Connect with us

Hi, what are you looking for?

Infographics

စစ်​ကောင်စီက ဇန်နဝါရီ ပထမနှစ်ပါတ်အတွင်းနိုင်ငံတစ်ဝန်း ဗုံးပတ်ကြဲ၍ အနည်းဆုံးပြည်သူ ၉၀ သေဆုံး

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

People’s Spring က စာရင်းပြုစုထား​သောအချက်အလက်များအရ စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်စခန်းပါ မကျန် ဗုံးကြဲတိုက်ခိုက်ရာ ၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၁၄ရက်အတွင်း တစ်နှစ်အရွယ် ကလေးငယ်များအပါအဝင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ အပါအဝင် အနည်းဆုံးပြည်သူ ၈၆ ဦး သေဆုံးကာ ၅၈ ဦးဒဏ်ရာရရှိသည်။ ထိုအချက်အလက်များသည် ဒေသခံများ၊ သတင်းရင်းမြစ်များ၏ ပြောဆိုမှုများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အတည်ပြုကြေညာချက်များအပေါ် ပြုစုထားခြင်းဖြစ်ပြီး မြေပြင်တွင် အရပ်သားသေကြေပျက်စီးမှုများ ယခုထက်ပင် ပိုမိုများပြားနိုင်သည်။

“ဇန်နဝါရီ အခုရက်ပိုင်းမှာတင်ကို သေကြေဒဏ်ရာရတဲ့ အရပ်သားပြည်သူလူထု ၁၅၀ ကျော်၊ ၁၆၀ လောက်ရှိတယ်။ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ စစ်လေယာဥ်သာမက ပို့ဆောင်ရေး ရဟတ်ယာဥ်တို့၊ လေယာဥ်တွေပါ အသုံးပြုပြီး အရပ်သားပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်တယ်။ သူတို့စစ်မြေပြင်ပေါ်မှာ တော်လှန်ရေးအင်အားစုတွေကို အရှုံးကြီးရှုံးတော့၊ စစ်မြေပြင်ပေါ်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ရင်မဆိုင်နိုင်တော့ ပြည်သူ

Public Service Announcement

Public Service Announcement

လူထုကို အနိုင်ကျင့်၊ ပြည်သူလူထုကို သတ်ဖြတ်ခြင်းအားဖြင့် ကြောက်စိတ်တွေ ပေါ်ဖို့အတွက် သူတို့ ကြိုးစားတယ်”ဟု NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က ပြောသည်။

စစ်တပ်သည် ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရက္ခိုင်ပြည်နယ်များ၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းများကို လေကြောင်းမှ နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရက္ခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုများမှာ အရပ်သားပြည်သူ သေကြေထိခိုက်မှု အများဆုံးဖြစ်ခဲ့သည်။

ရက္ခိုင်ပြည်နယ်၌ စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ရက်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၂၆ဦးရှိပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း အာရက္ခတပ်တော်(AA)က ဇန်နဝါရီ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောက်နီမော်ရွာ၌ မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း(၃၉၈)လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ကြောင်း AA က ဖော်ပြသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် သံလွင်(စံလွင်)ရွှေမှော်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ထို့အပြင်ဖားကန့်မြို့နယ်ရှိ ကျောက်တူးလုပ်ကွက်နေရာအချို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာတို့ကို ဗုံး ၁၀လုံးခန့် ကြဲချခြင်းဖြစ်ကာ ရေမဆေးကျောက်ရှာသူများ၊ ဒေသခံများ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့၊ တအာင်းတပ်(TNLA)ထိန်းချုပ်ထားသော ကျောက်မဲနှင့် မိုးကုတ်မြို့များကိုလည်း လေကြောင်းမှ ဗုံးကြဲခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကြိမ်မှ ဗုံးကြဲခြင်းမရှိသေးသည့် ဧရာဝတီတိုင်း ရွှေသောင်ယံမြို့ ကုလားချောင်းကျေးရွာကိုပါ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ရွှေသောင်ယံဒေသသည် ရက္ခိုင်-ဧရာဝတီတိုင်း အစပ်ဖြစ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်လိုက်သည့် ဂွမြို့နယ်နှင့် နယ်ချင်းဆက်စပ်နေသည်။

“သူတို့(စစ်ကောင်စီ) မြေပြင်ပေါ်မှာ ရှုံးနိမ့်လေ၊ လေကြောင်းက တိုက်တာတွေ များလာလေ။ သူတို့ လေကြောင်းရန်ကို တော်လှန်ရေး အင်အားစုတွေက အပြည့်အဝ ကာကွယ်မှု မပေးနိုင်ဘူးဆိုတော့ အဲဒါနဲ့ အကြပ်ကိုင်ပြီး ကြိုးစားတာ။ ဒါပေမဲ့ ဘာလဲဆိုတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုရဲ့အာဏာရှင်စနစ်၊ ဖက်ဆစ်စစ်တပ်၊ ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့အတွက် စိတ်ဓာတ်က ပိုမိုခိုင်မာပြီးတော့ ဒီ ၂၀၂၅ ခုနှစ်က တော်လှန်ရေးအတွက် အရှိန်အဟုန်မြှင့်တင်မယ့် နှစ်ဖြစ်တယ်ဆိုတာ တော်လှန်ရေးအင်အားစုတွေက ထုတ်ဖော်ပြောကြားပြီးတော့ ကျွန်တော်တို့တတွေ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ဖို့ တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

