Connect with us

Hi, what are you looking for?

ဆောင်းပါး

ယူနီဖောင်းလဲရုံနဲ့ ဗီဇမပြောင်းတဲ့ စစ်အာဏာရှင်

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က Tiktok မှာ အွန်လိုင်းစာအုပ်အရောင်းဆိုင်တစ်ခုကနေ စာအုပ်တွေကို ရုပ်သံနဲ့ရိုက်ပြီး အရောင်းတင်ပါတယ်။ အဲဒီစာအုပ်တွေက ဆရာတင်ညွှန့်ရဲ့ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်” ၊ “ဦးသန်းရွှေ၏ ယတြာများ ” နဲ့ “ခွေးထိန်းငတာ” ဆိုတဲ့ စာအုပ်တွေပါ။ အဲဒီစာအုပ်တွေအပြင် သခင်ဘသောင်းရဲ့ ခြေလေးချောင်းတော်လှန်ရေးဆိုတဲ့ စာအုပ်လည်း ပါပါသေးတယ်။ မကြာပါဘူး။ အဲဒီစာအုပ်အရောင်းဆိုင်ရှင် အဖမ်းခံလိုက်ရတယ်လို့ သိရတယ်။

ဝရဇိန်/People’s Spring

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က Tiktok မှာ အွန်လိုင်းစာအုပ်အရောင်းဆိုင်တစ်ခုကနေ စာအုပ်တွေကို ရုပ်သံနဲ့ရိုက်ပြီး အရောင်းတင်ပါတယ်။ အဲဒီစာအုပ်တွေက ဆရာတင်ညွှန့်ရဲ့ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်” ၊ “ဦးသန်းရွှေ၏ ယတြာများ ” နဲ့ “ခွေးထိန်းငတာ” ဆိုတဲ့ စာအုပ်တွေပါ။ အဲဒီစာအုပ်တွေအပြင် သခင်ဘသောင်းရဲ့ ခြေလေးချောင်းတော်လှန်ရေးဆိုတဲ့ စာအုပ်လည်း ပါပါသေးတယ်။ မကြာပါဘူး။ အဲဒီစာအုပ်အရောင်းဆိုင်ရှင် အဖမ်းခံလိုက်ရတယ်လို့ သိရတယ်။

ပြဿနာက အဲဒီမှာတင် ပြီးမသွားပါဘူး။ အဲဒီနေ့မှာပဲ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာနေတဲ့ စာရေးဆရာတင်ညွန့်အိမ်ရဲ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဆရာနဲ့ သူ့သားကို ဖမ်းဆီးခဲ့ပါတယ်။ အကြောင်းကတော့ အွန်လိုင်းပေါ်မှာ ရောင်းချနေတဲ့ ဆရာရေးသားခဲ့တဲ့ စာအုပ် ၃ အုပ် ကြောင့်ပါတဲ့။ အဲဒီစာအုပ်တွေဟာ ယခုအာဏာသိမ်းကာလမှာ ထုတ်ခဲ့တာတွေ မဟုတ်ပါဘူး။ ယခင် ဦးသိန်းစိန်လက်ထက် နဲ့ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်(NLD)မှာ တရားဝင် ထုတ်ဝေခဲ့တာတွေပါ။ ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်က ၂၀၁၄၊ ခွေးထိန်းငတာက ၂၀၁၉၊ ဦးသန်းရွှေ၏ ယတြာများက ၂၀၂၀ စတဲ့နှစ်တွေမှာ ထုတ်ခဲ့တာပါ။

