Connect with us

Hi, what are you looking for?

ဆောင်းပါး

မဟာမုနိဘုရားဒါယိကာ မျက်နှာဖုံးတပ်​ရှေ့ထွက်လာတဲ့ လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်

စစ်‌ကောင်စီ၏အဓိကလက်နက်ပွဲစားတဦးဖြစ်​သော ဒေါက်တာနိုင်ထွဋ်အောင်က စစ်ကိုင်းငလျင်ကြောင့်ပျက်စီးသွားသည့် မန္တလေးမဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်ဟုဆိုကာ ရွှေသား ၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ကို လှူဒါန်းလိုက်သည်။

လက်နက်ပွဲစား ခရိုနီ ​ဒေါက်တာ နိုင်ထွဋ်​အောင်က မဟာမုနိဘုရားစိန်ဖူးတော်အသစ်ပြုလုပ်ရန်နှင့် ငလျင်​ကြောင့်ပျက်စီးခဲ့​သည့်တို့အတွက် ရွှေ၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ​လှူဒါန်းစဥ်(ဓါတ်ပုံ-မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ )

ယောနသံ/People’s Spring

စစ်‌ကောင်စီ၏အဓိကလက်နက်ပွဲစားတဦးဖြစ်​သော ဒေါက်တာနိုင်ထွဋ်အောင်က စစ်ကိုင်းငလျင်ကြောင့်ပျက်စီးသွားသည့် မန္တလေးမဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်ဟုဆိုကာ ရွှေသား ၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ကို လှူဒါန်းလိုက်သည်။

ဒေါက်တာနိုင်ထွဋ်အောင်နှင့် ဒေါက်တာဝေဝေရင် “ကွန်းခိုရာ”မိသားစုက မန္တလေးမြို့ မဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်အတွက်ရွှေသား(၃)ပိဿာ ၊ အရှေ့စောင်းတန်းခါးပြတ်ပြာသာဒ်နှင့် ကျောင်းတော်ကြီးတိုင်(၆)တိုင်တည်ဆောက်ပြုပြင်ရန်အတွက် ကျပ်သိန်း၂၆,၀၀၀ကိုက ဇွန်လ၇ရက်နေ့တွင် ရေစက်ချလှူဒါန်းသည်ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒေါက်တာ နိုင်ထွဋ်အောင်သည် စစ်ကောင်စီထံသို့ လက်နက်များတင်ပို့ရောင်းချနေသည့် International Gateways Group(IGG) ကုမ္ပဏီ အုပ်စု၏ပိုင်ရှင်ဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်အနေများကာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အလွန်ရင်းနီးသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

IGG ကုမ္ပဏီအုပ်စုတွင် Myanmar New Era Trading ကုမ္ပဏီအပါအဝင် ပြည်တွင်း နှင့် စင်ကာပူ ၊​ဟောင်​ကောင် ၊ထိုင်း အပါအဝင် နိုင်ငံတကာ၌ ကုမ္ပဏီ​ပေါင်း ၄၀ ခန့်တည်​ထောင်လုပ်ကိုင်​နေ​သော လုပ်ငန်းစုဖြစ်သည်။ထို​ကြောင့် ဒေါက်တာ နိုင်ထွဋ်အောင်သည် လူမြင်ကွင်း​ရှေ့သို့အထွက်နည်း​သော်လည်း စစ်တပ်အတွက်လက်နက်ပွဲစားလုပ်ရာမှ လွန်စွာ အကျိုးအမြတ်ရပြီး ချမ်းသာ​နေ​သော ခရိုနီတဦးဖြစ်သည်။

