Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အပေါ်က ခေါင်းဆောင်တွေရဲ့ သတ်ကွင်းထဲကို အတင်းပို့ခံရတာကို မြေပြင်စစ်ကောင်စီတပ်သားတချို့ ကျွန်တော်တို့ကို ပြောဆိုလာတာ ရှိတယ်”

အထူးသဖြင့်တော့ PDF တပ်ဖွဲ့တွေနဲ့ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ထိပ်တိုက်ရင်ဆိုင်နေ ရတဲ့သူတွေက ပြည်သူ့ဘက်ကို ရပ်တည်ဖို့ တော်တော်နည်းမယ်လို့ထင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ သတင်းအချက် အလက်ရရှိမှုကလည်း တော်တော်နည်းပါးတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးလင်းထက်အောင်နှင့်မေးမြန်းခန်း

စစ်တပ်ကနိုင်ငံ့အာဏာကို မတရားသဖြင့်လုယူအာဏာသိမ်းပြီးနောက် ထိုလုပ်ရပ်အပေါ် ဆန့်ကျင်ပြီး ရဲဝံ့စွာ ပြည်သူနှင့် ပူးပေါင်းလာသော ဗိုလ်ကြီးလင်းထက်အောင်က စစ်ကောင်စီတပ်သားများ၏ ပြည်သူနှင့်ပူးပေါင်းမှု နောက်ဆုံးအခြေအနေ ၊ ပြည်သူနှင့်ပူးပေါင်းလိုသော စစ်သားများအတွက် စိန်ခေါ်မှုများ၊ နိုင်ငံတစ်ဝန်းအထိနာနေသောစစ်ကောင်စီတပ်၏ စိတ်ဓါတ်ရေးရာနှင့် တပ်တွင်းအခြေအနေ၊ စစ်ကောင်စီ၏ သွေးခွဲမှုများ၊ တော်လှန်ရေးပိုမိုအောင်မြင်စေရန် ပြုလုပ်သင့်သည်များစသည့် သူ၏အမြင်များကို ပွင့်လင်းစွာဖြေဆိုထားပါသည်။ ဗိုလ်ကြီးလင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းလိုသော တပ်မတော်သားများကို ကူညီပေးနေသည့်ပြည်သူ့ ရင်ခွင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ ထ

မေး – စစ်တပ်ထဲက ကျန်ခဲ့တဲ့သူတွေမှာ အချို့က CDM လုပ်ချင်တယ်။ အခက်အခဲတွေကြောင့် မလုပ်နိုင်တာဆိုပြီး ကြားသိနေရပါတယ်။ ဘယ်လိုမျိုး အခက်အခဲတွေရှိနေကြတာလဲ။ သူတို့အတွက် ဘယ်လိုလုပ်ပေးရင်ရော အဆင်ပြေနိုင်မလဲ။

