Connect with us

Hi, what are you looking for?

ဆောင်းပါး

စက်သုံးဆီအခက် ​​တောင်သူတွေကိုအသက်ရှုကြပ်​စေ

စပါးအိတ်တွေကို ကန်ကြောက်ပြီး ဒေါသပေါက်ကွဲနေတဲ့ တောင်သူဦးကြီးတစ်ဦးရဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး လက်ရှိခေတ်ကာလ တောင်သူလယ်သမားတွေရဲ့ ဒုက္ခကို မီးမောင်းထိုးပြနေပါတယ်။

သီးနှံစိုက်ပျိုးဖို့ထွန်းယက်​နေတဲ့​တောင်သူတဦး/​ပေါင်မြို့နယ်မှာ စက်သုံးဆီဝယ်ဖို့ ​တောင်သူ​တွေက ​ရေသွင်းစက်​တွေပြပြီးတန်းစီ​နေရစဥ်/ စက်သုံးဆီအခက်အခဲကိုစပါးအိတ်​တွေပြပြီးရင်ဖွင့်ခဲ့တဲ့​တောင်သူ။ဓါတ်ပုံ-AFP၊​CJ ၊FB's viral

ရဲ​ခေါင်/People’s Spring

စပါးအိတ်တွေကို ကန်ကြောက်ပြီး ဒေါသပေါက်ကွဲနေတဲ့ တောင်သူဦးကြီးတစ်ဦးရဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး လက်ရှိခေတ်ကာလ တောင်သူလယ်သမားတွေရဲ့ ဒုက္ခကို မီးမောင်းထိုးပြနေပါတယ်။

“ ဒီစပါးတွေအကုန်ရောင်းလို့ ဆီတစ်ပေပါ မရဘူး” လို့ ပါးစပ်ကဒေါကနဲ့ပြောဆိုပြီး စုပုံထားတဲ့စပါးအိတ်တွေကို ခြေထောက်နဲ့ ကန်ပြောနေတာပါ။

သူခံစားနေရတာက အခု သူစိုက်ပျိုးပြီးရိတ်သိမ်းထားတဲ့ စပါးတွေအကုန်ရောင်းလိုက်တဲ့အခါ လာမယ့်ရာသီစပါးထပ်မံစိုက်ပျိုးဖို့အတွက် ထွန်ယက်ဖို့ စက်သုံးဆီတစ်ပေပါဖိုး ၊ မြေဩဇာနဲ့ ပိုးသတ်ဆေးဖို့တောင် ပြန်မရလို့ ဒေါသထွက်ပေါက်ကွဲနေတာပါ။

Public Service Announcement

Public Service Announcement

စပါးအပါအဝင် ကြက်သွန်၊မြေပဲစိုက် တောင်သူတွေဟာ စက်သုံးဆီ သာမက ပိုးသတ်ဆေး၊မြေဩဇာနဲ့လယ်ယာသုံးသွင်းအားစုဈေးတွေ ကြီးမြင့်မှုဒဏ်အပြင် ထွက်လာတဲ့သီးနှံ​တွေကို ကုန်သည်တွေက ဈေးကောင်းပေးမဝယ်ကြလို့ အရင်းပြန်ရဖို့ကို မနည်းရုန်းကန်နေကြရတယ်လို့ တောင်သူတွေက ပြောပါတယ်။

လောင်စာဆီအကြပ်အတည်း၊ စျေးတက်နေတဲ့ မြေသြဇာ၊ပိုးသတ်ဆေး၊မှိုသတ်ဆေးတွေက တောင်သူလယ်သမားတွေ အပေါ် ထိုးနှက်ချက်ဖြစ်လာပါတယ်။

ဒါ့အပြင်သယ်ယူစရိတ်မြင့်တက်မှုတွေ နဲ့ ရိတ်သိမ်းခတွေကြောင့် စပါးအပါအဝင်သီးနှံတွေက ပုံမှန်စျေးရဖို့ မသေချာတဲ့ စိုက်ပျိုးရေးစျေးကွက်ကို ပိုခက်ခဲလာစေတယ်လို့ တောင်သူတွေနဲ့ စိုက်ပျိုးရေးပညာရှင်တွေက ပြောပါတယ်။

