Connect with us

Hi, what are you looking for?

ဆောင်းပါး

“တိုက်ပွဲကြားက ဂါဒီ”

အအေးဓာတ်မကုန်သေးတဲ့ ဇန်နဝါရီရဲ့ တတိယပတ်ထဲမှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းရဲဘော်တွေ ရှေ့တန်း ကင်းပွိုင့်ကို လူလဲပြီး ပင်မဌာနချုပ်ကို ပြန်လာတဲ့အချိန် လမ်းပေါ်မှာ စိတ်မကောင်းစရာ မြင်ကွင်းတစ်ခု ကြုံရတယ်။

ရဲဘော်တွေ ကယ်တင်ပေးခဲ့တဲ့ မျောက်မကလေး ဂါဒီ ဓာတ်ပုံ-ရဲဘော်အွမ်ခေး

ဟာနာဆန်/People’s Spring

အအေးဓာတ်မကုန်သေးတဲ့ ဇန်နဝါရီရဲ့ တတိယပတ်ထဲမှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းရဲဘော်တွေ ရှေ့တန်း ကင်းပွိုင့်ကို လူလဲပြီး ပင်မဌာနချုပ်ကို ပြန်လာတဲ့အချိန် လမ်းပေါ်မှာ စိတ်မကောင်းစရာ မြင်ကွင်းတစ်ခု ကြုံရတယ်။ ဒဏ်ရာရထားတဲ့ မျောက်ကလေးတစ်ကောင် လမ်းမပေါ်မှာ လဲကျနေတာကို တွေ့လိုက်ရတာပါ။ မျောက်ကလေးဟာ သူ့ကိုကယ်ပေးနိုင်မလားဆိုတဲ့ မျက်လုံးလေးတွေနဲ့ ရဲဘော်တွေကို ကြည့်နေခဲ့တယ်။

အဲဒီရက်ပိုင်းက တိုက်ပွဲတချို့လည်းရှိတာကြောင့် တိုက်ပွဲထဲပိတ်မိပြီး ဒဏ်ရာရခဲ့ပုံရတယ်လို့ ရဲဘော်တွေက ပြောပြတယ်။ဒါနဲ့ရဲဘော်တွေဟာ အမိမဲ့ မျောက်ကလေးကို စခန်းကို ခေါ်ဆောင်လာခဲ့ကြတယ်။

မျောက်ကလေးက အမ လေးပါ။ အသက်အရွယ်ကို မခန့်မှန်းတတ်ဘူး။ တောကျွမ်းတဲ့ရွာခံတွေကို မေးကြည့်တာကတော့ လသားလောက်ပဲရှိဦးမှာတဲ့။ မျောက်အမေကြီးကျောကုန်းပေါ် ခိုပြီးလိုက်တဲ့အရွယ် လို့​ပြောတယ်။ သို့ပေမဲ့ မျောက်မ​လေးကို တွေ့တဲ့အချိန် မျောက်အမေကြီးကိုတော့ မတွေ့ရတော့ဘူးလို့ ကယ်တင်လာတဲ့ရဲဘော်တွေရဲ့အတွေ့အကြုံကို သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းက အမျိုးသမီးရဲဘော် အွမ်ခေးက ထပ်ဆင့် ပြောပြတယ်။

Public Service Announcement

Public Service Announcement

“မျောက်အမေကြီးကတော့ သေသွားပြီထင်တယ်။ သူတစ်ကောင်တည်းကျန်ခဲ့တာဆိုတော့။ အနီးအနားမှာလည်း မျောက်အကြီးမတွေ့ဘူး။ သူတစ်ကောင်တည်း လမ်းမပေါ်မှာလဲနေတာ။”လို့ ရဲဘော်အွမ်ခေးက ပြောတယ်။

