ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။
သူက ထိုင်းနိုင်ငံ၊ ရနောင်းမြို့နယ်ထဲမှာ အလုပ်သွားလုပ်နေတာပါ။ သူ့အလုပ်က စိုက်ခင်းထဲ ရာဘာအစီးတွေ ခြစ်ရတာ။ တစ်ရက်မှာ မမျှော်လင့်ဘဲ ထိုင်းရဲတွေ ဝင်ဖမ်းတာခံလိုက်ရတယ်။
အထောက်အထားမပါတော့ ထိုင်းအာဏာပိုင်တွေက သူ့ကိုဖမ်းခေါ်သွားပြီး အချုပ်ထဲထည့်လိုက်တယ်။ အထဲရောက်တော့ ကိုမန်အောင်လို အထောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံထားရတာ မနည်းလှဘူး။

Public Service Announcement
အချုပ်ကျခံရပြီး သုံး လကြာမှ ထိုင်းအာဏာ ပိုင်တွေက ကိုမန်အောင်တို့ကို ပြန်လွှတ်ပြီး မြန်မာဘက်ပြန်ပို့မယ့်အကြောင်း အသိပေးလာခဲ့ပါတယ်။ ဒီတော့ ကိုမန်အောင် အပါအ ဝင် ဖမ်းဆီးအချုပ်ကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေပျော်တာပေါ့။
ထိုင်းနိုင်ငံထဲ အလုပ်ဆက်လုပ်ခွင့်မရတော့ပေမယ့် အချုပ်ထဲနေရတာနဲ့စာရင် ကိုယ့်နိုင်ငံ ကိုယ်ပြန်ရတာ မပျော်ရှိပါ့မလား။ တကယ် တမ်း ပြန်ပို့ခံရတဲ့အခါ သူတို့အပျော်တွေ နေ့မကူးခဲ့ဘူး။ ရနောင်းကတဆင့် ကော့သောင်းဘက်ရောက်တော့ သူတို့ကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီလက်ထဲ လွှဲအပ်လိုက်တာကြောင့်ပါ။
“ကမ်းကပ်တာနဲ့ စစ်တပ်ကတန်းလာခေါ်သွားတာ။ မင်းတို့ စစ်မှုထမ်းရမယ်ဆိုပြီး”လို့ ကိုမန်အောင်က သူ့အတွေ့အကြုံကို ပြောပါတယ်။
ပြန်ပို့ခံရသူတွေထဲက ကိုမန်အောင်အပါ အဝင် ငယ်ရွယ်ပြီးကျန်းမာသန်စွမ်းသူ အမျိုးသား ၃၀ ဦးကျော်ကို စစ်ကောင်စီဗိုလ်မှူးတစ်ဦး ဦးစီးတဲ့အဖွဲ့ကအမှတ်(၂၆၂) ခြေလျင်တပ်ရင်း ( ခလရ-၂၆၂)ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူတို့ကို အဲဒီတပ်ထဲမှာဖမ်းချုပ်ထားလို့နှစ်ပတ်လောက် နေခဲ့ရတယ်လို့ ဖမ်းဆီးခံရတဲ့ဖြစ်စဥ်မှာပါသူတွေကပြောပါတယ်။
ကိုမန်အောင်၊ ကိုမြင့်စန်းနဲ့ ကိုကျော်ဖြိုး တို့သုံးဦးလုံး မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြပါတယ်။ အလုပ်ရှင်မတူပေမယ့် သူတို့အားလုံးက ထိုင်းနိုင်ငံ၊ ရနောင်းမှာ ရာဘာအစေးခြစ်တဲ့အလုပ် လုပ်ကိုင်ကြတာပါ။ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ပြန်ပို့တော့ တသုတ်ထဲ၊ စစ်မှုထမ်းဖို့ အတင်းအဓမ္မစစ်သင် တန်းပို့ခံရတော့လည်း အပတ်စဥ်တစ်ခုတည်း အတူတက်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။
ထိုင်းမှာအလုပ် လုပ်နေတုန်း တရားဝင်အထောက်အထားမရှိလို့ ဆိုပြီးအဖမ်းခံရပြီး ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ပို့ စစ်ကောင်စီလက်အပ်လိုက်လို့အဓမ္မစစ်သားသစ်စုဆောင်းခံရတာဟာ သူတို့ကပထမဆုံး မဟုတ်ပါဘူး။ အခုနောက်ပိုင်းပိုများလာနေပါတယ် ။
