Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်အာဏာရှင်ကို​တော်လှန်​​နေတဲ့ စုန်းမ​

“ မင်းတို့မြင်ထားသမျှက စတင်မှုသာဖြစ်ပြီးရှေ့မှာ မစ်ရှင်တွေ၊ အခက်အခဲတွေ၊ တိုက်ပွဲတွေ အများကြီးကို တိုက်ရိုက်ရင်ဆိုင်သွားဖို့အသင့်ရှိနေတယ်”

ရဲ​ခေါင်/People’s Spring

“ မင်းတို့မြင်ထားသမျှက စတင်မှုသာဖြစ်ပြီးရှေ့မှာ မစ်ရှင်တွေ၊ အခက်အခဲတွေ၊ တိုက်ပွဲတွေ အများကြီးကို တိုက်ရိုက်ရင်ဆိုင်သွားဖို့အသင့်ရှိနေတယ်”

ဒါဟာ မြန်မာပြည်အနောက်ဘက်ခြမ်းမှာရှိတဲ့ ချင်းတောင်တန်းပေါ်က ​တော်လှန်​ရေးအမျိုးသမီးရဲ ဘော်တွေရဲ့ ကြွေးကြော်သံပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဲဒီ အမျိုးသမီးရဲဘော်တွေဟာ ချင်းပြည်နယ်၊ဖလမ်း မြို့နယ်ဘက် စစ် ကြောင်း ထိုးလာတဲ့စစ်တပ်ကို အသေခံဒရုန်းတွေသုံးပြီး တိကျစွာ တိုက်ခိုက်နိုင်ခဲ့တဲ့ သူတို့ရဲ့ စစ်ရေးစွမ်းရည်ကို ပြသလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

“ ယူကရိန်း -ရုရှား ရဲ့ တိုက်ပွဲတစ်ခုလို့တောင် ထင်မိတာ။ပုန်းနေပြေးနေတဲ့စစ်သားတွေတောင် မလွတ်သွားရှာဘူး” လို့ တိုက်ခိုက်မှုရုပ်သံမှတ်တမ်းကို ကြည့်ရှုခဲ့ရသူတစ်ဦးက အမျိုးသမီးရဲဘော်တွေကိုချီးမွမ်းပါတယ်။

အဲ့ဒီအမျိုးသမီးရဲဘော်တွေဟာနိုင်ငံတကာတိုက်ပွဲအတွေ့အကြုံရှိတပ်သားတချို့ပါဝင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ဖွဲ့စည်းထားတဲ့ WITCH” (စုန်းမ) အဖွဲ့ကဖြစ်ပါတယ်။

သဘာဝတရားနဲ့ နီးနီးကပ်ကပ် နေထိုင်ပြီး အသိ ပညာ ဗဟုသုတ ရှိကြတဲ့ အမျိုးသမီးတွေကို အာ ဏာနဲ့ ထိန်းချုပ်ဖို့အတွက် နည်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ အသုံးပြုခံခဲ့ရတဲ့ စုန်းမ(WITCH) ဆိုတဲ့ စကား

လုံးကို ဂုဏ်ယူစွာနဲ့ပြန်လည်အသက်သွင်းတာလို့ AIF Myanmar တာဝန်ရှိသူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ်က စစ်အာဏာ သိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရတာ၊သတ်ဖြတ်ခံရတာ တွေနဲ့ အဓမ္မပြုကျင့်ဖိနှိပ်ခံရတဲ့အမျိုးသမီး ထောင်နဲ့ချီရှိ​​နေပါတယ်။

လက်ရှိငါးနှစ်အတွင်းစစ်တပ်ရဲ့လေကြောင်းတိုက် ခိုက်မှုတစ်ခုတည်းမှာပဲသေဆုံးခဲ့ရတဲ့ အရပ်သား ငါးထောင်ဝန်းကျင်မှာအမျိုးသမီး ၉၆၀ ကျော် ပါ ဝင်ပါတယ်။