မျောက်မလေးကို ကယ်လိုတဲ့စိတ်နဲ့သာ ရဲဘော်တွေဟာ စခန်းကို ခေါ်လာခဲ့ပေမဲ့ သူတို့စခန်းမှာလူပဲကုတတ်တဲ့ ဆေးတပ်သားပဲရှိတယ်။

နောက်ပြီး မျောက်ကလေးဟာ လူမယဥ်ရှာဘူး။ မျောက်ကိုက်ရင်ခွေးရူးပြန်ရောဂါဖြစ်တတ်တယ်။ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ မေးခိုင်ကာကွယ်ရေးထိုးရမယ်လို့ပြောတယ်။ စခန်းမှာလည်း ရေခဲသေတ္တာတွေဘာတွေမရှိတဲ့အတွက် ခွေးရူးပြန်ကာကွယ်ဆေးက ထားလို့အဆင်မပြေဘူး။ မေးခိုင်ကာကွယ်ဆေးပဲရှိတယ်။ ကိုင်ရတာလည်း အဆင်မပြေဘူးလို့ ရဲဘော်အွမ်ခေးက ပြောပြတယ်။

သူ့ကိုဆေးကုသမှုပေးဖို့ကြိုးစားရင်း ရဲဘော်တစ်ယောက်အကိုက်ခံလိုက်ရသေးတယ်။ ဒါနဲ့ရဲဘော်ကို မေးခိုင်ကာကွယ်ဆေးထိုးပေးရတယ်။

မျောက်ကလေးကိုကုသပေးဖို့ အခက်အခဲရှိပေမဲ့ သူ့ဒဏ်ရာတွေက ကုသပေးမှ သူအသက်ရှင်မှာမို့ ဆေးအဖွဲ့က ရဲဘော်တွေကော ကျန်ရဲဘော်တွေပါ မျောက်ကလေးကို ချော့ကြတယ်။မြှူကြတယ်။အစာကျွေးလိုက်၊ ရေလေးတိုက်လိုက်နဲ့ လူယဥ်အောင် ကြိုးစားကြတယ်လို့ ရဲဘော်အွမ်ခေးက ပြောတယ်။

မျောက်ကလေးရဲ့ လက်မောင်းဒဏ်ရာကတော်တော်ကိုနက်တယ်။ ကျည်လည်းထုတ်ရတယ်။ အရိုးတော့ မထိဘူး။ စိတ်မကောင်းစရာက လက်ချောင်းလေးတစ်ချောင်းတော့ပြတ်သွားတယ်။ ခြေထောက်ဒဏ်ရာကတအားမနက်ဘူး။ ဒါပေမယ့်ဒဏ်ရာက ကြီးတယ်။ ဖန်ဂေါ်လီဒိုးလုံးလောက်ဟပြီး ပွင့်သွားတယ်။ အနီးကပ်ထိခဲ့ပုံရတယ်လို့ ရဲဘော်အွမ်ခေးက ပြောတယ်။

နောက်ထပ်စိတ်ထိခိုက်စရာက မျောက်ကလေးရဲ့နားထဲကနေ သွေးတွေထွက်လာတာပါ။ လက်နက်ကြီးသံကြောင့် နားစည်များကွဲသွားသလားလို့ ယူဆရတယ်။

“ကျည်တွေလက်နက်ကြီးတွေ အနီးကပ်ထိလို့ရှိရင် လူတွေတောင်မှနားမခံနိုင်ဘူး။သူတို့လည်း အသံကြောင့်ထင်တယ်။ နားမှာနားစည်ကွဲထားသလို သွေးတွေထွက်လာတယ်။ဆေးထည့်ရင်းနဲ့နားထဲကသွေးတွေစိမ့်ထွက်လာတယ်။”လို့ ရဲဘော်အွမ်ခေးက ပြောပြတယ်။

မျောက်ကလေးကို မတည့်တဲ့ဆေးတွေဘာတွေပေးမိပြီး တခုခုဖြစ်သွားမှာကို ရဲဘော်တွေစိုးရိမ်ကြတယ်။ဆေးအဖွဲ့က ပြည်တွေဘာတွေဆေးပြီးတော့အနာကိုအရက်ပြန်နဲ့ သေချာဆေးပေးတယ်။

