ရှိန်း/People’s Spring
ပြီးခဲ့တဲ့၂၀၂၁ခုနှစ်ကစပြီး၂၀၂၃ခုနှစ်လောက်အထိ မန္တလေးမြို့မှာ ညဘက်လူသူမဖြတ်သန်းရဲတဲ့နေရာတခုရှိပါတယ်။
အဲဒီနေရာက ငယ်ငယ်ကကြားဖူးတဲ့ မိစ္ဆာဆိုးတွေရှိတဲ့ညောင်ပင်ကြီးတခုလို မှောင်ရီပျိုးစအချိန်ဆိုရင် မန္တလေးမြို့ခံတွေထိတ်လန့်ကြရပါတယ်။
ဒီနေရာကတော့၁၁၀လမ်း(မနော်ဟရီလမ်းထိပ်)က လေးမျက်နှာဘုရားဝန်းပါ။ ဗုဒ္ဓဘာသာဝင်တွေအလေးအမြတ်ထားရာ အဲဒီဘုရားဝန်းဟာ ယခင်ကတော့ရပ်ကွက်နေပြည်သူတွေအတွက် ညနေဘက်စိတ်အေးချမ်းစရာနေရာတခုဖြစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်၂၀၂၁ ခုနှစ်မှာတော့ အဲဒီဘုရားဝန်းကိုစစ်တပ်က စခန်းချတပ်စွဲလိုက်ပြီးယာယီ စစ်ကြောရေးစခန်းလုပ်ပစ်လိုက်ကြပါတယ်။ ညနေ၅နာရီကျော်ရင် ဖြတ်သန်းသွားလာသူတွေကို စိတ်မထင်ရင် မထင်သလိုဖမ်းဆီးရိုက်နှက်တာ၊သေနတ်နဲ့ပစ်တာ၊အရက်မူးနေတဲ့ရဲ နဲ့စစ်သားတွေကဆိုင်ကယ်တွေကိုတားပြီး အကြောင်းပြချက်မရှိရိုက်နှက်တာတွေပြုလုပ်လေ့ရှိပါတယ်။
ဒါ့အပြင် ဖမ်းဆီးလာသူတွေကိုနေ့ရော၊ ညပါရိုက်နှက် နှိပ်စက်စစ်ဆေးလေ့ရှိတာမို့ ငရဲခန်းတခုလို အော်ငြီးသံတွေလည်း အမြဲကြားနေရတယ်လို့ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
၂၀၂၁ခုနှစ်၊စက်တင်ဘာလ၃၀ရက်နေ့ ညနေပိုင်းမှာ လက်ဖက်ရည်ဆိုင်ကနေပြန်လာတဲ့ သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလင်းပိုင်စိုး နဲ့ကိုတိုးတက်ဖုန်းမြင့်တို့ဟာ နောက်ယောင်ခံလိုက်လာတဲ့စစ်အုပ်စုကဖမ်းဆီးတာခံရပါတယ်။
အသက် ၂၀ ကျော်အရွယ် ကိုလင်းပိုင်စိုးဟာကျောက်ဆည်နည်းပညာတက္ကသိုလ်က ဒြပ်သတ္တုပိုင်းဆိုင်ရာနောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားဖြစ်ပါတယ် ။ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ လပိုင်ကြီးလို့ ခေါ်တဲ့ ကိုလင်းပိုင်စိုးဟာ ဂေါ်ရခါးလူမျိုးဖြစ်ပါတယ် ။
သူဟာ စစ်အာဏာအသိမ်းခံရပြီးတဲ့နောက်ပိုင်း သပိတ်လှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပါတယ်။နေပြည်တော် နဲ့ မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာဦးဆောင်ခဲ့သူတဦးဖြစ်ပြီးတော့ စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေအပြီးမှာ ပျောက်ကြားလှုပ်ရှားလာတဲ့သပိတ်တွေမှာ ကိုလင်းပိုင်စိုးပါဝင်ခဲ့ပါတယ်။