ဖြေ – အခုလက်ရှိ အကြမ်းဖက်စစ်တပ်ဘက်က ပြည်သူ့ဘက်ရပ်တည်ချင်တဲ့သူရှိသလို၊ နောက်ဆုံး အချိန်အထိ အာဏာရှင်ဘက်က ရပ်တည်ပြီးသွားမယ့်သူတွေလည်းရှိပါတယ်။ အထူးသဖြင့်တော့ PDF တပ်ဖွဲ့တွေနဲ့ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ထိပ်တိုက်ရင်ဆိုင်နေ ရတဲ့သူတွေက ပြည်သူ့ဘက်ကို ရပ်တည်ဖို့ တော်တော်နည်းမယ်လို့ထင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ သတင်းအချက် အလက်ရရှိမှုကလည်း တော်တော်နည်းပါးတယ်။ ရှေ့တန်းစစ်မြေပြင်တွေမှာဆိုရင် အခုနောက်ပိုင်း စကစ ခေါင်းဆောင်တွေက ဖုန်းသုံးစွဲမှုနဲ့ အင်တာနက်သုံးစွဲမှုတွေကို တော်တော် ကန့်သတ်ထားတာကိုတွေ့ရတယ်။ အဲဒီတော့ မြေပြင်မှာ လက်တွေ့ကျကျ ထိပ်တိုက်ရင်ဆိုင်နေ ရတဲ့အဖွဲ့တွေကတော့ ပြည်သူ့ဘက်ကရပ်တည်လာဖို့ တော်တော်နည်းပါးပါတယ်။ နောက် မြို့ ပေါ်က အဖွဲ့တွေပေါ့။ တိုင်းစစ်ဌာနချုပ်တွေက ၃ ပုံ ၁ ပုံလောက်ကတော့ ပြည်သူ့ဘက်ကို ရပ်တည်ချင်တဲ့သူတွေတော့ ရှိတယ်။ ဒါပေမဲ့ ထွက်လာဖို့အခွင့်အလမ်းက သူတို့မှာ အမျိုးမျိုးရှိတယ်။ ကျန်တဲ့နယ်ဘက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူ့ဘက်ရပ်တည်တဲ့ CDM ဝန်ထမ်းတွေလည်းအများကြီးပဲ။ ဒါပေမဲ့ စစ်သားတွေနဲ့မတူညီတာတွေ ရှိတယ်။ ကျွန်တော်တို့ကျတော့ တပ်ဌာနချုပ်ကို စွန့်ခွာပြီဆိုတာနဲ့ကို အမှုစတပ်ခံရတယ်။ စစ်ပြေးမှုတွေ ဘာတွေ စွပ်စွဲခံရတယ်။ ထောင်ဒဏ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုတွေနဲ့ ရင်ဆိုင်ရတယ်။ အဲဒီတော့ ဘ၀တစ်ခုလုံးကို ရင်းပြီးတော့ ထွက်လာရတာ။ သူတို့အနေနဲ့ ထွက်လာပြီဆိုရင် ဒီဘက်မှာ ရပ် တည်ဖို့အတွက် လွတ်မြောက်နယ်မြေတွေမှာ နေထိုင်ဖို့ အတွက်သွားလာရမှာတွေ၊ နောက်ပြီး သူတို့ပတ်သက်ဆက်နွယ်တွေနဲ့ပတ်သက်ပြီး လုံခြုံရေး ဆိုင်ရာတွေ၊ သူတို့ (ဒီဘက်ကို)ရပ်တည် လာပြီဆိုရင်လည်း သူတို့အနေနဲ့ တော်လှန်ရေးထဲမှာ ဝင်ရောက်ပါဝင်နိုင်မှု သို့မဟုတ် တစ်ဖက် တစ်လမ်းကနေ ဘယ်လိုမျိုး လုပ်ရမလဲဆိုတာ အဓိက စဉ်းစားကြပါတယ်။ ကျွန်တော်တို့ကိုယ် တိုင်ကလည်း ဒီလိုမျိုးစဉ်းစားပြီးမှ သေချာပြင်ဆင်ပြီးမှ ထွက်လာတာဖြစ်ပါတယ်။ အဓိကကတော့ မိသားစုဘ၀နဲ့ လက်ရှိ ဘ၀တစ်ခုကို စွန့်လွှတ်ဖို့ ၊ ဘ၀သစ်တစ်ခုမှာ ဆက်လက်ရပ်တည်ဖို့ သတ္တိမရှိကြတာလို့ပဲ ကျွန်တော်က မြင်တယ်။

Public Service Announcement

Public Service Announcement

မေး – လက်ရှိမှာ CDM ပြုလုပ်ထားတဲ့ တပ်မတော်က ရာထူးအကြီးဆုံး ဘယ်အဆင့် အထိပါနေပြီလဲ။ ဗိုလ်ချုပ် အဆင့်တွေကရော CDM လုပ်ဖို့ ပြောဆိုလာမှုတွေရှိလား။ သူတို့လို ရာထူးကြီးတွေပါလာအောင်ရော ဘယ်လိုတွေ လုပ်ပေးသင့်လဲ။ ဘာတွေ လုပ်ပေးနိုင်လဲ။

