Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တရုတ်ပြည်ဘက်က ဒီ ခြံစည်းရိုးကာတဲ့ ကိစ္စတွေက ဖိဖိစီးစီး တင်းတင်းကြပ်ကြပ်လုပ်တော့ တရုတ် ပြည်ဘက်က ဝယ်ယူလို့ရတာဘာမှ မရှိသလောက်ဖြစ်သွားတော့ IDP အတွက် တော်တော်ကို ခက်ခဲကြပ်တည်းစေတယ်”

စစ်​ရှောင်ပြည်သူများအရေး ကချင်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းခြင်း

လွန်ခဲ့သည့် ၁၀နှစ်ကျော် ၂၀၁၁ ကတည်းက တိုက်ပွဲများ ဖြစ်ခဲ့၍ စစ်ဘေးရှောင် သိန်းနှင့်ချီရှိခဲ့သည့် ကချင်ပြည်နယ်တွင်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပိုမိုပြင်းထန်စွာဖြစ်ပွားနေ၍ ​ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။ စစ်​ဘေးရှောင်များ ကြုံတွေ့နေရသည့်အခြေအနေများနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

​မေး-အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်တော့ စစ်ဘေးရှောင်ဒုက္ခသည်တွေတိုးလာတဲ့အခြေအနေတွေကို​​ပြောပြပေးပါလား။

​ဖြေ-ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်တိုးလာတဲ့ စစ်ဘေးရှောင်တွေလည်းရှိတာပေါ့။သူတို့က ဖားကန့်တို့၊ ၀ိုင်းမော်တို့၊ ပြီးရင် ဗန်းမော် မိုးမောက်ဧရိယာမှာ ရှိနေတယ်။ အသစ်ပေါင်းလိုက်မယ်ဆိုရင် တစ်သောင်း ဝန်းကျင်လောက်ရှိမယ်။ အဟောင်းကတော့ နဂိုရ်ကလည်း ကိုးသောင်းကျော်ကျော်မှာရှိနေတာ အဲဒါတွေ က လက်ရှိအနေအထားမှာ စစ်ဘေးရှောင်စခန်းမှာ ဆက်ရှိနေတဲ့ အနေအထားရှိတယ်။ ကိုဗစ်တတိယ လှိုင်းက အခုအချိန်မှာလည်း IDP စခန်းတချို့မှာ ဆက်ပြီးတော့ ဖြစ်ပွားနေတယ်။ အထူးသဖြင့် ကျေး လက်ဒေသမှာ အဖြစ်များတော့ အခုအချိန်မှာ ကိုဗစ်ရဲ့ ဘေးဒုက္ခက တောက်လျှောက် ဆက်ပြီးခံနေရတဲ့ အနေအထားရှိတယ်။ ဒီကာလမှာ အဆိုးဆုံးက စစ်ဘေးရှောင်တွေက အလူးအလဲခံခဲ့ရတာဖြစ်တယ်။ ကြားထဲမှာ စားနပ်ရိက္ခာ ပြတ်လပ်တဲ့ကိစ္စတို့ အသွားအလာ ကန့်သတ်တဲ့ကိစ္စတို့ ကြပ်ကြပ်တည်းတည်း ဖြတ်သန်း ကျီးလန့်စားနေရတဲ့ ကိစ္စပေါနော် အားလုံးက သူတို့ဘ၀က ကူညီကယ်ဆယ်ရေးကိုပဲ အခြေခံပြီး မှီခိုနေရတယ်။ ဒီကာလမှာ အကူအညီပေးတဲ့လုပ်ငန်းတွေမှာလည်း စိန်ခေါ်မှုတွေ ရှိနေတယ်။ အထူးသဖြင့် ဘဏ်ကိစ္စကလည်း ငွေထုတ်ငွေသွင်းတာက အစ အဲဒါတွေလည်း ဒီဂယက်တွေက IDP ပေါ် ကူညီတဲ့အပေါ် အများကြီး ရိုက်ခတ်ခဲ့တယ်။ တော်တော်များများမှာ IDPက တော့ တော်တော့လေး ကြပ်ကြပ်တည်းတည်းနဲ့ ဖြတ်သန်းနေရတဲ့ အနေအထား ရှိတယ်။ အခု စစ်ရေး ကိစ္စတွေလည်း ပြန်ဖြစ်လာတော့ သူတို့အတွက် ပိုပြီးမှ စိုးရိမ်ရတဲ့အနေအထားရှိနေတယ်။ ကျီးလန့်စာ စား နေရတဲ့ ဘ၀မျိုးပေါ့။ကျွန်တော်တို့ကျတော့ကချင်နဲ့ ရှမ်းမြောက် နှစ်ခုလုံးကို ကြည့်ရတာပေါ့။ ရှမ်းမြောက်မှာလည်း အလားတူ ဖြစ်နေတာ။ တချို့နေရာတွေမှာ နေ့တဓူ၀ ထွက်ပြေးတိမ်း ရှောင်နေ ရတယ်။ အထူးသဖြင့် တရုတ်ပြည်နယ်စပ်တစ်လျှောက်မှာရှိတဲ့ IDP စခန်းတွေဆိုရင်လည်း အရင်တုန်း က ဆိုရင်လည်း စားကုန်တို့ ဘာတို့ တရုတ်ပြည်ဘက်က ဝယ်လို့ရတာပေ့ါ။ အခုအခြေအနေကတော့ တရုတ်ပြည်ဘက်က ဒီ ခြံစည်းရိုးကာတဲ့ ကိစ္စတွေက ဖိဖိစီးစီး တင်းတင်းကြပ်ကြပ်လုပ်တော့ တရုတ် ပြည်ဘက်က ဝယ်ယူလို့ရတာဘာမှ မရှိသလောက်ဖြစ်သွားတော့ IDP အတွက် တော်တော်ကို ခက်ခဲကြပ်တည်းစေတယ်။ အဲဒီ နယ်စပ်တစ်လျှောက်မှာ ရှိတဲ့ IDPတွေက အလူး အလဲခံနေရတာပေါ့ လောလောဆယ်။

