ဟာနာဆန်/People’s Spring
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာစက်တင်ဘာ ၂၈ ရက်မှာ ၆ လ တင်းတင်း ပြည့်ခဲ့ပါပြီ။ နှစ်ဝက်သာကျိုးခဲ့ပေမဲ့ မန္တလေးဟာ ရုန်းကန်နေရဆဲပါ။
●မပြီးစီးသေးတဲ့ အပြိုအပျက်ရှင်းလင်းရေး
မန္တလေးမြို့က ငလျင်သင့်အဆောက်အအုံတွေကို ဖြိုချပြီးဖြစ်ပေမဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကတော့ အခုထိမပြီးသေးပါဘူး။ လုပ်သားအခက်အခဲ၊ အကူအညီမရပဲ ကိုယ်ထူကိုယ် ထလုပ်ရတာ၊ရှင်းလင်းဖို့မြေနေရာကျဥ်းမြောင်းတာတွေကြောင့် ၆ လ ပြည့်တဲ့ ရှင်းလင်းနေရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“လမ်းပေါ်ကန့်လန့်မိုးနေတဲ့ ကွန်ဒိုကတော့ ဖြိုပြီးသွားပြီ။ ဒါပေမဲ့လမ်းပေါ်ဖြိုထားတော့ လမ်းပိတ်ထားတယ်။ ခုထိရှင်းလို့မပြီးသေးဘူး”လို့ မဟာအောင်မြေမြို့နယ်နေ အမျိုးသမီးတဦးက ပြောပါတယ်။
ငလျင်သင့်အဆောက်အအုံတွေဖြိုနေလို့လမ်းပိတ်ထားတာကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ နေ့စဥ်ဖြစ်ပွားနေကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။
●ရှာဖွေရေးတွေ ရပ်ဆိုင်းလိုက်ပြီ
မန္တလေးမြို့မှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့၊ ရုပ်အလောင်းရှာဖွေမှု လချီအထိ ကြာမြင့်ခဲ့တဲ့ Sky Villa ဟာ ၆ လပြည့်ဖို့ တစ်ပတ်ကျော်အလို စက်တင်ဘာ ၁၆ ရက်မှာ ရှာဖွေရေးတွေ ရပ်ဆိုင်းလိုက်ပါတယ်။
၆ လနီးပါးအတွင်း စက်တင်ဘာလ ၁၅ ရက်အထိ Sky Villa ကွန်ဒို ပြိုကျမှုကနေ ရုပ်အ လောင်း ၂၀၇ လောင်း ရှာဖွေထုတ်ပေးခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။ ဒါပေမယ့်ရုပ်အလောင်းတွေ ပြန်မရသေးတဲ့သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ရုပ်အလောင်းရှာဖွေမှုတွေမပြီးပဲ ရပ်လိုက်ကြတာဖြစ်ပါတယ်။
အဆောက်အအုံကို ပြိုတဲ့နေရာမှာပဲပြန်ဆောက်ဖို့စီစဥ်တာ ၊နစ်နာသူတွေကို သင့်တော်တဲ့လျော်ကြေးမပေးတာ ၊ဆောက်လုပ်ရေးကုမ္ပဏီဘက်က လုံလောက်တဲ့ တာဝန်ခံမှုတောင်းပန် မှုတွေမလုပ်ဘူးဆိုပြီး အခန်းရှင်တွေက မကျေနပ်ကြပါဘူး။
ဒါကြောင့် Sky Villa ဇာတ်လမ်းဟာ မပြီးဆုံးသေးဘဲ အခန်းပိုင်ရှင်တွေက ကွန်ဒိုပိုင်ကုမ္ပဏီကို တရားစွဲဆိုဖို့ရှိတယ်လို့လည်း သိရပါတယ်။
●ရှင်းလင်းရေးမှာ အသက်ပေးခဲ့ရသူတွေ
ငလျင်လှုပ်ခတ်ပြီးတော့ ပြိုကျသွားတဲ့အဆောက်အအုံတွေကို ရှင်းလင်းဖို့အတွက် ရန်ကုန်အပါအဝင် ဒေသအသီးသီးက အလုပ်သမားတွေ မန္တလေးမြို့ဆီ ရောက်ရှိလာခဲ့ကြပါတယ်။ ဦးထုပ်အပါအဝင် အသက်အန္တရာယ် ကာကွယ်ရေး ပစ္စည်းတွေ မပါရှိဘဲ လူအားနဲ့ ဖြိုချ၊ ရှင်းလင်းကြပါတယ်။
