သော်မွန်/People’s Spring
မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ ဘဝတွေ၊ အနာဂတ်တွေကို နင်းခြေဖျက်ဆီးပြီး နိုင်ငံတော်သမ္မတရာထူးကို စစ်အာဏာသိမ်းအပြီး ၅ နှစ်ကျော်အကြာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရယူသွားပါပြီ။
လူ့လောကထဲရောက်ရှိလာတာ ရက်ပိုင်း၊ လပိုင်းသာရှိသေးတဲ့ ကလေးငယ်တွေကအစ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေပါမချန် မြေပြင်ကသာမက ဝေဟင်ကပါ ပြီးခဲ့တဲ့ ၅နှစ်အတွင်း အကြိမ်ကြိမ်ဗုံးကြဲသတ်ဖြတ်မှုတွေရဲ့ အဓိကတာဝန်အရှိဆုံး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပုဆိုး၊စတစ်ကော်လံအီကျ်ီ နဲ့ခေါင်းပေါင်းတိုက်ပုံလဲဝတ်လိုက်ရုံ၊ သမ္မတဘွဲ့ထူးအမည်ခံလိုက်ရုံနဲ့ သူ ကျူးလွန်သမျှသော စစ်ရာဇဝတ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေက လွှင့်စင်ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ အလားတူပဲ အရပ်သားအစိုးရအမည်ခံ မင်းအောင်လှိုင် ဆက်လက်ဦးဆောင်မယ့် အသွင်ပြောင်းစစ်အုပ်စုလက်ထက်မှာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်ထွန်းပေါ်ပေါက်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက အခိုင်အမာယုံကြည်ကြပါတယ်။
စစ်အာဏာသိမ်းမှု ၅ နှစ်စွန်းစွန်းမှာ မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံယိုယွင်းပျက်စီးခဲ့ပြီး ပြည်သူလူထုအားလုံး ဆင်းရဲဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြရပါတယ်။အဲဒီလိုဖြစ်ခဲ့ရခြင်းတွေရဲ့လက်သည်တရားခံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါ။ သူကပဲ သမ္မတအနေနဲ့ နိုင်ငံကို ဆက်လက်ချုပ်ကိုင်ဖို့ ပြင်ဆင်လာတာက ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတိုးတက်ပြောင်းလဲလာမှာ မဟုတ်သလို နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေလည်း ရရှိလာမှာမဟုတ်ဘူးလို့ စောင့်ကြည့်လေ့လာသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

Public Service Announcement
“သူ(မင်းအောင်လှိုင်)ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့်၊ သူ့ရဲ့အာဏာလောဘဇောကြောင့် တိုင်းပြည်ဟာ တကယ့်ကိုမှ အထွေထွေအကျပ်အတည်း၊ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနွံထဲမှာ နစ်နေရတယ်။ အခု သူသမ္မတဖြစ်လာပေမယ့်လို့ သူ ဘယ်လိုအကြောင်းနဲ့မှ သူရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်ဗျ။ ဘယ်လိုပဲ အရေခွံလဲလဲ စစ်ရာဇဝတ်ကောင်က စစ်ရာဇဝတ်ကောင်ပဲ”လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အား
စု-GSCB အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။
ဆက်လက်ပြီးသူက“ဒီစစ်ရာဇဝတ်ကောင်ကြောင့် ဖြစ်လာတဲ့ တိုင်းပြည်ရဲ့ ပြဿနာအဝဝဟာ သူရှိနေသရွေ့၊ ဒီစစ်အုပ်စု ရှိနေသရွေ့ ဘယ်လိုမှ ဖြေရှင်းလို့ ရမှာမဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်ဗျ”လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ စစ်အုပ်စု လိုလားသူတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုင်ငံတော်သမ္မတဖြစ်လာတာနဲ့ ပေါ်ပေါက်လာမယ့် အစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊ မြန်မာပြည်သူတွေရဲ့ အခွင့်အလမ်းသစ်တွေကို သယ်