အဲဒီလို အတင်းအကြပ် စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေထဲ လူငယ် ၃၀ ဦးဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာပထမပတ်မှာ တနသာ်ရီတိုင်းထဲက စစ်သင်တန်းကျောင်းကို ရေလမ်းကနေပို့ခံရဖူးပါတယ်။ တကယ်တမ်းပို့ခံရချိန်မှာ လူငယ်တွေက အစောင့်စစ်သားနှစ်ဦးကို တိုက်ခိုက် လက်နက်တွေယူပြီး ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေမှ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၇)တပ်ခွဲ (၅)ထံ သွားရောက်ခိုလှုံခဲ့ကြပါတယ်။
ကိုမန်အောင်တို့ သုံးဦးကိုတော့ စစ်သင်တန်းမပို့ခင် ကနဦးဖမ်းခေါ်သွားတဲ့ ခလရ(၂၆၂)မှာနေရတဲ့ နှစ်ပတ်တာကာလအတွင်း စစ်တပ်က ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ပါတယ်။ စစ်ချက်အရ ဆေးမအောင် တဲ့သူသုံးလေးဦးကို ဖမ်းချုပ် ထားတဲ့အခန်းကနေ ခေါ်ထုတ်သွားတာတွေ့ရပေမယ့် ပြန်လွှတ်၊မလွှတ် မသိရဘူးလို့ သူတို့ကြုံခဲ့ရတာရကို ပြောပြပါတယ်။
“အခန်းကနေ အပြင်တော့ ဆွဲထုတ်သွားတာပဲ။ ပြန်လွတ်မလွတ်တော့ မသေချာဘူး”လို့ ဆေးမအောင်တဲ့လူငယ်တွေနဲ့ပတ်သက်ပြီး ကိုမန်အောင်က သူမြင်တွေ့ခဲ့ရတာကို ပြောပါတယ်။
သူတို့သုံးဦးဟာ နေရပ်ဇာတိမတူကြသလို လူ မျိုးတွေလည်း မတူကြပါဘူး။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ကိုမန်အောင်က ပဲခူးတိုင်း၊ ရွှေကျင်နယ်ကဖြစ်ပြီး ဗမာလူမျိုးပါ။ ၂၉ နှစ်အရွယ် ကိုမြင့်စန်းကတော့ ရခိုင်ပြည်နယ်၊ ရသေ့တောင်ဇာတိဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးပါ။ ကိုကျော်ဖြိုးကတော့ အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး ထားဝယ်တိုင်းရင်းသား သရက်ချောင်းသားတစ်ဦး ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က သူတို့ကို ခလရ(၂၆၂)က နေ တနင်္သာရီတိုင်း၊ ပလောက်မြို့မှာရှိတဲ့ အမှတ်(၁၂) တန်းမြင့်လေ့ကျင့်ရေးကျောင်းကိုပို့ပြီး စစ်သင်တန်းသုံးလပေးပါတယ်။ သင်တန်းမဆင်းခင်အထိ ကော့သောင်းရောက်ချိန် သိမ်းခံလိုက်ရတဲ့ ဖုန်းတွေကို စစ်တပ်က ပြန်မပေးသေးပါဘူး။
ပြင်ပကို ဖုန်းခေါ်ချင်ရင်တော့ သူတို့ဆီကနေခဏပြန်တောင်းပြီး ဖုန်းဆက်ခွင့်ပေးထားပါတယ်။ သို့ပေမဲ့ မိသားစုနဲ့ သူငယ်ချင်းတွေထံ အဆက်အသွယ်မလုပ်ရဲခဲ့ဘူးလို့ အဲဒီလူငယ်သုံးဦးက သူတို့အတွေ့အကြုံကို ပြောပါတယ်။ အကြောင်းကတော့ သင်တန်းသားတစ်ယောက်ချင်းဆီဟာ ဘယ်သူ့ဆီ ဆက်မယ်၊ ဘာကြောင့်ဆက်မယ် စတဲ့အကြောင်း ပြချက်ပေးရပါတယ်။ ပိုဆိုးတာက ကိုယ်ဆက်သွယ်လိုသူရဲ့ ဖုန်းနံပါတ်ကိုစာအုပ်မှာ မှတ်တမ်းရေးသွင်းရတာပါ။