မေး-အရင်က အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေပါတဲ့ KHCC (ကချင်စစ်ရှောင်များ ကူညီကယ်ဆယ်ရေးကော်မတီ)လိုစုဖွဲ့မှုမျိုးနဲ့ စစ်ရှောင်တွေနေရပ်ပြန်ရေးဆွေးနွေးတာရှိတာပေါ့။ အခုလို အာဏာသိမ်းတာမျိုးဖြစ်လာတော့ စစ်ရှောင်တွေ အနေနဲ့ နေရပ်ပြန်ရေးအပေါ် မျှော်လင့်ချက် ဘယ်လိုရှိတယ်လို့ ကြားရပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-အခုကတော့ IDPတွေ အတွက်က အရမ်းခက်သွားတဲ့ အနေအထားဖြစ်သွားပြီ။ သေမထူးနေမထူး ဘ၀မျိုးဖြစ်လာတော့ နေရပ်ပြန်ရေးကလည်း အခု သူတို့အပေါ် ဘာမှ အာမခံချက်မရှိတော့ သလိုလည်း ပြန်ဖြစ်လာတာပေါ့။ အရင် ကာလတွေမှာ တချို့ IDPတွေက ကိုယ့်ရဲ့ရွာကို ပြန်တဲ့ကိစ္စ တချို့ စဖြစ်တယ်။ တချို့ကတော့ သွားလိုက်လာလိုက် အဲဒီလို လုပ်တဲ့ဟာတွေလည်းရှိတယ်။ အခု ဒီ ဖေဖော်ဝါရီ နောက်ပိုင်းမှာ ဆိုရင်တော့ အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ တချို့က တစ်ခါပြန်တိမ်းရှောင်ရတဲ့ အနေအထားပေါ့။ ဆိုလိုတာက နေရပ်ပြန်တဲ့ကိစ္စကလည်း အခုအချိန်မှာတော့ ဘာမှ အာမခံချက် မရှိတော့တဲ့ အနေအထားဖြစ်နေတယ်။ သူတို့အတွက်က စခန်းမှာ နေလည်း အရမ်းခက် အရမ်းကြပ်၊ ပြန်ဖို့စဉ်းစားတော့လည်း ဘယ်လိုမှ လမ်းမပွင့်တော့တဲ့ အနေအထားမျိုးဆိုတော့ အဲဒီအကျဉ်းအကြပ်ထဲမှာ တော်တော်လေးခက်ခဲနေတာရှိတယ်။

