Connect with us

Hi, what are you looking for?

ဆောင်းပါး

ခြိမ်း​​ခြောက်မှု​တွေကို အံတုပြီးမဲမ​ပေးခဲ့တဲ့ သတ္တိရှင်များ

အာဏာလုစစ်တပ်က ပြည်သူ​တွေကိုပုံစံမျိုးစုံနဲ့ ခြိမ်း​ခြောက်ပြီး လုပ်​ခဲ့တဲ့ ​ရွေး​ကောက်ပွဲအပိုင်း (၁)မှာ စစ်အုပ်စုရဲ့ မတရားမှု​တွေကို ​ခေါင်းငုံ့မခံလိုတာ​ကြောင့် သတ္တိရှိရှိ မဲမ​ပေးတဲ့ပြည်သူများစွာရှိခဲ့ပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲ​နေ့ ရန်ကုန်မဲရုံအချို့မြင်ကွင်း/ ​စစ်တပ်ရွေး​ကောက်ပွဲအပိုင်း ၁ လုပ်တဲ့​ဒေသနဲ့ ​ရွေး​ကောက်ပွဲမလုပ်နိုင်တဲ့​ဒေသပြအင်ဖိုဂရပ်။ဓါတ်ပုံ-People's Spring ၊CJ

နေ့သစ်၊တာရာ/People’s Spring

အာဏာလုစစ်တပ်က ပြည်သူ​တွေကိုပုံစံမျိုးစုံနဲ့ ခြိမ်း​ခြောက်ပြီး လုပ်​ခဲ့တဲ့ ​ရွေး​ကောက်ပွဲအပိုင်း (၁)မှာ စစ်အုပ်စုရဲ့ မတရားမှု​တွေကို ​ခေါင်းငုံ့မခံလိုတာ​ကြောင့် သတ္တိရှိရှိ မဲမ​ပေးတဲ့ပြည်သူများစွာရှိခဲ့ပါတယ်။

ဒါ​ကြောင့် စစ်တပ်စိတ်တိုင်းကျစီစဥ်တဲ့​ရွေး​ကောက်ပွဲမှာ မဲ​ပေးသူအလွန်နည်းခဲ့ပါတယ်။ရန်ကုန် ၊မန္တ​လေး ၊ပုသိမ် ၊ဟသာ်တ၊က​လေး စတဲ့မြို့​တွေမှာ လမ်း​​တွေ​ပေါ်မှ​ခြောက်ကပ်ကပ်နဲ့မဲ​ပေးသူအလွန်နည်းခဲ့ပါတယ်။ရန်ကုန်မြို့က မဲရုံ​တွေအနီး ပြည်သူ​တွေကို​မေးမြန်းမှု နဲ့ မဲရုံ​တွေလိုက်ပြီး ​လေ့လာတဲ့အ​ခြေအ​နေအရ မဲ​ပေးသူ အ​ရေအတွက်ဟာ မဲ​ပေးခွင့်ရှိသူ ထက် သုံးပုံတစ်ပုံခန့်ပဲရှိတယ်လို့မဲ​ပေးခဲ့သူ​တွေ၊မဲရုံဝန်ထမ်းအချို့အ​ပြော နဲ့​လေ့လာမှုအရ​တွေ့ရှိရပါတယ် ။

စစ်တပ်ရဲ့ခြိမ်း​ခြောက်ဖိနှိပ်မှုမျိုးစုံကြားက မဲ​မ​ပေးဖို့က​တော်ရုံသတ္တိရှိသူ​တွေ လုပ်ဝံ့တဲ့အရာမဟုတ်ပါဘူး။ဒါ​ပေမယ့် မြန်မာနိုင်ငံမှာအဲဒီလိုသတ္တိရှိသူ​တွေများစွာရှိပါတယ် ။ ​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာမို့ ၊ပြည်ပ​ရောက်​နေတာမို့ စစ်တပ်​ရွေး​ကောက်ပွဲကိုမဲမ​ပေးဘူးဆိုတာအနည်းငယ်လွယ်ကူ​ပေမယ့် စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာ​နေထိုင်တဲ့ပြည်သူ​တွေ မဲမ​ပေးဖို့ဆိုတာ မလွယ်ကူလှပါဘူး။

Public Service Announcement

Public Service Announcement

“မနေ့က အထိတော့ ကြောက်စိတ်ရှိတယ်။မဲမထည့်လို့ စစ်တာဆေးတာရှိရင် ဖမ်းမလားဆိုပြီး။ဒီမနက်တော့ ကိုယ့်စိတ်ကို ယတိပြတ်ဆုံးဖြတ်လိုက်တယ်။မဲ လုံးဝ သွားမပေးဘူး။ဒီ့အတွက်လည်း အခုချိန်မှာ ဂုဏ်ယူနေတယ်” လို့ ရန်ကုန်မ့ို့​နေအသက် ၆၀ အရွယ်အမျိုးသမီးကြီးတဦးကပြောတာဖြစ်ပါတယ်။