ဆောင်ပေးလာမယ်လို့ ဝါဒဖြန့်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စစ်တပိုင်းအစိုးရ သမ္မတဦးသိန်းစိန်လက်ထက်ကလို ပြောင်းလဲမှုတွေ၊ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာမယ်လို့ နှိုင်းယှဥ်ကြတာလည်း ရှိပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်သမ္မတလက်ထက်မှာ ဒီမိုကရေစီအသွင်ကူး
ပြောင်းရေးအတွက် လုပ်ဆောင်ခဲ့မှု တချို့ရှိတာ မှန်ပေမယ့် အဲဒီအခင်းအကျင်းနဲ့ လက်ရှိ မင်းအောင်လှိုင်ဗဟိုပြု စစ်အုပ်စုအစိုးရနဲ့က များစွာ ကွာခြားတယ်လို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။ “လူရော မူရော တခြားစီပါ”လို့ သူက သုံးသပ်ပါတယ်။
စစ်အာဏာရှင်သန်းရွှေက တိုင်းပြည်ကို ၁၉ နှစ်ကြာ အုပ်ချုပ်ပြီး သူ့တပည်စစ်ဗိုလ်ချုပ်တွေဆီ အာဏာဖြန့်ဝေလွှဲအပ်ကာ အာဏာဗဟိုကနေ ဆုတ်ခွာခဲ့ပါတယ်။အာဏာရှင်လက်သစ် မင်းအောင်လှိုင်ကတော့ အာဏာအလုံးစုံကို သူ့ဆီမှာပဲ စုစည်းထားပြီး အမည်ပြောင်းအစိုးရအဖြစ် တိုင်း
ပြည်ကို ဆက်လက်အုပ်ချုပ်ဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ နိုင်ငံရေးသမားတွေ၊ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တကယ်တမ်းလည်းမင်းအောင်လှိုင်ဟာ အာဏာ
ရှင်သန်းရွှေကို အားကျအတုယူတာမဟုတ်ဘဲ သွားလေသူအာဏာရှင်နေဝင်းကို အားကျအတုယူလုပ်ဆောင်နေတာ တွေ့ရတယ်လို့ စစ်ရေး-နိုင်ငံ
ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ မကြာသေးမီက မင်းအောင်လှိုင်ဟာ သူ ၁၅ နှစ်ကြာရယူခဲ့တဲ့ တပ်ချုပ်ရာထူးကို လူတပည့်ရင်းလူယုံ ရဲဝင်းဦးကို လွှဲပေးခဲ့တာကို စစ်ရေး-နိုင်ငံရေးအကဲခတ်ကဥပမာပေးပါတယ်။အာဏာရှင်နေဝင်းလက်ထက်ကလည်း သူတစ်ဦးတည်းဆီမှာ အာဏာယူထားပြီး သမ္မတရာထူး၊ တပ်ချုပ်ရာထူးတွေကို တစ်ဦးပြီးတစ်ဦး ပြောင်းလဲ ပေးအပ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းဟာ တပ်ချုပ်ရာထူးကို ဘယ်သူ့ကိုပဲ ပေးပေး၊ လက်တွေ့အာဏာကတော့ သူ့ဆီမှာ ထားရှိတယ်လို့ ဆိုပါတယ်။
“အခုလည်း မင်းအောင်လှိုင်က သမ္မတဆက်ယူထားပြီးရင် ကာကွယ်ရေးဦးစီးချုပ်က သူ့အောက်ကပဲ ဖြစ်မှာ၊ အဲ့လိုဆက်ကိုင်ထားမှာပဲ”လို့ အထက်ပါစစ်ရေး-နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ NLD အမတ် ဦးစည်သူမောင်ကလည်းမင်းအောင်လှိုင် သမ္မတမဖြစ်ခင်နဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကာလအတွင်း ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို ကြည့်ရင် ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်ရေး ယန္တရားကို ပိုမိုပီပြင်လာစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ပြောပါတယ်။ သေချာတာကတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ရှိအပြောင်းအလဲဟာ ၂၀၁၀-၁၁ model(ပုံစံ)မဟုတ်ဘူးလို့ ဦးစည်သူမောင်က ဆိုပါတယ်။