​မေး-နဂိုရ်ကတည်းက ကြပ်တည်းနေတာမှာ အာဏာသိမ်းတာနဲ့ ကိုဗစ်တို့ ဖြစ်လာတော့ စစ်​ဘေးဒုက္ခသည်​တွေ အကျဉ်းထဲ အကြပ်ထဲ ပိုရောက်သွားတဲ့ သဘောပေါ့နော်။

​ဖြေ-ဟုတ်တယ်။ ဒါကတော့ ပါးစပ်နဲ့ ဘယ်လိုမှတောင် ပြောလို့မရတော့ဘူး။ သူတို့အတွက်က တော်တော့်ကို ခက်တဲ့အထဲမှာ ပါနေတယ်။

​မေး-အခု မိုးမောက်တို့ ဖားကန့်တို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးကြရတာရှိတယ်ဆိုတော့ သူတို့ကရော ဘယ်လိုမျိုးနေထိုင်ကြတယ်လို့ သိရပါသလဲ။

​ဖြေ-အများစုကတော့ ယာယီတဲပေါ့။ တာပေါ်လင်တို့ဘာတို့နဲ့ ဖြစ်သလို ဆောက်တဲ့ နေရာတွေမှာ နေရတဲ့ အနေအထားတွေက ပိုများတယ်။ ဘာကြောင့်လဲဆို ဒီကာလမှာ အားလုံးက ခက်ခဲကြပ်တည်းတော့ သူတို့ အခြေတကျ နေနိုင်တဲ့အနေအထားမျိုးမရှိသေးဘူး။ တချို့ကတော့ အဆင်မပြေတော့ ကိုယ့်ရွာကို ပြန်ပြီးမှ ပြန်တဲ့ဟာမျိုးတော့ တွေ့ရတယ်။ အကယ်၍များ ပစ်ကြ ခတ်ကြ တိုက်ပွဲတွေဖြစ်ကြမယ်ဆို ဖြစ်တာနဲ့ ချက်ချင်းပြန်ပြေးရမယ့် အနေအထားမျိုးတော့ရှိတာပေါ့။ တိုက်ပွဲဖြစ်လို့ ပြေးလာတယ် သူတို့အတွက် ခိုလှုံစရာကလည်း ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေပဲရှိတယ်လေ။ အဲဒီမှာ ကျတော့ အကြာကြီးနေလို့လည်းအဆင်မပြေဘူး ယာယီတဲထိုးဖို့ အဆင်မပြေဘူးဆိုရင် အဲဒီလို သွားလိုက်လာလိုက် အနေအထားမျိုးတော့ ပြန်ဖြစ်နေတယ်။

မေး-ဆရာတို့ ကူညီရေးတွေလုပ်နေတော့ လက်လှမ်းမမီလို့ အကူအညီမပေးနိုင်တဲ့ စစ်ရှောင်တွေရော ရှိပါသလား