မန္တလေးသပိတ်၊မြတောင်သပိတ်စစ်ကြောင်းတွေမှာလည်းပါဝင်ခဲ့ပါတယ် ။ အဲဒီအချိန်မှာ မြို့ထဲကသပိတ်စစ်ကြောင်းတွေကို စစ်တပ်ကအကြမ်းဖက်ပြီး ပစ်ခတ်သတ်ဖြတ်ဖမ်းဆီး တဲ့အချိန်ပါ။
ကိုလင်းပိုင်စိုးတို့နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးတော့ လေးမျက်နှာဘုရားထဲခေါ်သွားပါတယ်။ သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးပြီးတော့ အတူတူစုနေကြတဲ့နေရာကို ဖော်ခိုင်းပါတယ် ။
အဲဒီနောက်စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွစွာလုပ်ကိုင်နေတဲ့ ကိုငြိမ်းမင်းသန့် နဲ့ CDM သူနာပြုဆရာမ မကြည်ကြည်ဝင်းတို့ကိုပါ နာရီပိုင်းအကြာမှာဖမ်းဆီးခံရပါတယ်။
ကိုငြိမ်းမင်းသန့်ဟာ လျှပ်စစ်စွမ်းအား၊ အင်ဂျင်နီယာဌာန စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်သလိုကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗ.က.သ များအဖွဲ့ချုပ်)ရဲ့ အမှုဆောင်ဖြစ်ပါတယ်။ မကြည်ကြည်ဝင်းဟာ CDM သူနာပြုတစ်ယောက်ဖြစ်ပါတယ်။
ကိုလင်းပိုင်စိုးတို့နှစ်ယောက်ကို ရိုက်နှက်စစ်ဆေးချိန်မှာ ဂေါ်ရခါးလူမျိုးဖြစ်နေတဲ့အတွက် လူမျိုး
ခြားဆိုပြီး ပိုမိုရိုက်နှက် နှိပ်စက်ခဲ့ကြပါတယ် ။ စစ်တပ်အတွင်းက ဘာသာရေး ၊လူမျိုးရေး မှိုင်းတွေကြောင့် ဘာသာခြား၊လူမျိုးခြားဆိုရင် ပိုမိုဖိနှိပ်တက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုလင်းပိုင်စိုးကို အငြိုးတကြီးနဲ့နှိပ်စက် ငြင်းပန်းခဲ့ကြတယ်လို့ ဖြစ်စဥ်ကသိသူတစ်ဦးက လူထုနွေဦးကိုပြောပြပါတယ် ။
ပြောပြသူရဲ့လုံခြုံရေးကြောင့်ယခုသတင်းဆောင်းပါးမှာ သူနဲ့ပတ်သက်တာတွေ မရေးသားပါဘူး။
ကိုလင်းပိုင်စိုးတို့ နှစ်ဦးဖမ်းဆီး နှိပ်စက်ခံရပြီးတော့ ကိုငြိမ်းမင်းသန့်နဲ့ မကြည်ကြည်ဝင်းတို့ ရောက်လာတဲ့အခါ ကိုလင်းပိုင်စိုးတို့ရဲ့ ခန္ဓာကိုယ်ကို လှန်ပြကာ “တွေ့လား။ကောင်းကောင်းဖြေရင်ဖြေ၊မဖြေရင် မင်းတို့လည်းဒီထပ်ပိုနာမယ်”လို့ စစ်သားတွေကခြိမ်းခြောက်ပါတယ်။
အဲဒီအချိန်မှာကတည်းက ကိုလင်းပိုင်စိုးရဲ့ကျောတွေမှာညိုမဲနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နောက်ရောက်လာသူနှစ်ဦးကိုလည်းနာရီပိုင်းအကြာ ရိုက်နှက်စစ်ဆေးတာတွေလုပ်ခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာ ကိုလင်းပိုင်စိုးတို့ကိုစစ်ဆေးမှုခဏရပ်ထားတယ်လို့ဆိုပါတယ်။