စစ်အုပ်စုဟာ ယခင်က တရားဝင် ထုတ်ဝေခဲ့တဲ့စာအုပ်တွေကို အကြောင်းပြပြီး စာအုပ်ရောင်းသူတင်မကဘဲ ရေးသူ အသက် ၇၁ နှစ်အရွယ် ဆရာတင်ညွှန့်နဲ့ ထုတ်ဝေသူ ဆရာ့သားတစ်ဦးကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆရာတင်ညွှန့်ဟာ Facebook လူမှုကွန်ရက်ပေါ်မှာလည်း စာတွေရေးသားလေ့ရှိတာကြောင့် အဆိုပါစာတွေကိုပါ စစ်ကောင်စီက မျက်မုန်းကျိုးပြီး အခါအခွင့်သင့်တာနဲ့တပြိုင်နက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း စာရေးဆရာအသိုင်းအဝိုင်းက ယူဆကြတယ်။ စစ်အုပ်စုဟာ စာရေးဆရာတင်ညွန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။

ဆရာတင်ညွှန့်ဟာ ၂၀၁၁ ခုနှစ်မှာ “လူငယ်နှင့်အတွေးအမြင်” စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်တဲ့ လူငယ်စာပေဆုကိုရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်နဲ့ သုတစွယ်စုံစာပေဆု ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမျိုးသားစာပေဆုကို ကျောင်းဆရာ မှတ်တမ်းစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ သူ့ရေးသားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပြီး မြင့်မြတ်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိစေခဲ့ပါတယ်။ ဆရာဟာ နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုရှည် စာအုပ်ပေါင်း (၅၀) ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်ပါတယ်။

၂၀၂၁ ခုနစ်၊ အာဏာသိမ်းတဲ့နေ့တုန်းကလည်း စာရေးဆရာ မောင်သာချိုနဲ့ ဆရာမ သန်းမြင့်အောင်တို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဆရာမောင်သာချိုရော ဆရာမသန်းမြင့်အောင်ပါ အကျဥ်းထောင်ထဲမှာ နှစ်နှစ်နီးပါး အကျဥ်းချခံခဲ့ရပါတယ်။ သို့ပေမဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လထဲမှာတော့ ဆရာမောင်သာချိုဟာ အကျဥ်းထောင်ထဲကနေ ရရှိလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ အခုလည်း အသက် ၇၀ ကျော်အရွယ်ရှိတဲ့ ဆရာတင်ညွှန့်ကို မယ်မယ်ရရ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဆရာတင်ညွန့်ကို ဖမ်းဆီးလိုက်တာဟာ စာရေးသူတွေကိုသာမက ထုတ်ဝေသူတွေနဲ့ စာအုပ်ရောင်းချသူတွေအပါအဝင်စာပေလောကတစ်ခုလုံးကို ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။ ယခင်အစိုးရလက်ထက်က စာပေစိစစ်ရေး ကင်းလွတ်ခွင့် နဲ့ တရားဝင်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို အခုမှ အရေးယူမယ်ဆိုတာဟာ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ကင်းမဲ့နေတယ်ဆိုတာကို ပြသနေတာပါ။ စာရေးဆရာတွေ လွတ်လပ်စွာ ရေးသားခွင့် ပျောက်ဆုံးနေတာကိုလည်း ပြသနေပါတယ်။

အသေချာဆုံးတစ်ခုကတော့ အရပ်သားအစိုးရဆိုပြီး ဟန်ဆောင်ကောင်းနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အရပ်ဝတ်လဲပြီး ရက်ပိုင်းအတွင်းမှာပဲ ထင်ရှားတဲ့ စာရေးဆရာတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးကာ ၎င်းရဲ့ စစ်အာဏာရှင်စရိုက်ကို ထင်ထင်ရှားရှား ထပ်မံပြသလိုက်တာပါ။

အရပ်ဝတ်ပြောင်းသွားပေမဲ့ ကျေးရွာတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး မီးရှို့သတ်​ဖြတ်မှုတွေ ရှိနေဆဲပါ။ ဒါဟာ ယူနီဖောင်းပြောင်းရုံနဲ့ စစ်တပ်ရဲ့ ဖိနှိပ်ရေးသဘောသဘာဝ ပြောင်းလဲမသွားဘူးဆိုတာကို တစ်ကမ္ဘာလုံး သိအောင် မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတော့တယ်။ ။

ဆက်စပ်သတင်းများ