အိမ်သွင်၊ထားမြတ် /People’s Spring
တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ လေးမြို့နယ်ကို အပြီးသတ် သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော အာရက္ခတပ်တော်(AA) ၏ထိုးစစ်က ပြည်တွင်းပြည်ပမှစောင့်ကြည့်သူများကိုအံအားသင့်စေခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ရက်နေ့က ၁နှစ် ပြည့်ခဲ့သည်။ ရှမ်းမြောက်စစ်ဆင်ရေးနှင့် နှစ်ပါတ်ကျော် အကွာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်တွင် အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးဖြင့် မြို့သိမ်းတိုက်ပွဲများစတင်ခဲ့သည်။
၂၀၂၃ ခုနှစ် ယနေ့လိုနံနက်က ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နှင့်ချိန်ခါလီ နယ်ခြားစောင့်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး AA ရခိုင် စစ်မျက်နှာသစ်ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် နိုဝင်ဘာ ၁၃ သည် AA၏ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ် ပြည့်မြောက်ပြီဖြစ်သည်။
စစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ်၏သုံးပုံ နှစ်ထက်မနည်းကို သိမ်းယူထားကာကျောက်တော်၊ တောင်ပြိုလက်ဝဲ၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တော၊ စနဲ၊ရမ်းဗြဲ၊ သံတွဲ၊မအီ၊ ကမ်းထောင့်ကြီး၊မြေပုံ၊မင်းပြား၊ မြောက်ဦးမြို့နှင့် ချင်းပြည်နယ်မှပလက်ဝမြို့နယ်ကို ပါတိုက်ခိုက်သိမ်းပိုက်ထားသည်။
“တစ်နှစ်အတွင်းမှာ ULA/AA ဘက်က စစ်ရေးအောင်မြင်မှု အများကြီးရခဲ့တယ်ပေါ့နော်။ မြို့နယ် ၁၁ မြို့နယ် သိမ်းထားတယ်။ ကျန်မြို့နယ် လေးမြို့နယ်လောက်ကို အပြင်းအထန်ထိုးစစ်ဆင်နေတယ်။ ကျန်တဲ့မြို့နယ်တွေကို ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ ပြီးတော့ သူတို့ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာရော ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ နယ်မြေတွေမှာရော သူတို့ ULA ရဲ့ အုပ်ချုပ်ရေးယန္တရားကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်တယ်။ ဒါကြောင့် တစ်နှစ်အတွင်းမှာအာရက္ခတပ်တော်ရဲ့ အောင်မြင်မှုက တော်တော့်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျနော်တို့ ဩချရလောက်အောင် အထိမြန်ဆန်တယ်”ဟုမြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းကလည်းသုံးသပ်သည်။
ခြေသံလုံလုံနဲ့ စစ်ရေးစွမ်းရည်ပြသနိုင်ခဲ့သည့် AAသည် လူထုနှင့် တော်လှန်ရေးအင်အားစုများကြားတွင် လေးစားမှုရရှိခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ရလဒ်သိသာထင်ရှားသည့် စစ်ရေးဖော်ဆောင်မှုများ၊ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့အပါအဝင် ဒေသအနှံ့ကမြို့သိမ်းတိုက်ပွဲများတွင်လည်း နွေဦးတော်လှန်ရေးတွင် ပေါက်ဖွားလာသော နွေဦးတော်လှန်ရေးတပ်ဖွဲ့များ နှင့်အတူ မဟာမိတ်အဖြစ်ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့သည်။ ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်အတူ အတွဲညီညီပါဝင်တိုက်ခိုက်သေးသည်။ထိုကြောင့် ဒေသအသီးသီးမှပြည်သူများ၏ ချစ်ခင်လေးစားမှုကိုပါရရှိခဲ့သည်။