ကိုလင်းပိုင်စိုးတယောက်ထဲကိုနှိပ်စက်ချိန်မှာတော့ “မင်းလားကွဂေါ်ရခါး”ဟု ဆိုပြီး ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်ကြပါတယ်။
“ရိုက်တာကသံတုတ်တွေနဲ့ ရိုက်တာ။၅ ယောက်လောက်ရှိမယ်။အကုန်စစ်သားတွေချည်းပဲ”လို့ဖြစ်စဥ်ကို မြင်တွေခဲ့သူတဦးကကပြောပါတယ်။
အဲဒီနောက်စက်တင်ဘာ ၃၀ ရက် ည ၉နာရီလောက်မှာ အချုပ်ကားထဲကို ဖမ်းဆီးထားသူတွေကိုထည့်ပါတယ်။အချုပ်ကားကိုတော့ရဲတွေကစောင့်ကြတာပါ။အချုပ်ကားမှာ အမျိုးသမီးနဲ့အမျိုးသားကို အဝတ်အဖြူလေးတခုခြားပြီး အကာလေးနဲ့ကာထားပါတယ်။
ကားပေါ်ကိုရောက်တဲ့အချိန်မှာတော့ ကိုလင်းပိုင်စိုးက တညလုံးအန်ပါတယ်။”ခေါင်းထိသွားတယ်ထင်တယ်။ည၉နာရီလောက်ကနေ တညလုံးမအိပ်ရဘူး။အန်တာ”လို့ မြင်တွေ့ခဲ့သူကပြောပါတယ်။
အချုပ်ကားထဲရောက်နေတဲ့သူတွေက အချိုရည်တိုက်ဖို့ကြိုးစားကြပြီး ရဲတွေကို Royal D အချိုရည်ဗူးဝယ်ခိုင်းတော့ ဝယ်ပေးမယ်လို့ပြောပြီး ဘယ်ရဲမှပေါ်မလာတော့ပါဘူး။
“ညအစောပိုင်းကတော့ရေသောက်ချင်ရင်ရေလေးလာတိုက်တယ်။ည ၁၂နာရီနောက်ပိုင်းကြတော့ ဘယ်လိုမှခေါ်မရတော့ဘူး။အကုန်မကြားချင်ယောင်ဆောင်နေကြတာ”လို့ အချုပ်ထဲမှာရှိခဲ့သူတဦးကအကြုံကိုဖွင့်ဟပါတယ်။
ရေအရမ်းဆာလောင်နေတဲ့ ကိုလင်းပိုင်စိုးအတွက်အမျိုးသမီးတွေဘက်မှာကျန်နေတဲ့ ရေနည်းနည်းကို မုန့်ထုတ်အခွံ(ကြွပ်ကြွပ်အိတ်)ထောင့်လေးထဲကိုရေထည့်ပြီး အကာကြားထဲကနေ အမျိုးသမီးအချုပ်သမားတွေက ပေးပြီးရေတိုက်ရပါတယ်။
ဒီလိုနည်းတခုထဲနဲ့သာ ကိုလင်းပိုင်စိုးရေသောက်ခွင့်အနည်းငယ်ရခဲ့တာပါ။
နောက်တနေ့နံနက်ဖြစ်တဲ့အောက်တိုဘာ ၁ ရက်နေ့ မနက်၉နာရီလောက်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နန်းတွင်းစစ်ကြောရေးကိုပို့လိုက်ကြပါတယ်။
စစ်ကြောရေးဂိတ်အဝင်မှာကိုလင်းပိုင်စိုးကို ထပ်မံစစ်ဆေးရိုက်နှက်ကြပြန်ပါတယ်။
ကိုလင်းပိုင်စိုးက “ကျွန်တော့်ကိုခဏနားခွင့်ပေးပါ။အကုန်ဖြေပါ့မယ်”လို့ပြောပြီး ခွင့်တောင်းတာမို့အဲဒီနေရာမှာ သူခဏတော့နားခွင့်ရခဲ့ပါတယ်။
အဲဒီနောက်အဆောင်တွေဘက်ကို လမ်းလျှောက်ဝင်ရတဲ့အချိန်မှာကိုလင်းပိုင်စိုးလဲသွားပါတော့တယ်။
“အုန်းခနဲလဲကျတဲ့အသံကြားလို့ နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာ အဲတာသူဖြစ်နေတာပဲ။အဲတာက ကိုလင်းပိုင်စိုးကိုနောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ပဲ”လို့ အတူတူဖမ်းဆီးခံခဲ့ရသူတဦးကပြောပါတယ်။ လဲကျသွားတဲ့ကိုလင်းပိုင်စိုးကို စစ်သားနှစ်ယောက်ကဆွဲခေါ်သွားပါတော့တယ်။