ဒါကြောင့် စစ်သင်တန်းတက်နေရတဲ့ သုံးလအတွင်း မိသားစုနဲ့ အဆက်အသွယ်မရခဲ့ဘူးလို့ကိုမန်အောင်တို့သုံးဦးက ပြောပါတယ်။ သူတို့တက်နေရတဲ့ စစ်မှုထမ်းသင် တန်းအပတ်စဥ်(၅) သင်တန်းဆင်းတော့မှ ကိုယ်ပိုင်ဖုန်းတွေ ပြန်ထုတ်ယူခွင့် ရခဲ့ကြပါတယ်။ သူတို့အပတ်စဥ်မှာ သင်တန်းသားဦးရေ ၃၀၀ ရှိပါတယ်။
သင်တန်းဆင်းဆင်းချင်းမှာပဲ သူတို့သုံးဦးကို ဘုတ်ပြင်းအခြေစိုက် ခမရ (၅၅၅)ကို ပို့လိုက် ပါတယ်။ ဒါပေမဲ့ ကိုမန်အောင်တို့သုံးဦးစလုံး အဲဒီတပ်ထဲကို ခြေချခွင့်မရလိုက်ကြပါဘူး။ ဘာကြောင့်ဆို ကျိုက်ထိုမြို့နယ်မှာရှိတဲ့ သဲဖြူချောင်းသံတံတားဂိတ်ဆီ စေလွှတ်ခံရတာကြောင့်ပါ။
သင်တန်းတက်နေတဲ့ကာလနဲ့ သံတံတားဂိတ်မှာ တာဝန်ချထားခံရချိန်အထိ လေးလကျော်အတွင်း နှစ်ကြိမ်သာ လစာထုတ်ခွင့် ရခဲ့တယ်လို့ သူတို့က ပြောပါတယ်။ တပ်သားတစ်ဦးကို လစာအနေနဲ့ ကျပ်နှစ်သိန်းလေးသောင်း (၂၄၀,၀၀၀)သတ်မှတ်ထားပေမယ့် ရတဲ့လစာတွေကို တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးထံ အပ်နှံထားရတယ်လို့ ဆိုပါတယ်။ ပြီးမှ မိမိအသုံးလိုသလောက် အဲဒီတပ်ကြပ်ကြီးထံက ပြန်ထုတ်သုံးရာတာလို့ ပြန်ပြောပြကြပါတယ်။
“ကျနော်တို့လက်ထဲ ငွေများများထည့်မပေးဘူး။ ကိုယ်လိုသလောက်လေးပဲ ပြန်ထုတ်ယူရတာ။ ဘာကြောင့် အဲလိုလုပ်လဲတော့ ကျနော်တို့ မပြောတတ်ဘူး”လို့ ကိုမန်အောင်ရဲ့သူငယ်ချင်း ကိုကျော်ဖြိုးက ပြောပါတယ်။
စစ်တပ်ဟာ စစ်သားတွေလက်ထဲပိုက်ဆံရှိရင် ထွက်ပြေးမှာစိုးတာကြောင့် လက်ထဲပိုက်ဆံမရှိအောင် အထက်အရာရှိဆီပိုက်ဆံအပ်ခိုင်းထားတဲ့စနစ်ကို အာဏာသိမ်းပြီးနောက်ပိုင်းပိုလုပ်လာတယ်လို့ ပြည်သူ့ရင်ခွင်ခိုလှုံတဲ့စစ် သားတချို့ကပြောပါတယ် ။
သံတံတားဂိတ်မှာတာဝန်ထမ်းရင်း ထားဝယ်တိုင်းရင်းသား ကိုကျော်ဖြိုးကတဆင့် လောင်းလုံးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ မှာရှိတဲ့ အစ်ကိုဝမ်းကွဲထံ ဆက်သွယ်ခဲ့ကြပါတယ်။ အဓိကကတော့ သူတို့ စစ်တပ်ထဲမှာ ဆက်ပြီး တာဝန်မထမ်းလိုကြတာကြောင့်ပါ။
“စစ်တပ်ထဲမှာ မနေချင်ဘူး။ လုပ်လည်း မလုပ်ချင်တော့ဘူး။ ကိုယ့်ကိုကိုယ်လည်း ရှက်တာပေါ့။ စစ်တပ်ကို ပြည်သူက လက်မခံဘူးလေ။ ပြည်သူ မချစ်မှတော့ နေလို့လည်းမပျော်ဘူး။ ပြီးတဲ့အခါကျတော့ စိတ်ပါလို့တပ်ထဲဝင်ခဲ့တာလည်းမဟုတ်ဘူး”လို့ ကိုမန်အောင်က ရင်ဖွင့်ပါတယ်။