“ အခုက ရိတ်သိမ်းချိန်ဆိုတော့ရိတ်သိမ်းခပြဿနာ ဖြစ်နေတာပေါ့။တစ်ဧက နှစ်သိန်းလေးသောင်း ဆိုတာ နည်းတာမဟုတ်ဘူးလေ။နှစ်ဆနီးပါးတက်သွားတာပေါ့” လို့ လယ် (၁၅)ဧကရှိတဲ့ ဧရာဝတီတိုင်းက တောင်သူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းထုတ်ကုန်ရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍကို စက်သုံးဆီ အလုံအလောက်မပေးတာက စီမံခန့်ခွဲမှုအမှားတွေလို့ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောပါတယ်။

“ နိုင်ငံရေးအကျိုးဆက်ကနေ လူငယ်တွေ ပြည်ပထွက်ကုန်ကြတယ်။စက်တွေကိုပဲ အားပြုနေရတာဖြစ်တယ်။အခု ဆီခွဲတမ်းလုပ်တဲ့အချိန်မှာ တောင်သူတွေအတွက်ဘာမှ မစဥ်စားခဲ့ကြဘူး” လို့ သူက ပြောပါတယ်။

စက်သုံးဆီခွဲတမ်း နဲ့ ပတ်သက်လို့စစ်တပ်ရဲ့နောက်ဆုံးသတ်မှတ်ချက်အရ စက်မှုလယ်ယာကဏ္ဍမှာ အသုံးပြုတဲ့ ထွန်စက်၊လယ်ယာသုံးစက်ကိရိယာ၊မီးစက်တွေအတွက် စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ပေးတဲ့ပုံစံကို ဖြည့်စွက်ပြီး နီးစပ်ရာ အရောင်းဆိုင်တွေက မှတ်တမ်းတင်ထားပြီး ရောင်းချမယ်လို့ ဆိုပါတယ်။

“ ပုံစံဖြည့်ရတယ်ဆိုတာကလည်း ဘယ်သူ့အဖေ ခေါ်ရမှန်းမသိဘူး။တရားဝင် ခွဲတမ်း မပေးတာက အဓိကပဲ။ဆီတန်းစီဖို့ကလည်းထွန်းစက်တွေ၊ရိတ်စက်တွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူးလေ။အခု အပြင်စျေးနဲ့ဝယ်ရတယ်။လုပ်အားတင်မကဘူး။ငွေပါရှုံးတယ်။အခုစည် တပီပါ စျေး အပြင်ပေါက်စျေးက သိန်း ၂၀ အထက်ရှိတယ်။စပါး တင်း ၁၀၀ ရောင်းလို့ ဆီတပီပါ မရဘူးဆိုတာ အမှန်ပဲ။တင်း ၁၀၀ ရောင်းလို့ အရမ်းကောင်းမှ ၁၂ သိန်း ၁၃ သိန်း(စပါးတင်း ၁၀၀ ​ရောင်း​ဈေး) ပဲရတယ်” လို့ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်က တောင်သူက ပြောပါတယ်။

စက်သုံးဆီရှားပါမှုကြောင့် ဆိုလာရေတင်၊ရေစုပ်စက်များကြိုတင်ပြင်ဆင်ထားဖို့ နဲ့ ဆန်စက်တွေမှာဆိုလာတပ်ဆင်ဖို့ဆိုပြီး စစ်​ကောင်စီလက်​အောက်ခံမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်က တောင်သူလယ်သမားတွေရဲ့ လက်တွေ့နဲ့ မကိုက်ညီဘူးလို့ တောင်သူတွေက ဝေဖန်ပါတယ်။