“စစ်ကောင်စီက လက်နက်တွေ ထပ်ဝယ်ဖို့ ရှိနေတယ်။ ဒေါက်တာနိုင်ထွဋ်အောင်က အချိန်ကိုက် လှုပ်ရှားတဲ့သဘောပါ။သူလုပ်ကွက်‌တွေထပ်ရသွားမှာပါ” ဟု အထက်ပါလုပ်ငန်းရှင်က​ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံက ကြားခံ၍ ပါကစ္စတန်နိုင်ငံမှတစ်ဆင့် စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် ဒေါက်တာနိုင်ထွဋ်အောင်ကအဓိကချိတ်ဆက်ပေးခဲ့ကြောင်း၊ တရုတ်အစိုးရသည်ပါကစ္စတန်နိုင်ငံမှတစ်ဆင့်စစ်ကောင်စီထံ လက်နက်ပစ္စည်းများ လျှို့ဝှက်ထောက်ပံ့ပေးနေကြောင်းအိန္ဒိယနိုင်ငံအခြေစိုက် ANI သတင်းဌာနက ၂၀၂၂ မတ်လ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဒေါက်တာနိုင်ထွဋ်အောင်သည်မြန်မာ့စစ်လက်နက်ကုန်သွယ်ရေး၌ အဓိကပုဂ္ဂိုလ်ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းပေးသွင်းသူများနှင့် စစ်ကောင်စီကို အဓိကဆက်သွယ်ပေးနေသူဖြစ်ကြောင်း Justice for Myanmar(JFM) ကလည်း​ဖော်ထုတ်ထားသည်။ JFM သည် စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မှုများ၊ တရားမဝင်အကျိုးစီးပွားများ၊ လက်နက်အရောင်းအဝယ်ကိစ္စများကိုဖော်ထုတ်ပေးနေသည်။

ဒေါက်တာနိုင်ထွဋ်အောင်သည်အာဏာလုစစ်အုပ်စုအတွက် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသော စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဥ်အစိတ်အပိုင်းများနှင့်နည်းပညာများ အဆင့်မြှင့်တင်ဝယ်ယူပေးခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့သူဖြစ်ပြီး ” လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး ချမ်းသာ ကြွယ်ဝမှုနဲ့ ဇိမ်ခံဘဝမျိုးကို ရရှိထားတာ ဖြစ်ပါတယ်” ဟု Justice For Myanmarက ၂၀၂၃ စက်တင်ဘာလ ၉ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ဒေါက်တာနိုင်ထူးအောင် ပိုင်ဆိုင်သောIGG ကုမ္ပဏီကွန်ရက်ထဲက ကုမ္ပဏီ(၅) ခုသည် စင်ကာပူနိုင်ငံ၌ မှတ်ပုံတင်ထားဆဲဖြစ်ပြီး ” စင်ကာပူအစိုးရအနေနဲ့ သူတို့ပိုင်နက်အထဲကနေ နိုင်ထွဋ်အောင်က တရားမဝင်မြန်မာစစ်အုပ်စုအပေါ်ပံ့ပိုးကူညီနေတာကို ဘယ်အချိန် အထိ ခွင့်ပြုပေးနေမှာလဲ”ဟုJFMက မေးခွန်းထုတ်ခဲ့သည်။

၎င်းသည် ယခင်က စင်ကာပူတွင်​နေထိုင်​သော်လည်း​နောက်ပိုင်းတွင် ယူ​အေအီးနိုင်ငံ ဒူဘိုင်းတွင်လည်း​နေထိုင်သည်ဟုသိရသည်။ ထိုအပြင် ၎င်းသည် ကာရစ်ဘီယံကျွန်း Grenada မှ နိုင်ငံကူးလက်မှတ်ကိုပါ ကိုင်​ဆောင်ထား​ကြောင်းသိရသည်။

ဒေါက်တာနိုင်ထွဋ်အောင်နှင့် ၎င်း၏ ကုမ္ပဏီ International Gateways Groupတို့ကို အမေရိကန်၊ က​နေဒါ ၊ ဗြိတိန် အစိုးရနှင့် ဥ​ရောပ သမဂ္ဂတို့က က၂၀၂၂ ခုနှစ်မှစ၍ ဒဏ်ခတ်အရေးယူပိတ်ဆို့ခဲ့သည်။သို့သော် ၎င်းသည် တရုတ်အစိုးရနှင့်ချိတ်ဆက်ပီး စစ်ကောင်စီအတွက် အဓိကလက်နက်ပွဲစားဖြစ်နေဆဲဟုစီးပွားရေးလုပ်ငန်းရှင်သတင်းရင်းမြစ်ကဆိုသည်။

မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခဲ့သည့် ရစ်ခ်တာစကေး ၇ဒဿမ၇ အဆင့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့မှ မဟာမုနိဘုရားကြီးနှင့် ကျောင်းအဆောင်အဦ ၇၀ ရာခိုင်နှုန်းပျက်စီးသွားကြောင်းဂေါပကအဖွဲ့က ထုတ်ပြောပြီး အလှူခံခဲ့သည်။

ဧရာဝတီဘဏ်ပိုင်ရှင်ဦးဇော်ဇော်ကလည်းကျောင်းတော်ကြီးပျက်စီးမှုကုန်ကျစရိတ်အားလုံး လှူဒါန်းမည်ဟုမဟာမုနိဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသန်းဦး က သတင်းမီဒီယာအချို့အား အသိပေးထားသည်။

ဒေါက်တာနိုင်ထွဋ်အောင် ယခုလှူသည့် ရွှေသား ၃ပိဿာနှင့်ကျပ်သိန်းပေါင်း ၂၆၀၀၀ ကိုစစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်မှဦးဆောင်၍ လက်ခံရယူသွားခဲ့သည်။

အဆိုပါအလှူနဲ့ပတ်သက်ပြီးပြည်သူတဦးက​တော့ “မဟာမုဏိဘုရားကတော့ နိုင်ထွဋ်အောင်ရဲ့ အကုသိုလ်အားကယ်တင်နှိုင်လိမ့်မယ်မထင်ပါဘူး”ဟု မှတ်ချက်ပြုပါသည်။

ငလျင်လှုပ်ခဲ့သည့်မတ် ၂၈ ရက်နေ့နောက်ပိုင်းစစ်ကောင်စီသည် ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းများတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ကျော်ပြုလုပ်ခဲ့သည်။ ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူ ၅၀၀ နီးပါးသေဆုံးပြီး ၈၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေလ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း၂,၈၄၁ခုရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“အပြစ်မဲ့လူတွေရဲ့ အသက်တွေသတ်ထားတဲ့အကုသိုလ်ကို ကုသိုလ်နဲ့ ဗေဒင်လိုလို ယတြာလိုလိုလုပ်ပြီး ကာဗာလုပ်လို့မရဘူး။အခု သူတို့နေလို့ရနေတာ အကုသိုလ်ကံတွေ အကျိုးပေးချိန်မကျသေးလို့။ သူတို့သတ်ဖြတ်မှုတွေက အချိန်ကျလာမှာပါလေ” ဟု​ထေကြီးဝါကြီး ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူသေဆုံးမှုများတွင် ဒေါက်တာနိုင်ထွဋ်အောင်နှင့် မိသားစုသည်စစ်ကောင်စီအတူ အဓိကတရားခံတစ်ဦးဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

“မတရားတဲ့ဘက်မှာရပ်ပြီး လူတွေအများကြီးကိုသတ်ပြီးမှ ဘာပဲလှူလှူ၊ ဘယ်ကိုလှူလှူ၊ ဘာကြောင့်လှူလှူ ဝဋ်က မကျေပါဘူး “ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် သံဃာတော်တစ်ပါးကမိန့်ကြားသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်

သတင်း

အာဏာရှင်အဖွဲ့အစည်း၏ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း နှင့် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးသည့် သူများအပေါ် အမေရိကန်အစိုးရ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

မြန်မာပြည်သူများကို အားပေးထောက်ခံသွားရန် မိမိတို့၏သံန္နိဋ္ဌာန်မှာ ဆက်လက်ခိုင်မြဲလျက်ရှိပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီးမရှိပေးအပ်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည် ရောက်ရှိရန် အမေရိကန်က ထပ်မံတောင်းဆိုသည်။

သတင်း

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတင်သွင်းနေတဲ့ ကုမ္ပဏီ (၃၁)ခုရှိနေတာကို JFM က ဖော်ထုတ်တွေ့ရှိခဲ့ပြီး EU အနေနဲ့ အဲဒီကုမ္ပဏီတွေကို မဖြစ်မနေဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့လိုအပ်တယ်လို့ ထောက်ပြပါတယ်။

Facebook