ဖြေ – ရာထူးကြီးကတော့ စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး လယ်ဗယ်ကနေ အပေါ်ပိုင်းတွေကတော့ ပြည်သူ့ဘက်ရပ်တည်ဖို့ တော်တော်ခဲခဲယဉ်းယဉ်းဖြစ်တဲ့အနေအထားပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒုတိယဗိုလ်မှူးကြီးလယ်ဗယ်ရောက်ပြီဆိုတာနဲ့ အထက်ဌာနတွေကို သူတို့ရဲ့နေ့စဉ်ဆောင် ရွက်မှုတွေ တင်ပြရတာရှိတယ်။ ဘယ်သွားတယ်။ ဘာလုပ်တယ်။ နေ့စဉ်လုပ်ဆောင်ချက်တွေကို ကြေးနန်းတွေနဲ့ရေးပြီးတင်ပြရတာရှိတယ်။ နောက်ပြီးတော့ အများစုရဲ့ မျက်စိ ထောင့်ထောက်ကြည့်တာကိုခံရတဲ့အတွက် ပြည်သူ့ဘက် ရပ်တည်ချင်ရင်တောင် သူတို့အတွက် ထွက်လာဖို့ အခြေအနေက အရမ်းနည်းတယ်။ ထွက်လာချင်တယ်ဆိုရင် ကျွန်တော့်တို့အနေနဲ့ ချက်ချင်းချိတ်ဆက်ခေါ်ဆောင်ပြီး အမြန်ဆုံး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးနိုင်ဖို့က အရမ်းအရေး ကြီးပါတယ်။ နို့မို့ဆိုရင်တော့ သတင်းပေါက်ကြားမှုနဲ့အခြားအချက်အလက်တွေ ပေါက်ကြားသွား ရင် သူတို့အတွက် အန္တရာယ်ရှိတဲ့အနေအထားဖြစ်တယ်။ ဒါက ပြည်သူ့ဘက်ရပ်တည်ချင်တဲ့သူပါ။ ဒါပေမဲ့ အဲဒီလို ဒုတိယဗိုလ်မှူးကြီးလယ်ဗယ်ကနေ အပေါ်ပိုင်းမှာ ပြည်သူ့ဘက် ရပ်တည်ချင်သူအရေအတွက်ဟာ တော်တော်ကို ရှားရှားပါးပါးလို့ ပြောလို့ရတယ်။ ဒုတိယဗိုလ်မှူးကြီးလယ်ဗယ်လောက်ဆိုရင်ကို ရပိုင်ခွင့်တွေနဲ့ ခံစားခွင့်တွေက မိသားစုဘ၀ရပ်တည်ဖို့ရော အခြား အရာတွေအတွက် Role တစ်ခုအနေနဲ့ ၊ အဆင့်အတန်းမြင့်မြင့်နေထိုင်ရတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ စဉ်းစားဖို့တောင် မရှိဘူးနဲ့ တူပါတယ်။ လက်ရှိအချိန်အထိ စစ်တပ်က ဗိုလ်မှူး အဆင့်အထိ အရာရှိဆိုရင် ဒုဗိုလ်ကနေ ဗိုလ်မှူးအဆင့်အထိ ပြည်သူ့ဘက်ရပ်တည်လာတဲ့ သူတွေရှိပါတယ်။ စစ်သည်ထဲမှာဆိုရင် တပ်သားကနေ တပ်ကြပ်အထိ။ အဆင့်ပေါင်းစုံ ဝင်တာရှိပါတယ်။

မေး – ပြည်သူ့ရင်ခွင်ခိုလှုံလာသူတဲ့ တပ်မတော်ရဲ့ ရဲ CDM တွေရဲ့ အဓိက အခက်အခဲက ဘာရှိလဲ။

