထွက်လိုက်တာနဲ့ အဲကောင်အကုတ်ခံရမယ်မှတ်။”လို့ ကိုမင်းက ပြောပြတယ်။

ပြည်သူတွေရဲ့အသက်တွေနဲ့ ခင်းကျင်းထားတဲ့ မြန်မာပြည်က ဟောလိုးဝင်းမြင်ကွင်းတွေက အညာတခုတည်းတင်တော့ မဟုတ်ခဲ့ပါဘူး။

နိုင်ငံတဝန်းက ပြည်သူတွေလည်း အသက်တွေပေးခဲ့ကြရတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာသိမ်းချိန်မှ ၂၀၂၄ အောက်တိုဘာ ၁ရက်အထိ စစ်တပ်ကနိုင်ငံတဝန်း ၅ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့အကြိမ်​ပေါင်း ၃၀၂ ကြိမ်ဖြစ်ခဲ့ပါတယ် ။ ဒီစစ်ရာဇဝတ်မှူ​တွေမှာ သေဆုံးခဲ့ရသူပေါင်း ၃၃၄၀ဦးရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်း​တွေအရ သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေ ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ထဲမှာ အသက် ၆၀နှစ်အထက် ၁၅၅ဦးပါခဲ့သလို ၊အသက် ၁၈နှစ်အောက် ၂၇၆ဦး သေဆုံးခဲ့ရပါတယ် ။

စစ်တပ် မီးရှို့ခဲ့တဲ့ စီပါရွာက မီး​လောင်ပြင် ။ဓါတ်ပုံ-CJ
စစ်တပ် မီးရှို့ခဲ့တဲ့ စီပါရွာက မီး​လောင်ပြင် ။ဓါတ်ပုံ-CJ

ဒါအပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း နိုင်ငံတစ်ဝန်းမှာ အနည်းဆုံး အရပ်သားတစ်ထောင်ကျော် (၁,၀၄၄) သေဆုံးခဲ့ပြီး တစ်ထောင့်သုံးရာကျော် (၁,၃၈၃ ဦး) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးမှုတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လို့ သေဆုံးတာနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တာလို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူ ၃၆၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ နှစ်ရာကျော်၊ စစ်ကိုင်းတိုင်းမှာ ၁၈၀ ကျော်၊ မကွေးတိုင်းမှာ သုံးဆယ်ကျော် အသီးသီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအရပ်သားတွေရဲ့ သေဆုံးမှုမြင်ကွင်းတွေဟာ ဟောလိုးဝင်းဒေး အခင်းအကျင်းတွေထက် ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းပါတယ်။

“အညာရဲ့ တကယ့်‌Hollowen က အကြိမ်ကြိမ်ဖြစ်နေတော့ ဘယ်လိုကြောက်ရမယ်တောင် မသိတော့တဲ့ အခြေအနေပါပဲ။”လို့ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ကိုတိုးဝေအောင်က ပြောတယ်။

မုံရွာက ကိုမင်းကတော့ အခုလိုပဲ ရင်ဖွင့်တယ်။ “မုံရွာမှာတော့ နေ့တိုင်းဟာ ဟောလိုးဝင်းဒေးပဲ”တဲ့။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၃၁ရက်က ကူတော်ရဲကင်းစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကြောင်းကြောင့် ဘုတလင်မြို့နယ် အတွင်း မုံရွာ-ဘုတလင် လမ်းတ​လျှောက်ရှိ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း

အိမ်သွင်/People’s Spring စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အင်းတိုင်ကျေးရွာကို ယ‌နေ့(ဒီဇင်ဘာ ၁၉ရက်) ညနေ ၆နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မုံရွာမြို့၏မြောက်ဘက် မိုင်(၂ဝ)ခန့်ကွာဝေးသော ဘုတလင်မြို့နယ် အင်တိုင်းကျေးရွာနှင့် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခြင်းဟု အဆိုပါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ နေအိမ်အချို့...

Facebook