ဒါကြောင့် ကိုမန်အောင်တို့သုံးဦးဟာ ဂိတ်စောင့်တာဝန်ထမ်းဆောင်ရင်း ပြည်သူ့ရင်ခွင်ခိုလှုံနိုင်ဖို့ အခွင့်အခါကောင်းကို စောင့်နေခဲ့ပါတယ်။ ဇန်နဝါရီလရဲ့ တစ်ခုသောရက်မှာတော့ ကိုကျော်ဖြိုးအစ်ကိုရဲ့ ချိတ်ဆက်ပေးမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ဗျူဟာ(၂၇)နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတော့တယ်။
“သူတို့ အခါသင့်တဲ့အချိန်ကို စောင့်ပြီးတော့ ခေါ်ထုတ်လိုက်တာပါ။ ပြီးတော့မှ ကျနော်တို့ဆီရောက်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတာဖြစ်ပါတယ်”လို့ ဗျူဟာ(၂၇)ရဲ့တာဝန်ခံ ရဲ ဘော်အေးမင်းထွန်းက ပြောပါတယ်။
ကိုမန်အောင်တို့ သူငယ်ချင်းသုံးဦးဟာ ပြည်သူ့ရင်ခွင်ခိုလှုံချိန်မှာ သေနတ်သုံးလက်နဲ့ ခဲယမ်းတွေပါ ယူဆောင်လာခဲ့ကြပါတယ်။ လက်ရှိမှာ သူတို့ကို PDF တပ်ဖွဲ့၊ ဗျူဟာ(၂၇) က ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူတို့ဆန္ဒရှိတဲ့အတိုင်း ဆောင်ရွက်ခွင့်ရဖို့ ချိတ် ဆက်လုပ်ဆောင်ပေးနေတယ်လို့ ရဲဘော်အေးမင်းထွန်းက ရှင်းပြပါတယ်။
ကိုမန်အောင်တို့ သုံးဦးကတော့ ထိုင်နိုင်ငံထဲ အထောက်အထားမဲ့ သွားခဲ့မိတာကို နောင်တ ရနေပါတယ်။ အထောက်အထားသာရှိခဲ့ရင် ထိုင်းရဲတွေရဲ့ ဖမ်းဆီးခံရခြင်းမှ လွတ်ကင်းနိုင်ကြမှာပါ။ ပြီးတော့ အခုလို ကိုယ့်နိုင်ငံပြန်ပို့ခံရပြီး စစ်ကောင်စီလက်အပ်ခံရလို့ အဓမ္မစစ်မှုထမ်းခိုင်းတဲ့အထဲလည်း ပါမှာမဟုတ်ဘူးလို့ သူတို့က သုံးသပ်ပါတယ်။
ဒါကြောင့် လူငယ်တွေအနဲ့ စစ်ကောင်စီလက် အောက်မှာ စစ်မှုထမ်းရမှာကြောက်လို့ ပြည်ပထွက် အလုပ်လုပ်ကြမယ်ဆိုရင် တရားဝင်လမ်းကြောင်းကသာ သွားကြဖို့ ကိုမန်အောင်နဲ့သူငယ်ချင်းတွေက အကြံပြုပါတယ်။ ဒါပေမယ့်စစ်တပ်ဟာ လူငယ်တွေပြည်ပသွားခွင့်ကို ပိုမိုတင်းကြပ်လာနေပါတယ်။ ဒါ့အပြင် ပြည်ပကိုအလုပ်သွားလုပ်မယ်၊ ကျောင်းသွားတက်မယ်ဆိုရင်လည်း ငွေကြေးများစွာကုန်ကျတဲ့အတွက် အခြေခံလူတန်းစားပြည်သူတွေအဖို့ ခက်ခဲလှပါတယ်။
၂၀၂၄ စက်တင်ဘာလမှာစစ်သား ၂ ယောက်ကိုတိုက်ခိုက်ထွက်ပြေးတဲ့ဖြစ်စဥ်မှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုဖြိုးကတော့ ထိုင်းအာဏာပိုင်တွေက မြန်မာလုပ်သားတွေကိုဖမ်းပြီး ပြန်ပို့ပေးနေတာနဲ့ပတ်သက်ပြီး
“ဖြစ်နိုင်မယ်ဆိုရင် လူသားချင်းစာနာပြီးတော့ဖမ်းမိတဲ့သူတွေကိုထိုင်းနိုင်ငံမှာပဲ ထားပြီးထားစေချင်တယ်။မြန်မာပြည်ဘက် မပို့ပေးဖို့ပေါ့။ တစ်နှစ်ကြာသည်ဖြစ်ဖြစ်နှစ်နှစ်ကြာသည်ဖြစ်ဖြစ်ပေါ့။ သူတို့ ရိုဟင်ဂျာတွေတောင် ၄၊ ၅နှစ်ထားတယ်ဗျာမြန်မာပြည်သား ဘာလို့ ထားလို့မရလဲ။ နိုင်ငံရေး အခြေအနေ ကြောင့် သူတို့မပို့ပေးဘူးဆိုရင် သူတို့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်လေဗျာ။ ဒါကို သူတို့က မသိချင်ယောင်ဆောင်ပြီး ဒီဘက်(စစ်ကောင်စီထံ)ကို ပို့ပို့ပေးနေတာ စစ်သားစုပေးနေသလို ဖြစ်နေတာဗျာ။ တကယ်က နှစ်နိုင်ငံပေါင်းပြီး လုပ်နေတဲ့ ပုံစံဖြစ်နေတယ်ဗျ”လို့ပြောပါတယ်။