မနက်၁၁နာရီလောက်အရောက်မှာ အတူတူဖမ်းခံရတဲ့သူတွေအကုန်လုံးဆီကိုစစ်သားတွေကပဲ ကိုလင်းပိုင်စိုးသေဆုံးသွားပြီဖြစ်ကြောင်းလာ သတင်းစကားပေးကြပါတယ်။
အဲဒီနေ့ကစပြီး ကိုလင်းပိုင်စိုးဟာ အပြင်ကစောင့်မျှော်နေတဲ့သူ့မိဘတွေဆီရော၊ရဲဘော်ရဲဖက်မိတ်ဆွေဆီရော ပြန်ရောက်မလာတော့ပါဘူး။ကိုလင်းပိုင်စိုး ကျဆုံးပြီးနောက်ပိုင်းမှာကိုငြိမ်းမင်းသန့် လွတ်မြောက်လာပြီး ၊ မကြည်ကြည်ဝင်းနဲ့ကိုတိုးတက်ဖုန်းမြင့်တို့ဟာ နောက်ပိုင်းမှ အတူတူလွတ်မြောက်ခဲ့ကြပါတယ် ။
အဲဒီအချိန်မှာ မန္တလေးသပိတ်တွေကိုဖြိုခွင်းဖို့အဓိကညွန်ကြားနေတဲ့သူထဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်သူရိန်ထွန်း လည်းအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း ကို အာရက္ခတပ်တော်(AA) က မောင်တောနခခ (၅) စခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးနေစဥ် ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။
ဗိုလ်မှူးချုပ်သူရိန်ထွန်း တိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားချိန်မှာ မန္တလေးမြို့ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) စစ်တိုင်းမှူး ဟာ ဗိုလ်ချုပ်ကိုကိုဦးဖြစ်ပါတယ် ။ သူတို့ နှစ်ယောက်ဟာ မန္တလေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်း
ဖို့ ၊ဖမ်းဆီးခံရတဲ့သပိတ်ခေါင်းဆောင်းတွေကို နန်းတွင်းစစ်ကြောရေးမှာသတ်ဖြတ်ဖို့ အဓိကအမိန့်ပေးခဲ့သူတွေဖြစ်ပါတယ်။
သပိတ်ခေါင်းဆောင်တွေ ၊ပြည်သူတွေကို ရက်ရက်စက်စက်ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေကြောင့် နန်းတွင်းစစ်ကြောရေးဟာနမည်ဆိုးနဲ့ ကျော်ကြားသလို ဒုတိယဗိုလ်ချုပ်ကိုကိုဦး နဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း ကို အာဏာသိမ်းခေါင်းဆောင်ကရာထူးတိုးပြီးမြောက်စားခဲ့ပါသေးတယ်။
ဗိုလ်ချုပ် ကိုကိုဦးကတော့ အခုအခါ ဒုတိယဗိုလ်ချုပ်ရာထူးနဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ မှူး) တာဝန်ထမ်းဆောင်နေတယ်။ ဒုတိယဗိုလ်ချုပ်ကိုကိုဦး ဟာ ဒီဇင်ဘာ ၁၅ ရက်မှာ တရုတ်အစိုးရ စီစဥ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) နဲ့ဆွေးနွေးပွဲမှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သွားခဲ့သူတဦးဖြစ်ပါတယ် ။
ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလည်းအာဏာသိမ်းခေါင်းဆောင်နဲ့ စစ်ကောင်စီအတွက် မန္တလေးတိုင်းစစ်ဌာနချုပ်မှာ ဆောင်ရွက်ပေးခဲ့တာတွေအတွက်၂၀၂၂ ခုနှစ်မှာ ဗိုလ်မှူးချုပ်ရာထူးတိုးခဲ့သလို ၊ အာဏာသိမ်းခေါင်းဆောင်ကချီးမြှင့်တဲ့စီမံထူးချွန်တံဆိပ်(ပထမအဆင့်)ကိုပါရခဲ့ထားတာပါ။
သူတို့ ၂ ဦးနဲ့အတူ အောင်မြေသာစံမြို့နယ်ရဲမှူးကျော်ဇင်မြင့်ကလည်း ပြည်သူတွေရဲ့ သပိတ်ဖြိုခွင်းတာတွေကိုတက်တက်ကြွကြွလုပ်ခဲ့သူပါ။
ဒါကောင့်ရဲမှူးကျော်ဇင်မြင့်ဟာ အာဏာသိမ်းခေါင်းဆောင်ကပေးတဲ့ပြည်သူ့ဝန်ထမ်းကောင်းဆုရခဲ့ပါတယ် ။ နောက်ပိုင်းမြို့နယ်ရဲမှူးကနေ မန္တလေးတိုင်းဒုတိယရဲမှူးကြီးအဖြစ်ရာထူးတိုးခဲ့ပါတယ် ။ မန္တလေးတိုင်းဒုတိယရဲမှူးကြီးအဖြစ် တက်ကြွနေတဲ့ ဒုရဲမှူးကြီးကျော်ဇင်မြင့်တစ်ယောက်ကတော့တော်လှန်ရေးအင်အားစုတွေရှိတဲ့နေရာကို စစ်ကြောင်းထိုးဖို့သွားနေရင်းတောင်သာ-မြင်းခြံလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ် မတ်လမှာ မိုင်းဆွဲခံရပြီး သေဆုံးခဲ့ပါတယ်။
သူတို့တွေ လက်ချက်ကြောင့် နန်းတွင်းစစ်ကြောရေးမှာ ၊လေးမျက်နှာဘုရားဝန်းမှာ ၊မန္တလေးမြို့ကလမ်းမတွေထက်မှာ ကြွေလွင့်ခဲရတဲ့ လူငယ်တွေ၊ပြည်သူတွေအနည်းမနောရှိခဲ့ပါတယ် ။
စစ်ကိုင်းပညာရေးတက္ကသိုလ်ရဲ့ ဥက္ကဌမအေးနန္ဒာစိုး ၊ အသက်၁၉နှစ်အရွယ် လူငယ်သပိတ်ခေါင်းဆောင်ကိုသူရအောင် ၊အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး အစ္စလာမ်လူငယ်သပိတ်၊မန္တလေးသပိတ်၊ပြည်ကြီးတံခွန်မြို့နယ်သပိတ်တွေမှာ တက်တက်ကြွကြွဦးဆောင်ခဲ့တဲ့အသက်၁၇နှစ်အရွယ်ကိုကျော်စွာဝင်း(ခ) Felix စတဲ့လူငယ်သပိတ်ခေါင်းဆောင်တွေကို လပခ ရဲ့နမည်ကြီးနန်းတွင်းစစ်ကြောရေးမှာ ရက်ရက်စက်စက် နှိပ်စက်ငြှင်းပန်းနှိပ်စက်ပြီး လက်စဖျောက်ခဲ့ကြတာပါ။
ဒါဟာလူသိများသူတွေရဲ့ဖြစ်စဥ်တချို့ပဲရှိပါတယ်။၂၀၂၁ခုနှစ်ဒီဇင်ဘာလတုန်းက People Spring ကြည့်ရှုခွင့်ရရှိခဲ့တဲ့ နန်းတွင်းစစ်ကြောရေးမှာ အဆက်အသွယ်ပျက်တောက်သွားတဲ့ လူငယ်တွေ၊မန္တလေးကသပိတ်အဖွဲ့ဝင်တွေရဲ့ စာရင်းဟာ သံဃာတွေအပါအဝင် ၃၀ ကျော်အထိရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာစစ်အုပ်စုနဲ့ စစ်ကောင်စီလက်အောက်ခံတွေကြောင့် ကျဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၆၀၄၉) ဦး ရှိခဲ့ပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကဒီဇင်ဘာ ၁၃ ရက်မှာထုတ်ပြန်ထားပါတယ် ။ဒါဟာ AAPP အတည်ပြုနိုင်တဲ့အရေအတွက်သာဖြစ်ပြီး အတည်ပြုဖို့လိုနေသေးတဲ့သူ ၂၇၅၀ခန့်ရှိနေသေးတယ်လို့ငိရပါတယ် ။ဒါကြောင့် မြေပြင်မှာစစ်ကောင်စီကြောင့်သေဆုံး၊ပျောက်ဆုံးသူအရေအတွက်ဟာ အခုထက်ပိုများပါတယ် ။
ဒါအပြင် စစ်အုပ်စုဟာနိုင်ငံရေးအကျဥ်းသမားတွေအပါအဝင် ပြည်သူ ၂၇၈၇၂ ဦးကိုဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၂၁၀၀၀ ကျော်ဟာအခုချိန်ထိဖမ်းဆီးထောင်ချခံနေရဆဲဖြစ်ပါတယ် ။
ကိုလင်းပိုင်စိုး အပါအဝင် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတစ်ဦးချင်းစီအတွက် စစ်ကောင်စီနဲ့ အပေါင်းအပါတွေအားလုံးကို သွေးကြွေးပြန်ဆပ်ရင်း အောင်မြင်မှုပန်းတိုင် ဆွတ်ခူးနိုင်တယ်အထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ဂေါ်ရခါးကာကွယ် ရေးတပ်(Gurkha Defence Force – GDF) က၂၀၂၁ အောက်တိုဘာလ ၁၉ ရက်မှာကတိသစ္စာပြုခဲ့ပါတယ် ။
ကိုလင်းပိုင်စိုးရဲ့ မိသားစုဟာ သူတို့ရဲ့ အဖိုးတန်ရင်သွေးဟာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကြောင့်ကျဆုံးသွားပြီဆိုတာကိုကွယ်လွန်ပြီး နှစ်ပါတ်ကျော်ကြာမှ သိခွင့်ရခဲ့ကြတာဖြစ်ပါတယ် ။
အာရက္ခတပ်တော် က လက်ရဖမ်းမိထားတဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမယ်လို့AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီ သတင်းဌာနကိုပြောထားပါတယ် ။သူဟာ ၂၀၁၇ ခုနှစ်က စစ်အုပ်စုရဲ့ ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်တာမှာ ပါဝင်ခဲ့သူ ၊ ၂၀၂၄ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ AA နဲ့ ရိုဟင်ဂျာ ၊ ရခိုင် နဲ့ ရိုဟင်ဂျာ ပြည်သူတွေကိုအမုန်းပွားအောင် လူမျိုးရေး၊ဘာသာရေး မိုင်းတွေထောင်ခဲ့သူဆိုတဲ့စွပ်စွဲချက်တွေကိုလည်း ရင်ဆိုင်နေရပြီဖြစ်ပါတယ် ။
ကိုလင်းပိုင်စိုးရဲ့ မိတ်ဆွေတွေ ၊တော်လှန်ရေးရဲဘော်ရဲဘက်တွေကတော့ လပခ စစ်ကြောရေးမှာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့မှုအတွက်ဗိုလ်မှူးချုပ် သူရိန်ထွန်း ကို စစ်ဆေး ဖော်ထုတ်ပြီး တရားမျှတမှု ပြန်လည်ရယူပေးနိုင်နိုင်ဖို့မျှော်လင့်နေကြပါတယ် ။ ။