စစ်တပ်ရဲ့ ရက်စက်မှုတွေကို တွန်းလှန်ဖို့ နဲ့ တော် လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကိုထင်ထင်ရှားရှားပြသဖို့အတွက်AIF Myanmar က WITCH ဆိုတဲ့ အမျိုးသမီးသီးသန့်တိုက်ခိုက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး အမျိုးသမီးတွေလွတ် မြောက်ဖို့ ၊ သဘာဝတရားနဲ့သဟဇာတဖြစ်မယ့် ဂေဟစနစ်အခြေပြုအဖွဲ့အစည်းဖြစ်ဖို့ နဲ့ တန်းတူညီမျှပြီး လွတ်လပ်တဲ့လူ့အဖွဲ့အစည်းဆိုတဲ့ အ​​ခြေခံမူ သုံးခုကို WITCH ကကိုယ်စားပြုမယ်လို့ သိရပါတယ်။

“ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ တော်လှန်ရေးမှာ အောင်ပွဲရဖို့ ဖြစ်ပါတယ်။ ဒါဟာ နယ်မြေသိမ်း ပိုက်ဖို့ သက်သက် မဟုတ်ဘဲ၊ မင်းအောင်လှိုင်ရဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ ပဒေသရာဇ်စနစ်နဲ့ အမျိုးသမီးတွေကို သတ်ဖြတ်နေတဲ့ အာဏာရှင်စနစ်ကို ဆန့် ကျင်တဲ့ “ အမျိုးသမီးများ တော်လှန်ရေး” လည်း ဖြစ်ပါတယ်” လို့ စုန်းမအဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင်စစ်ရေးကျွမ်းကျင်မှုနဲ့ လွတ်လပ်မှုအမြင်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ စစ်မှန်တဲ့ တော်လှန်ရေးအောင်ပွဲအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာကိုသူမက ယုံကြည်ပါတယ်။

အဖွဲ့ဝင်တွေဟာ အသက် ၂၀ ဝန်းကျင်ကနေ ၄၀ ဝန်းကျင်အထိ ရှိကြပါတယ်။ချင်းတောင်တန်းနဲ့ မြန်မာပြည်အနှံ့က အမျိုးသမီးတွေပါဝင်ပါတယ်။

သူတို့တွေဟာ စစ်ရေးအတွေ့အကြုံနဲ့ လေ့ကျင့်မှု ရှိပြီးသားဖြစ်ပေမယ့် WITCH (စုန်းမ)အဖွဲ့ဝင်ဖြစ်ဖို့အတွက် နည်းပညာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စစ်ရေးဆိုင်ရာ အထူးမွမ်းမံသင် တန်းတွေကို ထပ်မံလေ့ကျင့်ကြရပါတယ်။

WITCH တပ်ဖွဲ့ဟာ ၂၀၂၅ နွေဦးကတည်းက FPV(အသေခံဒရုန်း) အစီအစဉ်ကို လေ့ကျင့်ခဲ့ကြပြီး အချိန်နဲ့အမျှနည်းပညာနဲ့ ဗျူဟာတွေ ဟာတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

“ အချို့ကိစ္စတွေမှာ ယူကရိန်းစစ်ပွဲက အဖြစ်အပျက်တွေကို သင်ခန်းစာယူခဲ့သလို၊ ကျွန်မတို့ တိုက်ပွဲဝင်နေတဲ့ တောင်ပေါ်ဒေသ မြေမျက်နှာသွင်ပြင်နဲ့ ကိုက်ညီမယ့် ကိုယ်ပိုင်ဗျူဟာတွေကိုလည်း ဖော်ဆောင်ခဲ့ရပါတယ်။အဖွဲ့ဝင်အများစုဟာ စနိုက်ပါ (Sniper) အတွေ့အကြုံရှိကြသူတွေ ဖြစ်တာကြောင့် စနိုက်ပါအဖွဲ့တွေရဲ့ နည်းပညာတွေကို FPV စစ်ဆင်ရေးတွေမှာ ပေါင်းစပ်အသုံးပြုထားပါတယ်” လို့ WITCH အဖွဲ့ဝင်တစ်ဦးက အသေခံဒရုန်းလေ့ကျင့်မှုနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