အာဏာသိမ်း​ခေါင်း​ဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို​တွေ့ဆုံ​ဆွေး​နွေးရန် ဖိတ်​ခေါ်သည်ဟု မကြာခဏ ထုတ်​ပြော​နေ​သော်လည်း လက်​တွေ့တွင် ဗုံးကြဲ၍ ​ဒေသခံပြည်သူများကို သတ်ဖြတ်​မှုပိုကျူးလွန်လာသည်ကို​တွေ့ရသည်။

အာရက္ခတပ်​တော်(AA )ကစစ်​ကောင်စီသည် အာရက္ခဒေသတွင် စစ်ရှုံးနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်

ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သူရဲဘောကြောင်စွာဖြင့် နေစဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိသည်ဟုဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည်။

အာဆီယံ နှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာ ကုမ္ပဏီများအ‌နေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် ပံ့ပိုးပေးနေသည့် ကိစ္စများကို ရပ်တန့်ပေးရန် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုက ဇန်နဝါရီ ၁၀ ရက်တွင် ထပ်မံတောင်းဆိုထားသည်။

” မြန်မာ စစ်အုပ်စုကို လေယာဉ်ဆီ ပိတ်ဆို့မှုတွေ လုပ်ပါတယ်ဆိုတာ ပြည်တွင်း ကုမ္ပဏီတွေကိုသာ ဖြစ်ပါတယ်။ လေယာဉ်ဆီက နိုင်ငံတကာ ကုမ္ပဏီတွေကနေ လာတာပါ။မူရင်း အဓိကကျတဲ့ နိုင်ငံတကာ လောင်စာ ကုမ္ပဏီတွေ၊ ရေကြောင်း အာမခံ ကုမ္ပဏီတွေကို ဘယ်နိုင်ငံကမှ အခုအချိန်ထိ အရေးမယူသေးပါဘူး။ နိုင်ငံတကာကနေ ပို့နေတဲ့ လေယာဉ်ဆီတွေကြောင့် မြန်မာပြည်က အရပ်သားပြည်သူတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ နေ့စဉ်သေကြေ ပျက်စီးနေရပါတယ်။ အရပ်သားတွေရဲ့ နေ့စဉ် လူမှုဘဝတွေ အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးနေရပါတယ်။” ဟု Blood Money Campaign (သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု) ၏ ပြောရေးဆိုခွင့်ရှိသူ မူလန် ကပြောသည်။

ထို့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန် ထုတ်ပြန်ချက်များ ထုတ်နေခြင်းထက် ‌စစ်ကောင်စီကို လေယာဉ်ဆီ၊ လေယာဉ် ဆက်စပ်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချ ထောက်ပံ့ပေးနေမှုများကို ရပ်တန့်မှသာ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်မည်ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ခရီးသည်တင်လေကြောင်းလိုင်းများမှ လေယာဉ်ဆီများကိုလည်း အလွဲသုံးစားပြုလုပ်ကာ စစ်ရေးအတွက် အသုံးပြုမှူများရှိသည်ဟု သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု​က​ထောက်ပြထားသည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချသည့် ကြေညာချက်များကို ကြိုဆိုသော်

လည်း အရပ်သားပြည်သူလူထုကို ကာကွယ်ရန် အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် အထက်ပါ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က တောင်းဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေကလည်း အကြမ်းဖက်စစ်တပ်ကို၊​ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူလူထုကို ရက်ရက်စက်စက်နဲ့ သတ်ဖြတ်နေတာကို ရပ်တန့်ဖို့အတွက် ဖိအားပေးသင့်တယ်။ လောင်စာဆီတွေ၊​ လေယာဥ်ဆီတွေ။ လောင်စာဆီဆိုတာ ဂျက်လေယာဥ်ဆီကိုပြောတာ။ အဲဒါတွေ အကြမ်းဖက်စစ်တပ်ဘက်မရောက်အောင်တားဆီးပေးသင့်တယ်။ လူထုကို သတ်ဖို့အတွက် အကြမ်းဖက်စစ်တပ် သုံးနေတဲ့ ငွေကြေးစီးဆင်းမှု ရပ်တန့်ဖို့ ဆောင်ရွက်ပေးကြဖို့အတွက် တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

-People’s Spring Infographic

ဆက်စပ်သတင်းများ

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

ကချင်ပြည်နယ်က စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။

သတင်း

ဖားကန့်ဗျူဟာကုန်းမှာ စစ်တပ်က သင်္ကြန်အကြိုနေ့ပွဲလုပ်နေစဉ် ချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက ဒရုန်းနဲ့ဗုံးကြဲရာ ထိခိုက်သေဆုံးမှုတွေရှိလို့ စစ်တပ်က ဖားကန့်ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။