ကိုမန်အောင်တို့သုံးဦးဟာ ထိုင်းရဲဖမ်းဆီးခံရတာကအစပြုပြီး စစ်ကောင်စီကအတင်း အ ဓမ္မစစ်တပ်ထဲပို့လို့ တပ်သားသစ်တွေဖြစ်လာရခဲ့ရပါတယ်။ သုံးဦးစလုံး ကံကောင်းလို့စစ် တပ်ထဲက ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘဝတူ သူငယ်ချင်းတွေ တပ်ထဲမှာ ၁၉ ဦးလောက် ကျန်နေသေးတယ်လို့ ကိုကျော်ဖြိုးက ဆိုပါတယ်။
“သူတို့ကိုလည်း ခေါ်ထုတ်ချင်သေးတယ်။ အပို့ခံရတဲ့တပ်တွေ မတူတော့ တပါတည်းခေါ်ထုတ်လာဖို့ မဖြစ်နိုင်ခဲ့ဘူး”လို့ သူက ညည်း တွားပါတယ်။
ကိုကျော်ဖြိုးတို့ရဲ့ သူငယ်ချင်းတွေဆိုတာက ထိုင်းအချုပ်ထဲမှာလည်း အတူတူ၊ ကိုယ့်နိုင်ငံပြန်ပို့ခံရစဥ်ကလည်း အတူတူ၊ စစ်မှုထိမ်းဖို့အဓမ္မစစ်သင်တန်းပို့ခံရတော့လည်း အတူတူဖြတ်သန်းလာခဲ့ရာက ရင်းနှီးခင်မင်ခဲ့သူတွေကို ပြောလိုတာပါ။
ခုချိန်မှာ သူတို့သုံးဦးအဖို့တော့ စစ်တပ်လက်ကလွတ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရင်း ဆန္ဒတွေကို အကောင်အထည်ဖော်ခွင့် ရလာတော့မှာပါ။ ကိုမန်အောင်၊ ကိုမြင့်စန်းနဲ့ ကိုကျော်ဖြိုးတို့သုံးဦးဟာ စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့ စိတ်အားထက်သန်နေကြပါတယ်။
ဒါကြောင့် ရသေ့တောင်သား ကိုမြင့်စန်းက ဇာတိမြေပြန်ပြီး အာရက္ခတပ်တော်(AA)ထဲဝင်မယ်လို့ စိတ်ကူးထားတယ်။ ထားဝယ်သား ကိုကျော်ဖြိုးက လောင်းလုံနယ်မှ သူ့အစ်ကိုရှိရာတပ်မှာ တော်လှန်ရေးတပ်သားလုပ်မယ်။ ကိုမန်အောင်ကတော့ ဇာတိမြို့ရွှေကျင်ကို မပြန်တော့ဘူး။ သူက ဗျူဟာ(၂၇)နဲ့ လက်တွဲသွားမယ်လို့ စိတ်ဆုံးဖြတ်ထားတယ်။
အခုလို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချနိုင်ဖို့ စေ့ ဆော်မှုတစ်ခုလည်း ကိုမန်အောင်ခိုင်ထံမှာ ရှိနေပါတယ်။ အဲဒါကတော့ စစ်ကောင်စီနဲ့ သူ့ရဲ့လက်ပါးစေတွေဟာ ပြည်သူကိုမျက်နှာမူရမယ့်အစား နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ လုပ်ရပ်ပါ။ ဒါကြောင့် ကိုမန်အောင်က သူ့ရဲ့ ခံယူချက်ကို အခုလိုရင်ဖွင့်လာပါတယ်။
“အသက်ပေးရမှာချင်းအတူတူအမှန်တရား (ပြည်သူ)ဘက်ပဲ ရပ်တော့မယ်”လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ ။
(ကာယကံရှင်တွေရဲ့ဆန္ဒအရ အမည်လွှဲဖြင့်ဖော်ပြထားပါတယ်။)