​ဖြေ- အဓိကတော့ ကျွန်တော်တို့တော့ တက်နိုင်သလောက်တော့ လက်လှမ်းမီအောင်တော့ ကြိုးစားနေ တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ကူညီနိုင်တဲ့ ပမာဏတွေက တဖြည်းဖြည်း လျော့လာတဲ့အနေအထား ရှိတယ်။ ကျွန်တော်တို့ လက်လှမ်းမှီ ခြင်းမမှီခြင်းဆိုတာထက် အခုကတော့ ကူညီနိုင်တဲ့ ပမာဏတွေလျော့လာတော့ အလိုလို IDP တွေအတွက် ကြပ်တည်းလာတာ ပိုပြီးများလာတာရှိတယ်။ အခု ကချင်ပြည်မှာလည်း အများလိုပဲ တရားဝင်သွားလာ ကူညီနိုင်မယ့် ဟာမျိုးကတော့ စိန်ခေါ်မှု အများကြီးရှိသေးတယ်။ ဥပမာ ရိက္ခာသယ်ဆောင်တဲ့ ကိစ္စမျိုးဆို တရားဝင် အဲဒါမျိုး ဘယ်လိုမှ လုပ်လို့မရဘူးလေ။ ပြီးရင် ဒီကာလမှာ ဆေးဝါးတွေ သယ်ဆောင်တဲ့ ကိစ္စကလည်း တော်တော်လေးကို ခက်ခဲတဲ့အထဲမှာ ပါတယ်။ အဲဒါတွေ ကိုယ်၌ကလည်း တော်တော် ခက်ခဲပါတယ်။ နေရာတကာမှာ အားလုံးသိတဲ့အတိုင်း စစ်ဆေးရေးဂိတ်တွေက ပိုများလာတယ်ဆိုတော့ အဲဒါတွေ ကိုယ်၌ကလည်း ကူညီကယ်ဆယ်ရေးကိစ္စတွေမှာ ပိုပြီးမှ ခက်ခဲစေတဲ့ အထဲမှာ ပါလာနေတယ်။

​မေး-စစ်ကောင်စီရဲ့ လုံခြုံရေးအကြောင်းပြ လုပ်ဆောင်ချက်တွေက ကူညီရေးလုပ်​နေသူတွေအတွက် ပိုပြီးမှ အခက်အခဲ ဖြစ်​စေတာပါလား။

​ဖြေ-ဟုတ်တယ်။ ဒီကာလမှာကျတော့ ဂိတ်တွေက တော်တော်များတယ် စစ်ဆေးမေးမြန်းတဲ့ဟာတွေလည်း များတယ်။ တကယ့် တကယ် လိုတဲ့နေရာမှာ ရိက္ခာတို့ ဘာတို့ ယူသွားရမှာ ဒါပေမဲ့ တကယ့် တကယ် ကူညီဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရိက္ခာသယ်ဆောင်တဲ့ဟာမျိုး ဆေးဝါး သယ်ဆောင်တဲ့ဟာမျိုးကတော့ လုံး၀ ဒီကာလမှာ မလွယ်ဘူး။ အဲဒီလို အနေအထားမျိုးမှာ ရရာနည်းလမ်းတွေ ရှာပြီးမှ ကြံဖန်ပြီး သယ်ဆောင် အမျိုးမျိုးလုပ်နေရတဲ့ဟာဆိုတော့ စိန်ခေါ်မှုက အဲဒီမှာ အများကြီးရှိပါတယ်။

Public Service Announcement

​မေး-ဒီဘက် စစ်ကောင်စီက ကန့်သတ်မှုတွေကြောင့် ခက်ခဲသွားသလို ဟိုဘက် တရုတ်ဘက်က ပိတ်လိုက်လို့ စစ်ရှောင်တွေ အရမ်းခက်ခဲသွားတယ်လို့​ပြောရင်မှန်လား။