​မန္တ​လေးမြို့ကပထမဆုံးမဲ​ပေးရမယ့် အရွယ်သာရှိ​သေးတဲ့အမျိုးသမီးငယ်ကလည်း” သမီးကအခုမ မဲစထည့်ရမှာ လေ။ထည့်ဖူးချင်တာပေါ့။ဒါပေမယ့် မင်းအောင်လှိုင်ကိုမုန်းလို့မထည့်လိုက်ဘူး။အကုန်ကောင်းနေတာကိုသူလုပ်လို့ကမောက်ကမတွေဖြစ်ကုန်တာ”လို့​ပြောပါတယ်။ တစ်ကယ်လို့ရွေး​ကောက်ခံအရပ်သား အစိုးရ​တွေကလုပ်တဲ့လွတ်လပ်မျှတရွေး​ကောက်ပွဲဆိုရင်သူက First Voter အဖြစ်သူ​တက်တက်ကြွကြွမဲ​ပေးခဲ့သူဖြစ်ပါတယ်။

မဲ​ပေးသူနည်းတာ​ကြောင့်ရန်ကုန်မြို့မှာ မဲရုံရှိတဲ့​နေရာ​တွေမှာ လူသိသိသာသာနည်းပြီး မဲပေးသူဦးရေဟာမဲ​ပေးသူအ​ရေအတွက်ထက် သုံးပုံတစ်ပုံခန့်ပဲရှိတယ်လို့မဲရုံဝန််ထမ်းအချို့၊ မဲရုံသွားခဲ့တဲ့ပြည်သူ​တွေနဲ့ မဲရုံ​တွေ​လေ့လာမှုအရသိရပါတယ်။

မဲရုံ​တွေမှာဟာမနက် ၆ နာရီ မဲရုံဖွင့်ချိန်ကနေ ညနေ ၄ နာရီ မဲရုံပိတ်တဲအချိန်ထိ မဲလာပေးသူဦးရေဟာ အနည်းငယ်ဝန်းကျင်သာရှိပါတယ်။

မဲလာပေးသူတွေရဲ့ မျက်နှာမှာလည်း စိုးရိမ်မှုတွေရှိတာကိုမြင်တွေ့ခဲ့ရပါတယ်။

၂၀၂၅ ရွေးကောက်ပွဲကို ကိုဗစ်ကာလမှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့နှိုင်းယှဉ်ရင် မဲ​ပေးသူ အလွန်နည်းပါးခဲ့တာပါ။မန္တ​လေးမြို့မှာလည်း ဒီ​နေ့မှာလမ်း​တွေ​ပေါ်မှာလူသွားလူလာသိသိသာသာနည်းပါးခဲ့သလို မဲ​ပေးသူလည်းနည်းပါးခဲ့ပါတယ်။

မန္တလေးအောင်မြေသာဇံမြို့နယ်က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကတော့ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲမပေးဘူးလို့ ပြောပါတယ်။ “ထောင်ကျလည်း ထောင်ထဲရောက်ဖူးတယ်ပဲ တွေးလိုက်တယ်။ သွားမပေးပါဘူး။ ကျွန်တော်တို့က တော်လှန်ရေးစိတ်ရှိတယ်။”လို့ သူက ပြောပါတယ်။