“AAရဲဘော်တွေက တကယ့်ကို သူရဲကောင်းတွေလို သတ္တိရှိရှိတိုက်ရဲခိုက်ရဲတွေ။ အပင်ပန်းလည်းခံနိုင်တယ်။ ကျမတို့ဒေသက ကာကွယ်ရေးအဖွဲ့တွေပေါ်မှာလည်း အစားအသောက်ကအစအနစ်နာခံတယ်။ တခါကဆို ရှေ့တန်းကိုပို့တဲ့ထမင်းထုပ်တွေ သိုးနေပြီး အဲဒါတွေကိုအပြုံးမပျက်ဘဲစားခဲ့ကြတယ်”ဟု စစ်ကိုင်းတိုင်းရှိမြို့သိမ်းတိုက်ပွဲတစ်ခုတွင် ရှေ့တန်းရောက်ရဲဘော်များ ထောက်ပို့ပြုလုပ်ပေးခဲ့သည့် အညာသူကြီးတစ်ဦးကပြောသည်။
AAသည် မြို့သိမ်းတိုက်ပွဲများ ၏ဆက်တိုက်ဖော်ဆောင်နိုင်ခဲ့သော်လည်း တစ်မြို့မှလွယ်လွယ်ကူကူမရခဲ့ပေ။ မြို့တိုင်းတွင် ချွေး၊သွေးနှင့်ရင်းခဲ့ရသည်။AAတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုသည် စစ်ကောင်စီ၏ ကြည်း၊ရေ၊လေစစ်ကြောင်းများအသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံခဲ့ကြရသည်။
စစ်ကောင်စီကမူ ရှုံးမဲမဲကာ အရပ်သားပြည်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများကို ရခိုင်စစ် မြေပြင်၌ မကြာခဏကျူးလွန်ခဲ့သည်။သံတွဲ၊ ပေါက်၊တောင်ကုတ်၊ အမ်း၊ ကျောက်တော်မြို့နယ်တို့တွင် စစ်ကောင်စီ၏လေကြောင်းမှတိုက်ခိုက်မှုများကြောင့် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးမှုများ ကြုံတွေ့ခဲ့ရသည်။အဆိုးရွားဆုံးဖြစ်ရပ်မှာစစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာတွင် ပြီးခဲ့သည့် မေလကဖြစ်ခဲ့သည်။
AAနှင့် ပတ်သက်သည့်ရွာဟုဆိုကာ ဗျိုင်းဖြူရွာကိုစီးနင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် အရပ်သား၁၀၀ကျော်ကို ဖမ်းဆီးခဲ့ပြီး ၇၆ဦးကိုသတ်ဖြတ်ခဲ့သည်။
ယင်းလုပ်ရပ်အတွက်တာဝန်ခံရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အာရက္ခတပ်တော်(AA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကောင်စီသည် ဗျိုင်းဖြူတရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အမျိုးသားများအား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခြင်းတို့ကိုလည်းကျူးလွန်ခဲ့သည်ဟု NUG ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ၁နှစ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုများကြောင့် သေဆုံးသူအရပ်သား ၅၀၀ခန့်ရှိခဲ့သည်ဟု ရခိုင်အရပ်ဖက်အရေဆောင်ရွက်သူအချို့ကပြောသည်။
မြို့သိမ်းတိုက်ပွဲများအတွင်းအခက်အခဲဆုံးမြို့တမြို့အကြောင်းကိုလည်း AAက ထုတ်ပြန်အသ်ိပေးခဲ့ဖူးသည်။ ကမ္ဘာကျော် ငပလီကမ်းခြေရှိသည့် သံတွဲမြို့သိမ်းတိုက်ပွဲဖြစ်သည်။
စစ်ကောင်စီက ကြည်းရေလေစစ်ဆင်ရေးသုံး၍ နေခုခံတိုက်ခိုက်ခဲ့သည် သံတွဲမြို့သိမ်းတိုက်ပွဲသည် အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း အခက်ခဲဆုံးဟု AA က ပြီးခဲ့သည့်ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။ ရေတပ်အထိုင်ချထားပြီး တပ်ရင်းတပ်ဖွဲ့များအပြား တပ်စွဲထားသည့် သံတွဲမြို့ကို ဧပြီလတွင်စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလဆန်းတွင်မှ သိမ်းယူနိုင်ခဲ့သည်။ ထိုမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ရာချီသေဆုံးခဲ့ပြီး အများအပြားဖမ်းဆီးခံရသလို AAတပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုများခဲ့သည်။ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများအတွင်း သံတွဲဒေသခံလူဦးရေ တစ်ရာကျော်သေဆုံးခဲ့သည်ဟု ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနများကရေးသားဖော်ပြကြသည်။