“အဲဒီအနေအထားတစ်ခုမှာ တိုင်းပြည်ကတော့ ကောင်းလာဖို့ မရှိဘူး”လို့သူကဆက်ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်သုံးရပ်အထက် ကျော်လွန်တဲ့အာဏာတမျိုးကိုပါ ထူထောင်ဖို့ ကြိုးစားနေတဲ့အပြင် မဏ္ဍိုင်သုံးရပ်ရော စစ်တပ်အမိန့်ပေးစေခိုင်းမှု ယန္တရားတခုလုံးရောရဲ့ အထက်မှာပါ ရှိနေတဲ့ အာဏာမျိုးကို တည်ဆောက်ဖို့ ကြိုးစားနေတာတွေ့ရတယ်လို့ လူမှုတရားမျှတရေးရပ်တည်လှုပ်ရှားသူ မငြိမ်းငြိမ်းပြည့်က သုံးသပ်ပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ စစ်တပ်ကိုယ်တိုင်ရေးဆွဲခဲ့ပြီး သူတို့ကာကွယ်စောင့်ရှောက်မယ်လို့ကြွေးကြော်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင် မညီတဲ့ ကျူးလွန်မှုဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ လွှတ်တော်တွေ မခေါ်မီ လပိုင်းအလိုမှာပဲ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ကြိုတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေပါ အသုံးအနှုန်းတွေ အငြင်းပွားမှုရှိလာချိန်မှာ အဆုံးအဖြတ် အဓိပ္ပာယ်ဖွင့်ဆိုပေးရတဲ့ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေနဲ့ပတ်သက်လို့လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့စိတ်ကြိုက် ပြင်ဆင်ခဲ့ပါတယ်။
ဒီအခင်းအကျင်းကိုကြည့်ရင် မင်းအောင်လှိုင်ဟာ တပ်ချုပ်အာဏာက ဆင်းတာ၊ စွန့်တာ မဟုတ်ဘဲ ပိုမြင့်တဲ့ဆီ တက်လှမ်းဖို့၊ အာဏာအစွမ်းကုန် ဆုပ်ကိုင်ဖို့ ကြံရွယ်တာဖြစ်တယ်လို့ မငြိမ်းငြိမ်း
ပြည့်က သုံးသပ်ပါတယ်။ တကယ်တော့ ဒီရွေး
ကောက်ပွဲ၊ ဒီလွှတ်တော်၊ ဒီအသွင်ကူးပြောင်းမှု၊ ဒီရာထူးအမည်နာမတွေ အားလုံးက အတုအယောင်တွေချည်းပဲဆိုတာ အားလုံးသိပြီးဖြစ်ကြောင်းနဲ့ အာဏာလွှဲပြောင်းတာလည်း မဟုတ်၊ အသွင်ကူးပြောင်းတာလည်း မဟုတ်၊ စစ်တပ်ရဲ့ကြီးစိုးဖိနှိပ်မှုကို နိုင်ငံရေးအရ အကာအကွယ် အခွံအမျိုးမျိုးအောက်မှာ ပြန်တည်ဆောက်နေတာသာဖြစ်
ကြောင်း သူမက ဆက်ပြောပါတယ်။
“ဒါက စစ်မှန်တဲ့ အသွင်ကူးပြောင်းမှု လုံးဝ (လုံးဝ) မဟုတ်ဘူး”လို့ မငြိမ်းငြိမ်းပြည့်က အခိုင်အမာဆိုပါတယ်။ တချို့ Think-tank(နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးအကြံပေးအဖွဲ့)တွေ ဝါဒဖြန့်ချိ၊ ရောင်းနေကြသလို ‘မင်းအောင်လှိုင်သမ္မတဖြစ်လာတာ’
က ‘ဦးသိန်းစိန် 2.0’ ဆိုတာလည်း မဟုတ်ဘူးလို့ သူမကတုန့်ပြန်ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တပ်ချုပ်အဖြစ် သက်တမ်းလွန်နေခဲ့တာ၊ သမ္မတရာထူးကို မက်မောတာ၊ ရနိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး စစ်အုပ်စိုးမှုကို သက်ဆိုးရှည်အောင် ဆွဲဆန့်တာ စတဲ့ အာဏာရူးတာတွေက သူ့မှာ သူ့စီနီယာအာဏာရှင်လို အာဏာကနေ ဘေးကင်းကင်း ထွက်နိုင်တဲ့အရည်အချင်း မရှိမှု၊မလုံခြုံမှု၊ အကြောက်တရားနဲ့၊ သူကိုယ်တိုင်အခွင့်ထူးခံသလို သူကလည်း ပြန်အလုပ်အကျွေးပြုနေတဲ့ စစ်ခရိုနီအရင်းရှင်စနစ် ရှင်သန်ရေးလိုအပ်ချက်တွေနဲ့ သူ့ရာဇဝတ်ပြစ်မှုတွေကြောင့် ဖြစ်တယ်လို့ အထက်
ပါ လူမှုတရားမျှတရေးရပ်တည်လှုပ်ရှားသူက သုံးသပ်ပါတယ်။
စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ကိစ္စအဝဝကို သူတို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ စီမံဖန်တီးချင်တဲ့ သဘောဆန္ဒကို တွေ့ရပြီး အဲဒီအခြေအနေကို ဘယ်လိုအနေအထားနဲ့မှ ပြည်
သူလူထုက ခွင့်ပြုလိမ့်မှာမဟုတ်ဘူး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ မင်းအောင်လှိုင်က စစ်မျက်နှာဖုံးချွတ်ပြီး သမ္မတမျက်နှာဖုံးနဲ့တက်လာလည်း တိုင်းပြည်ရဲ့ ပြဿနာတွေက ပြေလည်သွားမယ်၊ အေးချမ်းသွားမယ်လို့ သူ မယူဆကြောင်း ပြောပါတယ်။