“ နွေစပါးရိတ်နေရပြီ။မိုးစပါးစိုက်ပျိုးလည်း စိုက်ဖို့ သိပ်မလိုတော့ဘူး။ဆိုလာစနစ်တပ်ဆင်သုံးစွဲဖို့က လုံလောက်တဲ့အချိန်မရှိပါဘူး။တောင်သူတွေ စက်သုံးဆီခွဲတမ်းရအောင် အရင်လုပ်ပေးဖို့ ပဲ စဥ်စားကြပါ” လို့ ဧရာဝတီတိုင်းက တောင်သူတစ်ဦးက ပြောပါတယ်။

လက်တလောမှာ ရေသွင်းရမယ့်ငရုတ်၊နေကြာ၊ ပြောင်း၊ဖရဲ၊သခွား စိုက်ခင်းတွေမှာလည်း စက်သုံးဆီကြောင့် အခက်ခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“ ငရုတ်ခင်း၊ပြောင်းခင်းနဲ့ ဂေါ်ဖီခင်းတွေ အများစုက တော်တော် ဒုက္ခရောက်နေတယ်။ရေသွင်းဖို့ရောက်တဲ့အချိန် အလုံအလောက် ရေသွင်းဖို့ ဆီမရှိဘူးဖြစ်နေတာ။ ဆီစျေးကလည်းအရင်တုန်းက ဆီတဂါလံစျေး တဂါလံ တစ်သောင်းခွဲက အခု တစ်လီတာ စျေးဖြစ်နေပြီ။ငရုတ်ခင်း နှစ်ဧက ကို ရေသွင်းရင် အရင် ဆီတစ်သောင်းဖိုးက အခု ငါးသောင်းဖိုး ကျတယ်” လို့ ငရုတ်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းက တောင်သူတစ်ဦးကလည်း” လက်ရှိဆီစျေးနဲ့ ဘာပြဿနာ တက်နေလဲ ဆိုတော့ ပန်းစိုက်တဲ့သူတွေက အစပဲ။စိုက်ပျိုးရေး လုပ်ရင် အဓိက ရေ လောင်းရတာပဲ။အပင်စိုက်ရင် ရေ လောင်းရတာပဲ။အခု ရေလောင်း ဖို့ ဆီက ဝယ်မရဘူး။ဝယ်လို့ ကိုမရတာ။အပြင်မှာ ဆီတစ်လီတာ ပေါက်စျေးက ၁၂၀၀၀၊ ၁၃၀၀၀ လောက်ရှိတယ်။မိုးစပါး စိုက်ဖို့ မြေ ပြင်ရတော့မယ်။မစိုက်ချင်တော့သူများပါတယ်။ဒီစျေး၊ဒီကာလနဲ့က ။ပြီးတော့ ထွန်းစက်ခတွေက အရင် လေးသောင်းက အခု တစ်သိန်းကျော်။သုံးဆ လောက် တက်သွားတယ်” လို့ လက်ရှိအခက်အခဲကို ရှင်းပြပါတယ်။

အီရန်-အစ္စ​ရေး/အ​မေရီကန် စစ်ပွဲဂယက် ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲဖြစ်လာတာမှာ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ​တော့စစ်​ကောင်စီရဲ့ စီမံခန့်ခွဲမှုအလွဲ​တွေ​ကြောင့် ပြည်သူ​တွေပိုဒုက္ခ​ရောက်​နေကြပါတယ်။စက်သုံးဆီ​ရောင်းတာမှာ စုံ၊မ စနစ် ၊ QR scan လုပ်​ရောင်းတဲ့စနစ် ၊စက်အင်ဂျင်အလိုက် ​ရောင်းတဲ့စနစ် စသဖြင့်စနစ်အမျိုးမျိုး​​ပြောင်း​နေ​ပေမယ့် ဆီဝယ်ယူရတာပိုခက်လာတယ်လို့ပြည်သူ​တွေက​ပြောပါတယ်။