​ဖြေ-ဟုတ်တယ်။ အထူးသဖြင့် တရုတ်ပြည်ဘက်က ပိတ်တဲ့ဟာက သူတို့ရဲ့ အခြေခံစားကုန်တွေကလည်း တော်တော်များများက အရင်တုန်းက နယ်စပ်တစ်လျှောက်မှာရှိတဲ့ IDPတွေက အဲဒီဘက်ကနေ ဝင်နေရတဲ့ အနေအထား။ အဲဒီဘက်က မဝင်ဘူးဆိုရင် အဲဒီနေရာဒေသရောက်အောင် စားနပ်ရိက္ခာတွေ သယ်ဆောင်ဖို့ဆိုတာ အင်မတန်မှ ခက်တယ်လေ။ တကယ့်တကယ်လိုအပ်တဲ့နေရာတွေဆိုရင် စားနပ်ရိက္ခာတို့ဘာတို့ သယ်ဆောင်ပြီး သွားရမှာ ဖြစ်ပေမယ့် ပိတ်ပင်မှု စစ်ဆေးမှု အဲဒါတွေများတော့ ကျွန်တော်တို့က အဲဒါတွေ လုပ်ဖို့ ပိုခက်လာတဲ့ အနေအထားရှိတယ်။

​မေး-အရင်တုန်းက အစိုးရ ထိန်းချုပ်နယ်မြေနဲ့ KIO ထိန်းချုပ်နယ်မြေမှာ စစ်ရှောင်က ကိုးသောင်းကျော်လောက်ရှိတယ်ဆိုတော့ အဲဒီပမာဏက ဘယ်ဒေသမှာ ဘယ်လောက်လောက် ရှိပါသလဲ။

​ဖြေ-စစ်ရှောင်စခန်းက ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း ပေါင်းလို့ရှိရင်တော့ ၁၇၀ လောက်ရှိတယ်။ ပြီးပြီ ဆိုရင် KIO ထိန်းချုပ် ဧရိယာမှာက စစ်ရှောင်ဦးရေက ​လေးသောင်းကျော် ငါးသောင်းဝန်းကျင်လောက်ရှိတယ်။ ကျန်တဲ့ဟာကျတော့ အခု အခု စစ်ကောင်စီလို့ပဲ ပြောပြောပေါ့ ဒီ ထိန်းချုပ်မှုအောက်မှာ တချို့ရှိတယ်။ ခက်တာက တချို့ဒေသတွေက ရှင်းရှင်းကြီး ဘယ်သူထိန်းချုပ်တဲ့နေရာလို့ ပြောဖို့ ပြန်ခက်တာပေါ့နော်။ IDP ဦးရေတော့ အဟောင်းအတိုင်းပဲ ပြောမယ်ဆိုရင် ကချင်နဲ့ ရှမ်းမြောက်က တစ်သိန်းကျော်ကျော် တစ်သိန်း တစ်သောင်း နှစ်သောင်းကြားမှာ ရှိတယ်။ အခု အသစ်ပြန်ဖြစ်လာတဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိစ္စတွေကတော့ တစ်သောင်းကျော်ကျော်မှာ ရှိတာဖြစ်တယ်။

မေး-ရှမ်းမြောက်စစ်ရှောင်ကို ပြောတဲ့အခါ ကချင်တိုင်းရင်းသားတွေရှိတဲ့ ဒေသပဲလား။ အခုဆိုရင် တိုင်းရင်း သားတပ်အချင်းချင်းဖြစ်လို့ထွက်ပြေးတိမ်းရှောင်ရတာတွေရောရှိတော့အဲဒါတွေရော အကျုံးဝင်ပါသလား