ယူဆောထည့်ပြီး ပြည်ထုတ်ပေးတယ်။ Betadine ထည့်ပြီး သေချာ ပတ်တီးစည်းပေးခဲ့တယ်။

လက်ချောင်းထိပ်လေးတော့ ​ပြတ်သွားလို့ ညှပ်ချုပ်ပေးခဲ့တယ်လို့ ရဲဘော်အွမ်ခေးက ပြောပြတယ်။

ခက်ခက်ခဲခဲ ဆေးကုသပေးပြီးသွားတဲ့နောက်တော့ မျောက်ကလေးဟာသက်သာလာလို့ထင်တယ် နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်ပျော်သွားခဲ့တယ်။ မျောက်ကလေးအိပ်ပျော်သွားတော့ ရဲဘော်တွေ စိတ်ချမ်းသာကြတယ်။

နိုးလာတဲ့အချိန်မှာတော့ မယ်မင်းကြီးမ မျောက်မလေးဟာ လူယဥ်လာခဲ့ပါပြီ။ ရဲဘော်တွေဟာ သူ့ကို အန္တရာယ်မပြုဘူး၊ စောင့်ရှောက်ပေးနေတယ်ဆိုတာကို သိလာခဲ့တယ်။ နောက်ပြီး ဝမ်းသာစရာကောင်းတာက သူ့ဒဏ်ရာတွေကလည်း တဖြည်းဖြည်းနဲ့ သက်သာလာတယ်။

မျောက်ကလေးဟာ အခု​တော့ ဒဏ်ရာတွေသက်သာလာပြီး စခန်းမှာပျော်နေပါပြီ။ မပျော်ရှိရိုးလား။ ရဲဘော်တွေဟာ သူတို့ဟာသူတို့တောင် ထမင်းနပ်မှန်ချင်မှမှန်ပေမဲ့ မျောက်ကလေးအတွက်တော့ နပ်မှန်အောင် ကျွေးကြရှာတယ်။ သူ့ကို မုန်လာဥနီ၊ ထမင်းရယ်၊ ပေါင်မုန့်ခြောက်ရယ်၊ မြေပဲစေ့လေးတွေရယ်၊ အသီးအရွယ်တွေရယ် ကျွေးတယ်လို့ ရဲဘော်အွမ်ခေးက ပြောပြတယ်။

​နွေဦး​တော်လှန်​ရေးမှာ လူငယ်​တွေဟာ မတရားမှုနဲ့ စစ်အာဏာရှင်ကို ရွံမုန်းပြီး ​ဆွေစဥ်မျိုးဆက်စစ်ကျွန်ဘဝက​ရောက်မယ့်အ​ခြေအ​နေက လွတ်​မြောက်ဖို့ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြ​ပေမယ့် ချစ်ခြင်း​မေတ္တာနဲ့အကြင်နာတရားပြည့်ဝကြသလို ၊စာနာစိတ်လည်းရှိကြပါတယ်။ဒါ​ကြောင့် PDF ​တွေဟာ စစ်တပ်ကိုခုခံ​တော်လှန်​​နေတဲ့တချိန်တည်းမှာ ​တောထဲ​တောင်ထဲမှာ ငှက်​က​လေးတွေ ၊​ခွေး​တွေ ၊​မျောက်​တွေ စတဲ့ တိရစ္ဆာန်​တွေကို​မွေးမြူ​စောင့်​ရှောက်​ပေးကြ​လေ့ရှိပါတယ်။ကရင်ပြည်နယ်ဘက်မှာဆိုရင် ဝက်ဝံ​မွေး​စောင့်​ရှောက်ထားတဲ့ ရဲ​ဘော်​တွေပါရှိပါတယ်။