စိုက်ပျိုး​ရေးနိုင်ငံ ၊​ကျေးဇူးရှင်​တောင်သူ​တွေဆိုပြီးစစ်အာဏာရှင်​အဆက်ဆက်က တဖွဖွ​ပြောခဲ့​ပေမယ့် လက်​တွေ့မှာကြ​တောင်သူ​တွေကို စက်သုံးဆီဝယ်ဖို့အဆင်​ပြေ​အောင်​တောင်စစ်​အုပ်စုကမစီစဥ်​ပေးနိုင်ပါဘူး ။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်​ကောင်စီ နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်​ပေါင်းပြီး နှစ်စဥ်ဆန်နဲ့​ဖွဲ့နုတင်ပို့​ရောင်းချမှုက​နေ​စစ်အုပ်စုအတွက်ဒေါ်လာသန်းရာချီရခဲ့​ပေမယ့် စပါးစိုက်​တောင်သူလယ်သမား​တွေကို ဆီ​ရောင်း​ပေးဖို့ကြစစ်​ကောင်စီ​ရော ၊ဆန်စပါးအသင်းချုပ်​ရောအဆင်​ပြေ​အောင်မစီစဥ်​ပေးနိုင်ပါဘူး။

မွန်ပြည်နယ် ၊​ပေါင်မြို့နယ်မှာမတ်လမှာထူးဆန်းတဲ့မြင်ကွင်း​တွေမြင်ရပါတယ်။​စက်သုံးဆီဆိုင်​ရှေ့​တွေမှာ ​တောင်သူ​တွေရဲ့​ရေတင်စက်​တွေတန်းစီ​နေတဲ့မြင်ကွင်းမှာ။ကမ္ဘာမှာဘယ်နိုင်ငံမှာမှ မ​တွေ့ရ​သေးတဲ့မြင်ကွင်းပါ​။​​ဒူးရင်း၊ဖရဲ၊ မင်းကွပ်သီး၊ကွမ်း၊​ပြောင်းဖူး ၊ပဲ စတဲ့သီးနှံနဲ့ ဥယျာဥ်​တွေစိုက်​တောင်သူ​တွေက စက်သုံးဆီဝယ်ဖို့ဆီဆိုင်မှာ ​ရေတင်စက်​တွေသယ်သွားပြီးတန်းစီဝယ်​နေကြရတာဖြစ်ပါတယ်။​ဒါ​တောင် တောင်သူဖြစ်​ကြောင်းကိုစစ်​ကောင်စီလက်​အောက်ခံအုပ်ချုပ်​ရေးမှူး​တွေရဲ့​ထောက်ခံစာကို ၂၀၀၀ ကျပ်​ပေးပြီးလုပ်သွားမှဝယ်လို့ရပါတယ် ။

​ရေတင်စက်​တွေသယ်လာပြီး တန်းစီဝယ်ယူလည်းဆီဆိုင်က ​တောင်သူတဦး ၊စက်တစ်လုံးကို ၁ လီတာပဲ​ရောင်း​ပေးတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ စက်အကြီးအ​သေး မခွဲပဲ ၁ လီတာပဲဝယ်

ခွင့်ရတယ်လို့​တောင်သူ​တွေက​ပြောပါတယ်။အဲလိုတန်းစီပြီးစက်သုံးဆီ ၁ လီတာကို ၇၀၀၀ ကျပ်နဲ့ဝယ်ယူရတာဖြစ်ပြီး အပြင်​မှောင်ခို​​ဈေးကွက်မှာ​တော့ ၁ လီတာကို ၁၀၀၀၀ ကျပ်က​နေ ၁၂၀၀၀ ကျပ်အတွင်း​ဈေးရှိပါတယ်။

“ ဒူရင်း၊ ဖရဲခြံ ဆိုတဲ့အုပ်ကြီးလက်မှတ်လေး လည်း ၂၀၀၀ နဲ့ ယူသွားရပါဦမယ်။စက်နဲ့ အုပ်ကြီး လက်မှတ်မပါရင် ဆီတန်ခွင့်မရပါဘူး” လို့​ဒေသခံ​တောင်သူတဦးက​ပြောပါတယ်။