​ဖြေ-ရှမ်းမြောက်လို့ ပြောရင် အခုဖြစ်နေတဲ့ IDPတွေပေါ့နော် အခု ရှမ်းပြည်မှာ ဆိုရင် ကိုးကန့်နဲ့ ဖြစ်တဲ့ မုံးကိုးဒေသဆိုရင် အဲဒါတွေ ကိုလည်း တနည်းတဖုံ ကြိုးစားပြီး ကူညီနေတာတွေ ရှိတယ်။ ပြီးရင် အလားတူ ဒီဘက်မှာ လွန်ခဲ့တဲ့လတွေက RCSSနဲ့ SSPP တို့ တိုက်လို့ ထွက်ပြေးရတဲ့ IDPတွေလည်း ရှိတယ်။ အဲဒါတွေက ကျောက်မဲ တို့ဘာတို့မှာလည်းရှိတယ်။ အဲဒါတွေကိုလည်း ကျွန်တော်တို့ လက်လှမ်းမှီသလောက်ကူနေတဲ့အပိုင်းရှိတယ်။

မေး-မုံးကိုးတိုက်ပွဲကြောင့် စစ်ရှောင်ဘယ်လောက်လောက်ရှိပါသလဲ။

​ဖြေ-အရေအတွက် အတိအကျ ပြောဖို့က တော်တော်လေးခက်ခဲတယ်။ အထူးသဖြင့် မုံးကိုးဒေသရဲ့ ခက်ခဲမှုက သူက သွားလာမှု လုံး၀ကို ထိန်းချုပ်ထားတာ။ အပြင်လူလုံး၀ အဝင်မခံဘူး တိုက်ပွဲတွေကလည်း တောက်လျှောက်ဖြစ်နေတယ်။ အဲဒီမှာကျတော့ ထွက်ပြေးဖို့နေရာကလည်း တော်တော်လေးရှားတော့ ဘယ်လိုနေရသလဲဆိုရင် IDPတွေက တရုတ်ပြည်နယ်စပ် ၊ နယ်စပ်ဆို အရမ်းကို တော်တော်လေး အဲဒါနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ သူတို့က ယာယီတဲတွေ နဲ့ ခိုလှုံနေရတဲ့ အနေအထားမျိုးရှိတယ်။ လွတ်ရာကင်းရာ ကြိုးစားပြီးနေနေရတဲ့ အနေအထားရှိတယ်။ သူတို့ကတော့ ပိုဆိုးသွားပြီ ရိက္ခာဆိုရင်လည်း ကိုယ်တိုင် ပို့လို့ ဘယ်လိုမှမရဘူး။ အရင်တုန်းကဆိုရင် ရိက္ခာကို တရုတ်ပြည်ဘက်က ဝယ်စားတာတို့ ရှိတာပေါ့နော် အခုက ခြံစည်းရိုးကာလိုက်တဲ့ ကိစ္စတွေဖြစ်လာတော့ အဲဒါတွေက လုပ်လို့မရတော့ဘူးဖြစ်နေတာပေါ့။

မေး-အခုက ကချင်အပါအဝင် ဒေသအသီးသီးမှာ အရင်တုန်းကနဲ့မတူတဲ့ စစ်ရေးအခြေအနေမျိုးဖြစ်နေတော့ ရှေ့အလားအလာ ဘယ်လိုမြင်မိပါသလဲ။

​ဖြေ-ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင်အခုဆိုရင်ပွင့်လင်းရာသီရောက်သွားပြီ။ ပြီးခဲ့တဲ့ ၃၊ ၄ လဆိုရင် မိုးတွင်းမှာ ဖြစ်ခဲ့တာပေါ့။ အခု ပွင့်လင်းရာသီဖြစ်ပြီဆိုတော့ စစ်ရေးအရှိန်တွေ နေရာတကာမှာ တိုးလာ နိုင်တယ်လို့မြင်တယ်။ အခုလည်းတိုးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့အတွက် ဒီကာလမှာ စစ်ဘေး ရှောင်ဦးရေ တိုးလာနိုင်တဲ့အနေအထားရှိတယ်။ အခုလည်း စစ်ဘေးရှောင် အပြင် ပြည်သူလူထုလည်း တော်တော်ခက်ခဲနေပြီဆိုတော့ သူတို့ရဲ့ခက်ခဲကြပ်တည်းမှုတွေက ပိုပြီးများလာဖို့ပဲ မြင်တယ်။ တစ်ဖက်မှာတော့ အကူအညီပေးတဲ့ကိစ္စတွေလည်း ပိုပြီးမှ ခက်ခဲလာနိုင်မယ်လို့ သုံးသပ်တာဖြစ်တယ်