မနက်မိုးလင်းတိုင်းလည်း သူ့ကို ဆေးထည့်ပေးပါတယ်။ “တော်တော်လန်းပြီးတော်တော်သက်သာလာတယ်။ရောက်တုန်းကနဲ့မတူဘဲ တဖြည်းဖြည်းလန်းလာတယ်။”လို့ ရဲဘော်အွမ်ခေးက ပြောပြတယ်။

မျောက်ကလေးဟာ အခုဆို ဂါဒီဆိုတဲ့ နာမည်လှလှလေးတစ်ခုလည်း ပိုင်ဆိုင်ထားပါပြီ။ ကောက်လာတဲ့ ရဲဘော်က Rap ကြိုက်တဲ့ ရဲဘော်ပါ။ သူက Cardi B ပရိသတ်မို့ Cardi လို့ ပေးတာပါလို့ ရဲဘော်အွမ်ခေးက ပြောပြတယ်။

မိခင်နဲ့ ကွဲကွာခဲ့ရတဲ့ မျောက်မကလေး ဂါဒီကို မိခင်တွေနဲ့ ယာယီခွဲခွဲနေရတဲ့ ရဲဘော်တွေကပဲ ကယ်တင်ပေးလိုက်နိုင်ခဲ့လို့ ခုဆို ဂါဒီလေးဟာ စခန်းကတဖွဲ့လုံးနဲ့ တရုန်းရုန်းပျော်နေပါတော့တယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမ်းကလေးထဲ ကိုအောင်ခန့်ဇော်တို့ ဆိုင်ကယ်တွေဝင်လာရင်ပဲ ဘုရားဝင်း​ထဲက မျောက်တွေ မျက်လုံးတောက်ပသွားကြတယ်။ ဆိုင်ကယ်နောက်မှာတင်လာတဲ့ ဂျက်ဖာတွေထဲမှာ သူတို့အတွက်တခုခုပါလောက်တယ်ဆိုတာကို သိနေသလိုနဲ့ ကြည့်နေကြတယ်။ ဆိုင်ကယ်လည်း ရပ်လိုက်ရော မျောက်တွေ ဆိုင်ကယ်တွေနား ဝိုင်းအုံလာကြတယ်။

နိုင်ငံတကာ

မျောက်ရိုင်းတွေ ဖြစ်ပေမယ့် အရမ်းပါးနပ်သလို သူတို့ ရန်ပြုမယ့် ပစ်မှတ်ကိုလည်း အသေအချာ ရွေးချယ်ပြီးမှ အနောက်ဖက်ကနေ အလစ် ဝင်တိုက်ခိုက်လေ့ရှိကြောင်း မြို့တော်ဝန်ရုံး အရာရှိ တစ်ဦးဖြစ်တဲ့ မာဆက်တို ဆိုင်တိုက ပြောပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာတော့ သုတေသီတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၅၀၀ လောက် မြင့်မားတဲ့ ကိုင်ကွမ်ဆန်း တောင်ပေါ်မှာ အရောင်အသွေး တောက်ပလွန်းတဲ့ ဖားမျိုးစိတ်သစ် တစ်ခုကို ရှာတွေ့ခဲ့ပြန်ပါတယ်။

နိုင်ငံတကာ

မျောက်တွေက ခွေးလေးတွေကို ဖမ်းဆီးသွားပြီးရင် သစ်ပင် အမြင့်ကြီးတွေ၊ အိမ်အမိုးတွေပေါ် တင်ထားခဲ့ကြပါတယ်။ အဲဒီ ခွေးကလေးတွေဟာ အစာရေစာ ငတ်ပြတ်လို့ဖြစ်စေ၊ အမြင့်ကနေ ပြုတ်ကျပြီးဖြစ်စေ သေကုန်ကြပါတယ်။ ဒီလို လုပ်ရပ်မျိုးကို မျောက်နှစ်ကောင်က ဘာကြောင့် စိတ်တူကိုယ်တူ ကျူးလွန်ကြသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။