“ဒီပြဿနာတွေ ဆက်ရှိနေဦးမယ်။ စီးပွားရေးအရပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံတကာဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ အခြားပြဿနာပေါင်းစုံ ဆက်ရှိနေလိမ့်မယ်။ အဲဒီပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ မယူဆပါဘူး။
တဖက်မှာ တော်လှန်ရေးအခြေအနေက ဆက်တည်ရှိနေမှာဖြစ်ပြီး လက်ရှိတော်လှန်ရေးက ရှေ့ကို တနေ့ပြီး တနေ့ ရှေ့ကို ဆက်တိုးနေတယ်လို့ DPNS ဥက္ကဋ္ဌက မှတ်ချက်ပြုပါတယ်။ “ဒီတော်လှန်တဲ့ အနေအထားက ချက်ချင်းကြီး ကျိုးကြေသွားတဲ့အခြေအနေ လုံးဝမဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်တဲ့နယ်မြေမှာ အုပ်ချုပ်ရေးစနစ်တွေ ပိုပြီး ပီပြင်လာအောင် ကြိုးစားနေပြီး လူထုအပေါ် ဝန်ဆောင်မှု ပေးဖို့တွေ စနစ်ကျလာဖို့ ကြိုးစားနေတာ တွေ့ရကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစည်သူမောင်က ပြောပါတယ်။
လက်ရှိမြေပြင်မှာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး
တိုင်းတို့မှာ သက်ဆိုင်ရာဒေသအလိုက် ဖက်ဒရယ်ယူနစ်အစိုးရတွေ အသီးသီးဖွဲ့စည်းပေါ်ပေါက်လာပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးဖို့နဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ လုပ်ဆောင်ဖို့ ကြိုး
စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union–SCEF)ကို မတ်လ ၃၀ရက်မှာ ကနဦးစတင်ဖွဲ့စည်းခဲ့ပါတယ်။
တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီ
အမံတွေကို အတည်ပြုပြီး အသွင်ကူးပြောင်းရေးအစိုးရတရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်
ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်
ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး SCEFကို ဖွဲ့စည်းခဲ့တာလို့ ဆိုထားပါတယ်။
အဲဒီလို အချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ပြောင်း
လဲခဲ့တာပါ။ မင်းအောင်လှိုင် ဝတ်စုံလဲနိုင်ခဲ့ပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး သူကျူး
လွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာ
ဝန်ရှိမှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းရော၊ အာဏာသိမ်းမှုမတိုင်ခင်ကရော မင်းအောင်လှိုင်ရဲ့ အထိန်းအကွပ်မဲ့ စစ်တပ် အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူများစွာအတွက် အခုလို မင်းအောင်လှိုင် သမ္မတရာထူးရရှိသွားတာက နာကျင်ဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာ ကောင်းနေနိုင်ပေမယ့်လည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်လိုရာထူးပဲ ရရှိထားသည်ဖြစ်စေ ဘယ်သူမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိမှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
“စစ်တပ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတကာဥပဒေကို အမြောက်အမြားချိုးဖောက်ကျူးလွန်ခဲ့မှုတွေအတွက် တရားစွဲဆိုခြင်းကနေ အရပ်သားရာ
ထူး(သမ္မတရာထူး)က သူ့ကို အကာကွယ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင် တွေးထင်နေရင် အဲဒါက နိုင်ငံတကာတရားစီရင်ရေး ဘယ်လို အလုပ်လုပ်သလဲဆိုတာ သူ နားမလည်လို့ ဖြစ်ပါတယ်”လို့ ဂျိုးဖရီးမန်းက သတိပေးပါတယ်။ ။
ဓါတ်ပုံ-Getty Images





















