ပြည်သူ​တွေဟာ မဲမ​ပေးရဖို့ပါးပါးနပ်နပ် နဲ့​ရှောင်ရှားခဲ့ကြတာလည်းအများကြီးပါပဲ။ ပြည်သူ​တွေကမဲမ​ပေးရဖို့ ဘယ်လို​​ရှောင်ရှားကြတယ်ဆနုတာကို အခု​ဆောင်းပါးမှာ​ရေးသားရင် စစ်တပ်ကပြည်သူ​တွေကို အန္တရာယ်ပြုမှာ ၊ပိုအကြပ်ကိုင်မှာ ၊ကျန်​နေ​သေးတဲ့ အပိုင်း ၂ ၊ ၃ လုပ်မယ်ဆိုတဲ့​ဒေသကပြည်သူ​တွေကိုပိုဖိနှိပ်လာနိုင်တဲ့အတွက်မ​ရေးသား၊မ​ဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“အမေစုလက်ထက်တုန်းကရှေ့ဆုံးကနေ မဲပေးခဲ့တာပါ။ ဒီမတရားတဲ့ ရွေးကောက်ပွဲကို မဲပေးဖို့ကျ စိတ်ကမသန့်တော့ဘူး။ စီးပွားရေးနဲ့ အလုပ်အကိုင်အရ အစိုးရလုပ်ငန်းတွေနဲ့ ရှောင်ဖို့ခက်ပေမယ့် အတတ်နိုင်ဆုံးတော့ မပတ်သက်မိအောင် ကြိုးစားနေပါတယ်။စစ်တပ်ထုတ်ကုန်မသုံးဘူး။ ရအောင်ရှောင်တယ်။တော်လှန်ရေးမှာလည်း ကိုယ်တတ်နိုင်တာ ကူညီနေပါတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ရဲရဲဝံ့ဝံ့​ပြောပါတယ်။ ၂၀၂၀​ရွေး​ကောက်ပွဲကို မနက်အ​စောကြီးထပြီး တက်တက်ကြွကြွမဲ​ပေးခဲ့​ပေမယ့် စစ်တပ်​ရွေး​ကောက်ပွဲကို သူမဲမ​ပေးခဲ့ပါဘူး ။

မဲမ​ပေးရင် စစ်တပ်လက်​အောက်ခံအဖွဲ့​တွေက​ငွေညှစ်မှာ ၊ ဖမ်းဆီးမှာ ၊ခြိမ်း​ခြောက်အကြပ်ကိုင်မှာ ၊အကြမ်းဖက်မှာ စတဲ့ အသံမျိုးစုံ​ကြောင့် ​ကြောက်​ပေမယ့် မဲမ​ပေးခဲ့ဘူးလို့ မန္တ​လေးမြို့ကို​ရောက်​နေတဲ့ စစ်​ဘေး​ရှောင်တဦးက​ပြောပါတယ်။

“တကယ်ကတော့ မပေးချင်ဘူး။လာပြောတော့သွား ပေးရမယ်ဆိုလည်း ပါတီတခုဆီထည့်ထားခဲ့မလို့။ဒါပေမယ့်မအားလို့ မသွားဖြစ်လိုက်ဘူး။‌‌‌​ကြောက်တော့ကြောက်တယ်”လို့ သူက​ပြောပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲဟာ ပြည်ပနိုင်ငံ​ရောက်မြန်မာ​တွေလည်း စံချိန်တင် မဲ​ပေးမှု နည်းခဲ့ပါတယ် ။ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတရားဝင်​ရော၊တရားမဝင်​ရောက်​နေသူ ၁၀ သန်း​ကျော်ရှိ​ပေမယ့် စစ်တပ်​ရွေး​ကောက်ပွဲကို မဲ​ပေးဖို့စာရင်း​ပေးထားသူ ၅၀၀၀ ​ကျော်ပဲရှိတယ်လို့ စစ်တပ်​လက်​အောက်ခံ​ရွေး​ကောက်ပွဲ​ကော်မရှင်က ​ပြောထားပါတယ်။ မြန်မာနိုင်ငံသားသန်း​ပေါင်းများစွာရှိတဲ့ ထိုင်းနိုင်ငံမှာ မဲ​ပေးသူ သုံးရာ​​လောက်ပဲရှိတယ်လို့ စုံစမ်းသိရှိရပါတယ် ။

၂၀၂၀ ​ရွေး​ကောက်ပွဲမှာပြည်သူ ၃၇ ​ကျော်မဲ​ပေးပြီး တခဲနက်အနိုင်ရရှိထားတဲ့ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေပြင်းထန်စွာဖြစ်ပွား​နေတဲ့ကြား၊နယ်​မြေအများအပြားဆုံးရှုံးထားတဲ့ကြားက​ရွေး​ကောက်ပွဲလုပ်​နေတာဖြစ်ပါတယ်။အာဏာသိမ်း စစ်တပ်တရားဝင်မှုရဖို့နဲ့ အာဏာ​ရေရှည်ဆုပ်ကိုင်နိုင်ဖို့လုပ်တဲ့​ရွေး​ကောက်ပွဲကို ဆန်ကျင်ကြဖို့​တော်လှန်​ရေးအင်အားစု​တွေကတိုက်တွန်းထားပါတယ်။