ဖြေ – NUG နဲ့ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံသူတွေကို လွတ်မြောက်နယ်မြေတွေကို ပို့ဆောင် ပေးနေတယ်။ နေထိုင်စားသောက်ရေးကအစ NUG က စီစဉ်ပေးနေတာရှိတယ်။ နောက်ပြီး ပြည်သူ့ရင်ခွင်လိုအဖွဲ့အစည်းတွေကလည်း ရှိတာလေးတွေနဲ့ ပေါင်းစပ်ကူညီပေးနေတာရှိ တယ်။ အဓိကကတော့ ပြည်သူကြားထဲမှာ ပုန်းခိုနေသူတွေ၊ လွတ်မြောက်နယ်မြေသွားဖို့ အတွက် လိုအပ်နေတာတွေ ရှိတယ်။ အချိတ်အဆက်တွေ၊ အကူအညီတွေ အဓိကလိုအပ်နေတယ်။ အဲဒီလို လိုအပ်နေရင်လည်း ကျွန်တော်တို့လို ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်ခိုင်းလို့ရတယ်။ အဲဒီလို လမ်းညွှန်ပေးတာမျိုး ပြည်သူတွေက လုပ်ပေးနိုင်ရင် ပိုအဆင်ပြေတယ်။ မိမိနားမှာ CDM စစ်သားတွေ ဒုက္ခရောက်နေတာရှိရင်လည်း ကိုယ်တိုင်ကူညီပေးတာမျိုးထက် ကျွန်တော်တို့လို အဖွဲ့ကို လမ်းညွှန်ပေးတာက ပိုကောင်းပါတယ်။ သူတို့ကိုယ်တိုင်ကူညီရင် အန္တရာယ်ရှိလို့ပါ။

မေး – အရေအတွက်အားဖြင့် CDM လုပ်လာတဲ့ အခြေအနေဘယ်လိုရှိလဲ။ တိုးတက်မှုနှုန်းကို ကြည့်ရင် ဒီဘက်လတွေမှာ ပိုပြီးမြင့်လာတာတွေ့ရလားဗျ။

ဖြေ – ဒီဇင်ဘာလထဲမှာဆိုရင် ဆက်သွယ်လာတဲ့အရေအတွက်နဲ့ ထွက်လာတဲ့အရေအတွက်က သိသိသာသာလျှော့ကျသွားတာတွေ့ရတယ်ဗျ။ NUG က ပြည်သူ့ခုခံတော်လှန်စစ် D-Day စတင် တဲ့ရက်ကနေ နိုဝင်ဘာလောက်အထိ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်လာသူတွေကို မအားမလပ်ဖြေကြားရတာတွေ ရှိခဲ့တယ်။ နေ့စဉ် ရာကျော်ဂဏန်း ဆက်သွယ်တာမျိုး။ မရှိတဲ့ရက်တွေမှာတောင် ၂၀ ကနေ ၃၀ ကြားလာပြီး ဆက်သွယ်မှုရှိတယ်။ အခုအချိန်မှာတော့ တော်တော် လျော့ ကျသွားတယ်။ ဒါတွေဟာလည်း စစ်ကောင်စီက ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့အင်အားအရ တပ်မတော်သားဆိုရင် ၂၀၀၀ ကျော်ဝန်းကျင်ရှိပြီ။ ရဲဆိုရင် ၆၀၀၀ ကျော်ရှိပြီ။ ဒါဟာ စစ်တပ်ရဲ့ ၁ ရာခိုင်နှုန်းကျော်လောက် ရပ်တည်လာပြီ။ ဒါဟာ ပြောရမယ်ဆိုရင် သူတို့မထင်မှတ်ထားတဲ့ အင်အားတစ်ခုလို့ထင်တယ်။ အဲဒါကြောင့်မို့ထပ်ပြီးတော့ ပြည်သူ့ဘက်ကို ရပ်တည်ဖို့ ခဲယဉ်းအောင်သူတို့အနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကျွန်တော်တို့ ပြည်သူတွေနဲ့အကြား ဆက်သွယ်မှုကို ဝေးကွာအောင် အင်တာနက်ပိတ်တာတွေ၊ ဖုန်းသုံးစွဲမှုတွေကို ပိတ်ပင်တာတွေ လုပ်ဆောင်လာတဲ့အတွက် ဒီနောက်ပိုင်းမှာ တော်တော်လေးနည်းပါးလာတာကိုတွေ့ရပါတယ်။