လက်ရှိအချိန်တွင် AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်၊ ဧရာဝတီတိုင်းနှင့်နယ်စပ်မြို့ဖြစ်သည့် ဂွနှင့် ကျိန္တလီမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နောက်ဆုံးကျန်ရှိနေသည့် မောင်တောမြို့နယ်တို့ကို သိမ်းယူနိုင်ရေး တိုက်ပွဲဝင်နေသည်။ တရုတ်စီမံကိန်းအများအပြားရှိသည့်ကျောက်ဖြူမြို့နယ်အနီးတွင် ပြီးခဲ့သည့်သြဂုတ်လက တိုက်ပွဲအချို့ရှိခဲ့သော်လည်း လက်ရှိတွင်အခြေအနေငြိမ်သက်နေသည့်။ ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည့်စစ်တွေမြို့ကို စစ်ကောင်စီကပိတ်ဆို့ထားပြီး ဒေသခံများကို လူသားတံတိုင်းအနေဖြင့် အကာအကွယ်ယူထားသည်။
စစ်တွေနှင့် ကျောက်ဖြူမြို့ကို AAက ဝိုင်းပတ်ပိတ်ဆို့ထားပြီး လောလောဆယ် AA ၏လက်နက်ကိုင် လှုပ်ရှားမှု မတွေ့ရသေးသည်မှာ မာန်အောင်ကျွန်းသာ ရှိသည်ဟု ရခိုင်ပြည်နယ်စစ်ရေးအခြေအနေနှင့် တိုင်းရင်းသားအရေးကျွမ်းကျင်သူတဦးက သုံးသပ်ထားသည်။
တိုက်ပွဲကာလရှည်ကြာနေသည့် မောင်တောမြို့နယ်မှ တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ အာရကန်ရိုဟင်ဂျာ တပ်မတော် (ARA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO) စသည့်အဖွဲ့များက အရပ်သားများအား ဓားစာခံပြု၍ စစ်တပ်အား ကာကွယ်ခုခံနေကြသည်ဟု ရခိုင်စစ်ရေးကျွမ်းကျင်သူအချို့ကပြောသည်။
ထို့အပြင် နိုင်ငံတကာက အာရုံစိုက်နေသည့် ရိုဟင်ဂျာအရေးကြောင့် AAက မြို့သိမ်းတိုက်ပွဲကိုသတိထားကိုင်တွယ်နေရသည်ဟု ဆိုသည်။ AAကလည်း မောင်တော မြို့မှတိုက်ပွဲများ၌ အစွန်းရောက်လက်နက်ကိုင်အဖွဲ့များပါဝင်ပတ်သက်နေခြင်းသည် ရခိုင်ပြည်နယ်လုံခြုံရေးသာမက အိမ်နီးချင်းနိုင်ငံများ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်သည်ဟု သတိပေးထားသည်။
စစ်ကောင်စီက ဒေသခံမွတ်ဆလင်အများအပြားကို စစ်သင်တန်းပေးကာ ခုခံနေခြင်း၊ အစွန်းရောက်အကြမ်းဖက်အုပ်စုများနှင့်ပူးပေါင်း၍ ခုခံနေခြင်းကြောင့်ဟု တိုင်းရင်းသားအရည်ကျွမ်းကျင်သူများက ဆိုသည်။ မောင်တောမြို့ပြင်တွင် နယ်ခြားစောင့်စခန်း(နခခ-၅)တခုသာ ကျန်ရှိတော့ပြီး မြို့သိမ်းတိုက်ပွဲဆက်လက်ဆင်နွှဲနေသည်ဟု AAက ပြီးခဲ့သည့်အောက်တိုဘာလအတွင်း သတင်းထုတ်ပြန်ထားသည်။
လက်ရှိ AAက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သည် စစ်ကောင်စီအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးလျှင် ဒုတိယမြောက် ကျဆုံးမည့် စစ်တိုင်းအဖြစ် စာရင်းဝင်တော့မည်ဟု တိုင်းရင်းသားအရေးကျွမ်းကျင်သူတစ်ဦးက ဧရာဝတီသတင်းဌာနတွင် သုံးသပ်ရေးသားထားသည်။ နပခကို AAက မကြာမီသိမ်းယူပြီး အောင်လံလွှင့်လိမ့်မည်ဟု စစ်ရေးအကဲခတ်များကသုံးသပ်ထားသည်။
“တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်။ အဲဒါတော့ မြင်နေရပါတယ်။ လက်ရှိ တိုက်နေတဲ့ မောင်တော့ နခခ(၅)ရယ် အမ်းရယ် တောင်ကုတ်ရယ် ဂွရယ်ပေါ့ ဒါက အနှေးနဲ့အမြန် လပိုင်းလောက်အတွင်း အဖြေပေါ်သွားနိုင်တယ်”ဟု ဦးဖေသန်းကလည်းသုံးသပ်သည်။
မြေပုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သော ဦးဖေသန်းက အာရက္ခတပ်တော်၏ နိုင်ငံရေးရည်မှန်းချက်နှင့်ပတ်သက်၍ သူ၏ အမြင်ကိုယခုကဲ့သို့သုံးသပ်သည်။
“ရှေရှည်မှာတော့ အာရက္ခတပ်တော်က ခွဲမထွက်ဘူးလို့ ပြောထားတယ်။ ကွန်ဖက်ဒရေရှင်းကို လိုချင်တယ်လို့ ပြောတယ်။ အဲဒီ ခေါင်းစဉ်ပေါ် ဆွေးနွေးဖို့လိုတာပေါ့။ ကွန်ဖက်ဒရေးရှင်းဆို ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရမလဲ၊ ကိုယ့်ဒေသကိုယ် အုပ်ချုပ်ပိုင်ခွင့်၊ စီမံဖန်တီးပိုင်ခွင့် အဲဒါကို သူတို့ဘက်က ၀ ပုံစံမျိုးလိုချင်တယ်ဆိုတော့ တော်တော့ကို မြင့်တဲ့ ဖက်ဒရေးရှင်းပေါ့။ သူတို့ဘက်က စစ်ရေးရည်မှန်းချက်တွေပြည့်၀လာရင်တော့ အခုနေမှာ ရက္ခိုင်တပြည်လုံး သူတို့လက်ထဲ ကျရောက်ပြီဆိုရင်တော့ အဲဒီဘက်မှာ ဆွေးနွေးအား ပိုကောင်းတာပေါ့။ အခုအချိန်မှာတော့ လက်ရှိ စစ်တပ်က လက်နက်ချ အညံ့ခံဖို့ပဲ ပြောနေတယ် ပါတီလမ်းကြောင်းကို သွားဖို့ပဲ ပြောနေတယ်ဆိုတော့ ဘယ်လိုမှ in lineမဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ တချိန်ချိန်မှာ အာရက္ခတပ်တော်က လုံး၀ ရက္ခိုင်တပြည်လုံးကို ချုပ်ကိုင်ထားနိုင်ပြီဆိုရင်တော့ ဆွေးနွေးပွဲဖြစ်လာပြီ ဆိုရင်တော့ သူတို့ရဲ့ လိုချင်တဲ့ ရည်မှန်းချက် သူတို့ရဲ့ လိုချင်တဲ့ ရပိုင်ခွင့်တွေကို ဆွေးနွေးရမှာပေါ့။ အဲဒီအချိန်မှာ အလျှော့အတင်းဆိုတာ ရှိလာပြီးတော့ နိုင်ငံဟာ ဖက်ဒရယ်နိုင်ငံဖြစ်မယ်ဆိုရင်တော့ အကုန်လုံးပေါ့နော် ရက္ခိုင်တစ်ခုတည်းမဟုတ်ပါဘူး တိုင်းရင်းသားအားလုံး ဗမာ အပါအဝင်ပေါ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရင်တော့ ပိုပြီးကောင်းတာပေါ့ဗျာ။မဟုတ်ရင်တော့ လွတ်လပ်ရေးရပြီးကတည်းက စစ်တိုက်လာရတာ ၇၅နှစ်ကျော်လာပြီ တိုင်းပြည်လည်း လုံး၀ ချွတ်ခြုံကျလာတာပေါ့။ အဲဒီလို အခြေအနေမျိုးကို ဒီလို အချိန်အခါမျိုးမှာ ပေါ့နော် စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ အင်အားစုတွေ ဖက်ဒရယ်အင်အားစုတွေ တစ်ဖက်နဲ့တစ်ဖက် အပြတ် ချေမှုန်းနေတဲ့ အချိန်ကာလမျိုးမှာ ဖက်ဒရယ်နိုင်ငံထူထောင်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီး ပေါ်လာနိုင်တယ်” ။
ဖက်ဒရယ် ဒီမိုကရေစီ နှင့်ပတ်သက်၍ လည်း တော်လှန်ရေးတပ်ဖွဲ့များကြားဆုံမှတ်တစ်ခုသို့ရောက်နိုင်သောအခြေအနေကို ဦးဖေသန်းက ” ဒီအခြေအနေမှာ ဖက်ဒရယ်ဆိုတဲ့ ခေါင်းစီးအောက်မှာ တိုင်းရင်းသားလူမျိုးအားလုံး ဗမာအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ကြမယ်ဆိုရင် ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ပေးမလဲ တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ဘယ်လိုစီမံခန့်ခွဲခွင့်ပေးမလဲ၊ ဗဟိုချုပ်ကိုင်မှု ဘယ်လောက်လျှော့ချမလဲ အဲဒီ ခေါင်းစီးပေါ်မှာ ဆွေးနွေးအဖြေရှာလိုက်ရင်တော့ ၊ ဖြစ်လည်းဖြစ်စေချင်တယ်ဆိုရင်တော့ တခုခုမှာ ဆုံမှတ်ကို ရောက်လိမ့်မယ်လို့ ထင်ပါတယ်ဗျ”ဟုမှတ်ချက်ပြုလေသည်။ ။