FPV တိုက်ခိုက်မှုတစ်ခုမှာ အရေးကြီးဆုံးက အသင်းအဖွဲ့စုစည်းမှု (Teamwork)ဖြစ်ပြီး ရဲဘော်အားလုံးက စနစ်တကျ ချိတ်ဆက်မလုပ်နိုင်ရင် စစ်ရေးရည်မှန်းချက် မအောင်မြင်နိုင်ဘူးလို့ဆိုပါတယ်။

ပစ်မှတ်ကိုရှာဖွေမယ့် ကင်းထောက်၊ဒရုန်းနဲ့ဗုံးသီးကို ပြင်ဆင်မယ့် နည်းပညာရှင်၊ပစ်မှတ်ဆီရောက်အောင် လမ်းညွှန်သူ နဲ့ ဒရုန်းဖြတ်စက်တွေ၊ပစ်ခတ်မှုတွေကြားက ပစ်မှတ်ကို တိကျအောင် ထိန်းချုပ်ရမယ့် ဒရုန်းမောင်းသူဆိုပြီး အသေခံဒရုန်း တိုက်ခိုက်မှုတစ်ခုမှာ စုစည်းထားတာဖြစ်ပါတယ်။

အခုနှစ်ပိုင်းတွေထဲ နည်းပညာ အားပြုလာတဲ့ စစ် မြေပြင်မှာ နိုင်ငံဘဏ္ဍာကို ဆုပ်ကိုင်ထားတဲ့ အာ ဏာသိမ်းစစ်တပ်ဘက်ကလည်း ဒရုန်းအသုံးပြုမှုတွေ အဆင့်မြင့်လာတာက အာဏာရှင်နိုင်ငံအချင်းချင်း ကူညီနေကြတာလို့လည်း WITCH အဖွဲ့က သုံးသပ်ပါတယ်။

ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်အများစုဟာ နိုင်ငံခြားဘာသာစကားနဲ့ ဖြစ်နေတာကြောင့် တော်လှန်ရေးအစုအဖွဲ့တွေကြား နားလည်ကျွမ်းကျင်သူတွေပိုလိုအပ်တယ်လို့လည်းထောက်ပြပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးအတွက် ဒရုန်းနည်းပညာ ပိုမိုထိရောက်ဖို့ဆိုရင်အမြတ်အစွန်းအတွက် မဟုတ်ဘဲ အောင်ပွဲအတွက် နည်းပညာနဲ့ ဗဟုသုတတွေကို လွတ်လပ်ပွင့်လင်းစွာ အပြန်အလှန် မျှဝေကြဖို့ တိုက်တွန်းပါတယ်။

လက်ရှိ မြန်မာပြည်တွင်းတိုက်ပွဲတွေမှာတော် လှန်ရေးအင်အားစုတွေကို နိုင်ငံတကာအစိုးရတွေက မျက်ကွယ်ပြုထားပေမယ့် ကမ္ဘာအနှံ့က လွတ်လပ်မှုကို မြတ်နိုးတဲ့ တော်လှန်ရေးပြည်သူတွေကနေ အကူအညီရနေတယ်လို့ စုန်းမအဖွဲ့ ဦးဆောင်သူတစ်ဦးက အသိပေးပါတယ်။

“ လွတ်လပ်မှုကို မြတ်နိုးတဲ့ ပြည်သူတွေက စုစည်းညီညွတ်စွာနဲ့ ပြန်လည်တိုက်ခိုက်ရပါမယ်။အားလုံး လွတ်မြောက်မှသာ ကျွန်မတို့တစ်ဦးချင်းစီ လွတ် မြောက်နိုင်မယ်” လို့ မြန်မာပြည်တော်လှန်ရေးနဲ့ပတ်သက်လို့ သူမခံယူချက်ကိုပြောပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

အီရန် ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်မယ့် တန်ပြန် ဖျက်ဆီးရေး (interceptor) ဒရုန်းပေါင်း ၁၀,၀၀၀ လောက်ကို အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသဆီ ပေးပို့ထားကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ ပထမဆုံး အကျအဆုံးတွေ ကြုံခဲ့တာဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့်လို့ အမေရိကန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။