၁။ မိသားစုကို အသင့်အနေအထား ကြိုတင် ပြင်ဆင်ထားပါ။ ကိုယ်ချစ်ခင်တဲ့ မိသားစုဝင်တွေ အားလုံးက ကြိုပြင်ထားတဲ့ အစီအမံနဲ့ တသားတည်း ရှိနေအောင် ညှိနှိုင်းထားသင့်ပြီး ဘယ်သူကြောင့်မှ အနှောင့်အယှက် မဖြစ်ဖို့ အရေးကြီးပါတယ်။ သေရေးရှင်ရေး အခြေအနေမျိုးကျမှ သဘောထား ကွဲလွဲတာမျိုးတွေ ဖြစ်မလာအောင် ရှောင်ရှားဖို့ အစောကြီး ကတည်းက ကြိုတင် ဆွေးနွေးထားသင့်ပါတယ်။
၂။ ရိက္ခာ၊ သောက်ရေနဲ့ တခြား အရေးကြီးတဲ့ ပစ္စည်းတွေကို ကြိုတင် စုဆောင်း သိုလှောင်ထားဖို့ လိုပါတယ်။ စစ်ပွဲကြောင့် ဖြစ်ပေါ်တဲ့ အရင်းအမြစ် ပြုန်းတီးမှုတွေဟာ တခြားဘာနဲ့မှ မတူပါဘူး။ အရေးကြုံလာချိန် လက်ချည်းဗလာသက်သက် ဖြစ်မနေချင်ဘူးဆိုရင် လိုအပ်တာတွေကို ကြိုတင် သိုမှီး စုဆောင်းထားသင့်ပါတယ်။
၃။ တိမ်းရှောင်ဖို့ နေရာကို ကြိုရှာဖွေထားပါ။ အန္တရာယ် ကြုံလာမှ ဦးတည်ရာမဲ့ ရွှေ့ပြောင်းတာတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်အစား ပိုကြီးသွားစေတတ်ပါတယ်။ အခြေအနေတွေ ဆိုးမလာခင် ကတည်းက လိုအပ်လာရင် ဘယ်နေရာကို ရွှေ့ပြောင်းမလဲ ဆိုတာကို ကြိုရွေးထားဖို့၊ ဒါမှမဟုတ် တစ်ဆင့်ချင်း ဆုတ်ခွာသွားရမယ့် နေရာတွေကို စဉ်းစားထားဖို့ အရေးကြီးပါတယ်။
၄။ စုစုစည်းစည်း နေပါ။ တစ်ကိုယ်တော် လူစွမ်းကောင်းလိုလုပ်ပြီး ရှင်သန် ရပ်တည်နိုင်တယ်ဆိုတဲ့ အတွေးကို မေ့ဖျောက်ထားလိုက်ပါ။ တစ်ယောက်ချင်း ဖြစ်စေ၊ အစုအဖွဲ့ သေးသေးလေးတွေ ခွဲထွက်နေတာဖြစ်စေ၊ စစ်ပွဲကာလမှာ အရမ်း အန္တရာယ် ကြီးပါတယ်။ လူစုလူဝေးကို ရှာဖွေပြီး အတူသွားရောက် ပူးပေါင်းနေတာ ပိုပြီး သင့်တော်ပါလိမ့်မယ်။
၅။ အကျပ်အတည်းကာလ ရှင်သန်မှု အခြေခံ အသိတွေနဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့် သင်ယူထားသင့်ပါတယ်။ သာမန် ငြိမ်းချမ်းတဲ့ ကာလတွေမှာ ရနေကျ ဝန်ဆောင်မှုတွေ၊ အကူအညီတွေက စစ်ကာလမှာ လုံးဝ ပျောက်ဆုံးနေပါလိမ့်မယ်။ အထွေထွေ အထောက်အပံ့တွေကို မလိုအပ်ဘဲ ကြမ်းတမ်းနဲ့ ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေ ရှင်သန်နိုင်တဲ့ အခြေခံ စစ်သင်တန်းဆန်ဆန် လေ့ကျင့်သင်ယူထားမှုတွေက အရမ်း အသုံးဝင်လာမှာ ဖြစ်ပါတယ်။
၆။ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ လက်တွေ့ကျတဲ့ ရှုထောင့်တွေက ရွေးချယ်ဖို့ လိုပါတယ်။ ခြေလျင်သွားတာထက် ကားနဲ့သွားတာက ပိုမြန်မယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါပေမဲ့ စစ်ပွဲကာလအတွင်း တချို့သော အခြေအနေတွေမှာ ယာဉ်တွေကို အသုံးပြုဖို့က ကန့်သတ်ချက်မျိုးစုံ ရှိနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ နည်းလမ်းတွေကို ရွေးပြီး ခရီးတွင်အောင် စဉ်းစားသင့်ပါတယ်။
၇။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အခြေခံ အဆင့်လောက်ဖြစ်ဖြစ် ကိုယ်ခံပညာ တစ်ခုခုကို စနစ်တကျ သင်ယူ တတ်မြောက်ထားတာ မမှားပါဘူး။ စစ်ပွဲဇုန်တွေမှာ လက်နက်ကိုင်ထားတဲ့ စစ်သားတွေတင် မကဘဲ ရာဇဝတ်ကောင်တွေနဲ့ တခြား အခွင့်အရေးသမားတွေလည်း ရှိနေနိုင်တာကို မမေ့ဖို့ လိုပါတယ်။
၈။ ရှေးဦးသူနာပြု နည်းတွေကို လေ့လာ သင်ယူထားသင့်ပါတယ်။ စစ်မက်ဖြစ်ပွားရာ နယ်မြေထဲမှာ ဒဏ်ရာရသွားနိုင်တဲ့၊ အသက်ဆုံးရှုံးသွားနိုင်တဲ့ အကြောင်းတရားပေါင်း မရေမတွက်နိုင်အောင် များပြားပါတယ်။ ကြုံလာနိုင်တဲ့ ဒဏ်ရာရမှုတွေနဲ့ ဖျားနာမှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ပတ်သက်လို့ အခြေခံ ကူညီကုသဖို့ တတ်ကျွမ်းထားခြင်းဟာ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံ အကျဆုံး ကျွမ်းကျင်မှု တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။
၉။ စစ်ဖြစ်တဲ့အခါ ဆက်သွယ်ရေးအတွက် မိုဘိုင်းဖုန်းတွေကို သိပ်ပြီး မမှီခိုပါနဲ့တော့။ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ ဆက်သွယ်ဖို့၊ယုံကြည်ရတဲ့အဖွဲ့အစည်း တွေ ၊အစိုးရတွေဆီက ကြေညာချက်တွေကို နားစွင့်ဖို့ဆိုရင် ရေဒီယို အဆက်အသွယ် စနစ်ကို အားကိုးတာ ပိုပြီး သင့်တော်ပါတယ်။
၁၀။ အန္တရာယ် အများဆုံး ဖြစ်နိုင်တဲ့ ဧရိယာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားပါ။ အသွားမတော် တစ်လှမ်းဆိုတဲ့ စကားပုံက အလကား မဟုတ်ပါဘူး။ ကျည်ဆန်တွေ၊ ဗုံးတွေ တဝီဝီ ပျံသန်းနေတာမျိုး မဟုတ်ခဲ့ရင်တောင်မှ အချိန်မှား၊ နေရာမှား တစ်ခုကို ရောက်သွားရင် မျက်စိ တစ်မှိတ်အတွင်း အသက်ပေးလိုက်ရနိုင်ပါတယ်။
ကိုးကား-Survival Kompass