​​တောင်သူ​တွေဟာစိုက်ပျိုး​​ရေးအတွက်​ရေတင်ဖို့စက်သုံးဆီဝယ်ရခက်ခဲတာ ၊သွင်းအားစု​တွေ​ဈေးကြီးတာ ၊ ဆီ​ဈေးကြီးတာ​တွေ​ကြောင့်အခက်အခဲကြုံ​နေကြတယ်လို့ ​ပြောကြပါတယ်။​ရေသွင်းမရရင် စိုက်ပျိုးသီးနှံ​တွေ ပျက်စီးမယ့် အန္တရာယ်ကိုလည်းရင်ဆိုင်​နေရတယ်လို့​ပြောကြပါတယ်။

မတ်လလယ်က ရန်ကုန်မြို့မှာ နေထိုင်တဲ့ အိမ်ထောင်စု သုံးခုကို လူထုနွေဦးက ​မေးမြန်းခဲ့တာမှာဆန်၊ဆီ နဲ့ ကြက်ဥလို အခြေခံစား သောက်ကုန်တွေက ဖေဖော်ဝါရီကထက် ၁၀ ရာခိုင်နှုန်းကျော်မြင့်တက်လာတယ်လို့ ​ပြောကြပါတယ်။

မကြာသေးမီရက်ပိုင်းက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့စစ်တမ်းမှာ မိုးတွင်းစိုက်ပျိုးချိန် နီးလာပြီဖြစ်ပေမယ့် မြေဩဇာနဲ့ သွင်းအားစု စရိတ်တွေက မနှစ်ကထက် နှစ်ဆလောက် တက်လာတာကြောင့် တောင်သူတွေအတွက် အကျပ်အတည်း ဖြစ်နေတယ်လို့ ​ဖော်ပြပါတယ်။

ဒါ့အပြင်စစ်ဘေးနဲ့ ငလျင်ဘေးဒဏ်ခံနေရတဲ့ ချင်း၊ ကချင်၊ ကယား၊ ရခိုင်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မှာ အခြေအနေတွေက ပိုဆိုးရွားလာနိုင်တယ်လို့ အသိပေးပါတယ်။

မြန်မာနိုင်ငံက လူဦးရေရဲ့ လေးပုံတစ်ပုံ (၁၂ ဒသမ၄ သန်းခန့်) ဟာ အစာရေစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုစုပေါင်းရိုက်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ လက်ရှိထက် ပိုရင်ဆိုင်ရနိုင်တယ်လို့လည်း WFP ကသတိပေးပါတယ်။

အင်္ဂလန်ဘောလုံးအသင်း လီဗာပူးအသင်းအင်္ကျီအစိမ်းရောင်နဲ့ ဘောင်းဘီအတို အနီရောင် ဝတ်ဆင်ထားတဲ့ တောင်သူဦးကြီးဟာ စုပုံထားတဲ့ စပါးအိတ်တွေကို ကြည့်ပြီး ဈေးကောင်းမရလို့ စိတ်ပျက်နေပါတယ်။

“ ပြောတော့ ကျေးဇူးရှင်တောင်သူဦးကြီးများတဲ့။ ဘာတောင်သူဦးကြီးများလဲ။ အပြောကောင်းတာ” လို့ စိတ်နာစွာပြောနေပါတယ်။ တောင်သူဦးကြီးတွေ ခွေးရုပ်ပေါက်နေပြီလို့လည်း သူကရင်ဖွင့်ပါတယ်။ ဒီအတိုင်းဆို စပါးထပ်မစိုက်တော့ဘူးလို့လည်း စိတ်ပျက်လက်ပျက် ပြောပါတယ်။

” ဒီအတိုင်းသာ ကြပ်ကြပ်လုပ် မြန်မာနိုင်ငံတစ်နိုင်ငံလုံးထမင်းငတ်မှာ အကုန်လုံး” ။ ။

ဆက်စပ်သတင်းများ

Facebook