မေး- ဒေသအသီးသီးမှာ စစ်ရေးပဋိပက္ခတွေမြင့်လာပြီး စစ်ရှောင်တွေလည်း တိုးလာနိုင်တယ်ဆိုတော့ ကချင်ပြည်နယ်ကလူထုတွေရဲ့ အတွေ့အကြုံအရ ပြည်သူလူထုတွေကို ဘာတွေ ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးလိုပါသလဲ။

​ဖြေ-ကျွန်တော်မြင်တယ် တော်တော်များများကတော့ အခုအခင်းအကျင်း အခြေအနေက လူထုက တောက်လျှောက်ဖြတ်သန်းနေရပြီဆိုတော့ သူတို့ကတော့ သူတို့ရဲ့အနေအထား သူတို့ ပိုသိတယ်လို့ မြင်ပါတယ်။ ဒီကာလက တော်တော်လေး ခက်ခဲတဲ့အနေအထားဆိုတော့ အခြေခံစားနပ်ရိက္ခာတွေ ကလည်း ကုန်စျေးနှုန်းတွေကလည်း တော်တော်ကြီးလာပြီ။ ဆိုတော့ ကိုယ့်ရဲ့ နေရာဒေသတွေမှာ အခြေခံစားနပ်ရိက္ခာ ဖူလုံဖို့ ထုတ်လုတ်လို့ရတဲ့ဟာဘာတွေရှိမလဲ ။ ဘာကြောင့်လဲဆိုတော့ တစ်နေရာကနေ တစ်နေရာ သယ်ဆောင်တဲ့ဟာ ခက်ခဲလာတဲ့အနေအထားဆိုတော့ ကိုယ့်ရဲ့ စားနပ်ရိက္ခာအရေး ဖြည့်ဆည်းဖို့ လုပ်ဆောင် ကြရမှာတွေရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ စိုးရိမ်တဲ့ ကိစ္စက ကိုဗစ်တတိယလှိုင်းမပြီးသေးဘူး။ ကမ္ဘာရဲ့သွားနေတဲ့ လမ်းကြောင်းအရဆိုရင် ကိုဗစ်စတုတ္ထလှိုင်းလာဖို့ တော်တော်လေးကို နီးကပ်လာတယ်လို့ မြင်တယ်။ အဲဒါဖြစ်လာရင် အဲဒီမှာလည်း တော်တော်လေး အထိနာနိုင်တဲ့ အနေအထား ရှိတော့ ကျွန်တော်တို့လည်း ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ဘယ်လိုမြင်ကြမလဲ။ နည်းလမ်းတော့ တော်တော်နည်းပါတယ် ဒါပေမဲ့ ဒီကိစ္စတွေ အတွက် ပြင်ဆင်ဖို့လိုလာမယ်လို့ မြင်မိတယ်။ စစ်ရေးကလည်း တချို့နေရာတွေမှာ မလွှဲမရှောင်သာ ဖြစ်လာနိုင်ခြေရှိတော့ လူထုအနေနဲ့ သတိနဲ့ ကိုယ်ဘယ်လို ဆက်ပြီးတော့ ရှင်သန်နိုင်မလဲဆိုတဲ့ အနေအထားမျိုးတွေကို ပြင်ဆင်ပြီးသွားရမယ့်အနေအထားမျိုးရှိနေတယ်လို့မြင်တယ်။

ကျေးဇူးတင်ပါတယ်ဗျ။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။