ဒါအပြင်​တော်လှန်​ရေးအင်အားစု​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာ စစ်တပ်​ရွေး​ကောက်ပွဲမလုပ်နိုင်ပါဘူး ။စစ်တပ်က ​ရွေး​ကောက်ပွဲကိုအပိုင်း ၃ ပိုင်းခွဲလုပ်မယ်လို့​ပြောထားပြီး ဒီဇင်ဘာ၂၈ မှာလုပ်တဲ့ အပိုင်း တစ်မှာ ၁၀၂ မြို့နယ် ၊ ၂၀၂၆ ဇန်နဝါရီမှာလုပ်မယ့်အပိုင်း နှစ်မှာမြို့နယ် ၁၀၀ ၊ ဇန်နဝါရီ ၂၅ မှာလုပ်မယ့်အပိုင်း သုံးမှာ ၆၃ မြို့နယ်လုပ်မယ်လို့ဆိုပါတယ်။ဒါ​ကြောင့် မြို့နယ် ၆၅ မြို့နယ်မှာ​ရွေး​ကောက်ပွဲမလုပ်နိုင်ပါဘူး ။အဲဒီမြို့နယ်​တွေဟာ​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသတွဖြစ်ပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲအပိုင်း ၃ လုပ်မယ့်​ကြေညာထားတဲ့ အထဲကချင်ပြည်နယ်က မံစီ၊မိုး​​မောက်မြို့​တွေလည်းပါဝင်​နေပြီး အဲဒီမြို့နယ်​တွေဟာ​KIA ကသိမ်းပိုက်ထိန်းချုပ်ထားလို့ စစ်တပ်​တောင်မြို့ထဲမရှိတဲ့မြို့ဖြစ်​နေပါတယ်။ ဒါအပြင် အပိုင်း (၁)၊(၂)လုပ်မယ်ဆိုတဲ့ မြို့နယ် ၂၀၂ မြို့နယ်ထဲမှာ​တောင် ​ရွေး​ကောက်ပွဲမလုပ်နိုင်တဲ့ ရပ်ကွက်​ပေါင်း ၁၆၁ ရပ်ကွက် နဲ့ ​ကျေးရွာအုပ်စု​ပေါင်း ၂၇၇၀ ရှိပါတယ်။ ဒီအ​ခြေအ​နေ​တွေ​ကြောင့် စစ်တပ်​ရွေး​ကောက်ပွဲဟာ ၂၀၂၀ ​ရွေး​ကောက်ပွဲနဲ့နှိုင်းယှဥ်ရင်မဲရုံ​ပေါင်း ၁၈၀၀၀ ​ကျော်​လျော့နည်းသွားတယ်လို့စစ်တပ်ခန့်​ရွေး​ကော်ဥက္ကဌကမီ​ဒီယာ​တွေကို​ပြောထားပါတယ်။

ဒါအပြင် ကချင်ပြည်နယ်ဗန်း​မော် ကရင်ပြည်နယ်ကဖားပွန် ၊မ​ကွေးတိုင်းက ဆင်ဖြူကျွန်း ၊စလင်းစတဲ့​ဒေသ​တွေကိုပါ​ရွေး​ကောက်ပွဲလုပ်မယ်လို့ စစ်တပ်ကဆို​နေတာဖြစ်ပါတယ်။

မဲရုံ​တွေပိတ်ပြီး ညပိုင်း​ရောက်တဲ့အခါမှာ​တော့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်အ​ကောင့်​တွေက မဲ​ပေးသူ ၇၀ ရာခိုင်နှုန်းအထက်မဲ​ပေးတယ် ၊စစ်တပ်ကြံ့ဖွံ့ပါတီ မဲအပြတ်နဲ့အနိုင်ရတယ်ဆိုပြီးဝါဒဖြန့်​နေကြပါတယ် ။အဲဒီကိန်းဂဏန်း​တွေဟာ စစ်တပ်အလိုကျ ကြိုထုတ်ထားတဲ့အ​ဖြေ​တွေဖြစ်ပြီး မဲ​ပေးသူ​ရော ၊ကြံ့ဖွံ့​ပါတီရမဲ​ရော ၈၀ ရာခိုင်နှုန်းအထက်ရှိတယ်လို့လိမ်ရင်​တောင်အံသြစရာမဟုတ်ဘူးလို့ နိုင်ငံ​ရေးအကဲခတ်တဦးက​ပြောပါယ် ။