အဲဒီလို လုပ်ငန်းခွင်တွေမှာ အဆောက်အအုံဖြိုရင်း ပိမိတာ၊ ဓါတ်လိုက်တာတွေကြောင့် အလုပ်သမား ၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် သံဃာတော်တပါးလည်း ဓာတ်လိုက်ကာ ပျံလွန်တော်မူခဲ့ပါတယ်။
●ဘေးကင်းမှုမရှိသေးတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေကြရ
ငလျင်ကြောင့် လုံးဝပြိုကျသွားတာမျိုးမဟုတ်ဘဲ အက်ကွဲသွားတဲ့နေအိမ်တွေ၊ တိုက်ခန်းတွေ မန္တလေးမြို့မှာ အများကြီး ရှိခဲ့ပါတယ်။ အဲဒီနေအိမ်တွေမှာ အိမ်ရှင်တွေကိုယ်တိုင်လည်း ပြန်လည်ပြင်ဆင်တာမျိုးမရှိဘဲ ပြန်နေထိုင်နေကြပါတယ်။
အလုပ်သမားရှားပါးမှုနဲ့ ငွေကြေးအခက်အခဲတွေကြောင့် ပြန်လည်ပြင်ဆင်ဖို့ မတက်နိုင်တာကြောင့် နေထိုင်နေရတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်မန္တလေးမှာ မိုးများခဲ့တာကလည်း ငလျင်ဘေးသင့်နေအိမ်တွေအတွက် အခက်အခဲတွေ ပိုကြီးစေခဲ့တယ်လို့ သိရပါတယ်။ “အိမ်ပြန်နေလို့မရသေးဘူး။ ပြင်လို့လည်းမရသေး ငလျင်ပြီးကတည်းကအိမ်ခြံဝင်းထဲရေတွေရှိနေတော့ မိုးရွာတော့ပိုဆိုးပြီပေါ့။”လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။
●နောက်ဆက်တွဲငလျင်တွေကြောင့်ပြည်သူတွေစိုးရိမ်နေရဆဲ
ငလျင်ကြီးလှုပ်ခတ်တာ ၆ လ ပြည့်ခဲ့ပြီဖြစ်ပေမဲ့ နောက်ဆက်တွဲ ငလျင်တွေဟာ ထပ်မံလှုပ်ခတ်နေဆဲပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကပဲ မန္တလေးမြို့မှာ သိသာတဲ့ နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်သွားပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။
“၂၈ရက်နေ့တုန်းကတော့ သားကို ပိုက်ပြေးခဲ့တာ။ ခုဆို ငလျင်ဆိုတာနဲ့ ခြေထောက်တွေက လှုပ်မရတော့ဘူး”လို့ မန္တလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
အဆိုပါငလျင်ဟာ ပြင်ဦးလွင်အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၉ အဆင့်နဲ့ လှုပ်ခတ်သွားခဲ့တာဖြစ်
ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ကြီးလှုပ်ပြီး ရက်ပိုင်းအကြာမှာ ဒါဇင်နဲ့ချီတဲ့နိုင်ငံတွေက အရေးပေါ်ရှာဖွေ၊ကယ်ဆယ်ရေးတွေလာကူပေးတာ ၊ ကယ်ဆယ်ရေးပစ္စည်းတွေအကူအညီပေးအပ်တာ ၊အရေးပေါ်အကူအညီ နဲ့ပြန်လည်ထူထောင်ရေးအကူအညီတွေပေးအပ်ကြတယ်လို့ စစ်ကောင်စီက မစားရ ဝခမန်းသတင်းတွေဖော်ပြခဲ့ပါတယ် ။ ပြသာနာက ငလျင် လှုပ်ပြီး ၆ လကြာတဲ့တိုင် မန္တလေးမြို့ကရော ၊စစ်ကိုင်းမြိူ့ကရော ငလျင်ဒဏ်အဆိုးဆုံးခံရတဲ့ဒေသက ပြည်သူတွေဟာ စစ်ကောင်စီဆီက ထိရောက်တဲ့အကူအညီ ဘာမှ မယ်မယ်ရရ မရခဲ့ကြဘူးလို့ပြောပါတယ် ။ဒါကြောင့် ပြည်သူတွေဟာ ကိုယ်ထူကိုယ်ထသာရုန်းကန်နေကြရပါတယ်။
နိုင်ငံတကာက ဒေါ်လာသန်းရာနဲ့ချီပေးအပ်ခဲ့တယ်ဆိုတဲ့ အကူအညီတွေက ဘယ်ရောက်ကုန်ပြီလဲလို့ ငလျင်သင့်ပြည်သူတွေကမေးခွန်းထုတ်နေကြပါတယ်။



















