“နာဂစ်​ခြေဥကို​တောင် ပြည်သူ ၉၈ ရာခိုင်နှုန်း​ကျော်က​ထောက်ခံတယ်လို့ စစ်တပ်ကလိမ်ခဲ့​သေးတာ။အခု ကျားဖြန့် ​ရွေး​ကောက်ပွဲ ၊ဗုံးကြဲပြီးလုပ်တဲ့​ရွေး​ကောက်ပွဲမှာလည်း ကြံ့ဖွံ့က ၇၀ ရာခိုင်နှုန်း​ကျော် ၊ ၈၀ ရာခိုင်နှုန်း​ကျော်နိုင်တယ်လို့အကြံအဖန်ထုလည်းအံသြစရာမဟုတ်ဘူး။ဒါကအစအဆုံးလုပ်ပွဲကြီးပဲ ။၉၀ ရာခိုင်နှုန်းအထက်နိုင်တယ်မလုပ်ရင် ​တော်​သေးတယ်မှတ်”လို့ နိုင်ငံ​ရေးအကဲခတ်တဦးက​ပြေပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲမှာ စစ်တပ်ကို​ထောက်ခံလို့၊ကြံ့ဖွံ့​ထောက်မဲ​ပေးသူ​တွေရှိ​ပေမယ့် ၊အများစုက စစ်တပ်က အန္တရာယ်ပြုမှာ​ကြောက်လို့ မဲ​ပေးရသူကပိုများတာကို မဲ​ပေးသူ​တွေကိုလိုက်လံ​မေးကြည့်မှုအရသိရပါတယ် ။

ချမ်းအေးသာစံမြို့နယ်က အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကတော့ ရွေးကောက်ပွဲနေ့ကျော်လွန်မှ လာဖမ်းမှာစိုးရိမ်လို့ နေ့ခင်းပိုင်းမဲသွားပေးမယ်လို့ ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ “သွားပေးခဲ့တယ်။ မပေးလည်းကြောက်ရတယ်လေ။နှိပ်ချင်ရာနှိပ်ပစ်ခဲ့တာပါ။ မဟုတ်လည်းသူတို့(စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့)ရမှာပဲ။”လို့ပြောပြပါတယ်။

မဲမ​ပေးချင်တာမှာ စစ်တပ်မဲစာရင်း​တွေမပြည့်စုံတာ​ကြောင့် အမည်မပါလို့ ​ပျော်​ပျော်ကြီးမဲမ​ပေးရသူ​တွေလည်းရှိပါတယ် ။

“မဲစာရင်းစစ်ဖို့လာပြောကတည်းက အိမ်က မိန်းမက ကြောက်ကြောက်နဲ့သွားစစ်တာ ကျွန်တော့်နာမည်ပါမလာဘူး။အရင်လေးငါးနှစ်လောက်ကသေ သွားတဲ့ အမေ၊ နာမည်နဲ့ အဒေါ်နာမည်တွေပါတယ်။ကျွန်တော့် နာမည်ပါလဲ မဲထည့်စရာအကြောင်းမရှိဘူး။ဒီနေ့ ကျွန်တော်နေတဲ့ ရပ်ကွ​က်ရော အနီးနားက ရပ်ကွက်တော်တော်များများ မဲရုံတွေမှာ မဲလာထည်တဲ့သူ သိပ်မတွေ့ရဘူး”လို့ရန်ကုန်မြို့​နေအမျိုးသားတဦးက​ပြောပါတယ်။

သူလိုပဲ မဲစာရင်းမှားလို့မဲမ​ပေးရသူ ၊မဲစာရင်းထဲမှာ​သေဆုံးပြီးသူ​တွေရဲ့အမည်စာရင်း​တွေပါ​နေတဲ့အဖြစ်အပျက်ကအများကြီးဖြစ်ပါတယ်။ ​ရွေး​ကောက်ခံအစိုးရကို မဲစာရင်း​တွေမှားတယ်ဆိုပြီး တမင် အပြစ်ရှာပြီး အာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာကိုယ်တိုင်စိတ်တိုင်းကျမဲစာရင်း​တွေပြုစုတာမှာအမှားအယွင်းများတာဟာ စစ်အုပ်စုရဲ့အရည်

အချင်း နဲ့ ဘယ်သူကလိမ်တာလဲဆိုတာကိုပြတဲ့သက်​သေ​တွေပဲဖြစ်ပါတယ်။

ပြည်သူအများစုစိတ်မဝင်စားပဲ​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ပွဲသတင်း​တွေကို အဓိက​မျှော်​နေကြတဲ့အ​ခြေအ​နေမှာ စစ်တပ်​ရွေး​ကောက်ပွဲမဲ​ပေးခဲ့တယ်ဆိုသူ​တွေဟာ လက်သန်းမှင်စွန်းတာကိုဂုဏ်ယူ​​နေသူ​တွေဟာ လူနည်းစုပဲရှိ​နေပါတယ်။

“အရင်ရွေးကောက်ပွဲလို လူတွေက လက်သန်း တထောင်ထောင်နဲ့ အခြေအနေက အခုဆို ပြောင်းပြန်ပဲ”လို့ မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။