မေး – လေ့လာသူအချို့က လက်ရှိတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ တပ်အတွင်းက လာမှဖြစ်မယ်လို့ သုံးသပ် ကြတယ်။ တပ်တွင်းပြိုကွဲမှုပေါ့။ဆိုလိုတာက တပ်တွင်း ရာထူးအကြီးပိုင်းတွေ တော်လှန်ရေးမှာ ပါလာမှဖြစ်မယ်။ အဲ့ဒါက လက်ရှိအချိန်မှာ လက်တွေ့ကျကျ မျှော်လင့်လို့ရလား။ ဘယ်လိုအခြေအနေရှိလဲဗျ။

ဖြေ – လက်တွေ့ကျကျမျှော်လင့်ဖို့က ကျွန်တော်ကတော့ သိပ်မမျှော်လင့်ဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ခုခံတော်လှန်စစ်က အရှိန်အဟုန်တစ်ခုကနေ ပြောင်းလဲသွားပြီ။ လွတ်မြောက်နယ်မြေတွေ။ သိသိသာသာကို တော်လှန်ရေးရဲ့ အနိုင်ရမယ့်အချက်တွေ ပေါ်လွင်လာခဲ့ပြီပေါ့။ အဲဒီလိုမြေပြင် စိုးမိုးမှုတွေ၊ ထိန်းချုပ်မှုတွေ ရှိလာပြီဆိုရင်တော့ သူတို့တွေက စပြီးကူးမယ်လို့ ယူ ဆတယ်။ ဥပမာ စစ်ကိုင်းဘက်ကို လွတ်မြောက်နယ်မြေရပြီထားတော့။ စစ်ကိုင်းဘက်က တပ်မှူးတွေနဲ့အနေနဲ့ ခိုလှုံလာမှာ ယူဆတယ်ဗျ။

မေး – နိုင်ငံတကာရဲ့ တပ်ခေါင်းဆောင်ပိုင်းနဲ့ စကစတာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူတာက ထိရောက်မှု ရှိတယ်လို့ ယူဆလား။ ထိရောက်မှုရှိဖို့အတွက် အစ်ကိုအနေနဲ့ ဘာတွေအကြံပြု တိုက်တွန်းချင်တာရှိမလဲ။

ဖြေ – ရှိတယ်လို့တော့ ပြောရမှာပေါ့။ ထိပ်သီးပိုင်းမှာ စီးပွားရေး ပတ်သက်စပ်ယှက်မှုတွေက နိုင်ငံတကာအသိုင်းအဝန်းနဲ့ရှိနေတာပဲဗျ။ စစ်တပ်နဲ့ လုပ်ဆောင်တာ၊ တစ်ဦးချင်းလုပ်ဆောင်တာတွေက ရှိနေတာပဲပေါ့။ လက်နက်ရောင်းချမှုပဲဖြစ်စေ၊ စီးပွားရေးပိတ်ဆို့ပဲဖြစ်စေ အနည်းနဲ့ အများတော့ ထိရောက်မှုရှိတယ်။ ဒါပေမဲ့ သူတို့ဘ၀တစ်ခုလုံးပြိုလဲသွားတဲ့အထိကတော့ စီးပွားရေးပိတ်ပင်မှုကနေ ရမှာမဟုတ်ဘူးလို့ ထင်တယ်။ ဒီလိုပိတ်ပင်မှုတွေထက် လက်နက်ဆိုလည်း လက်နက်ကို နိုင်ငံတကာအသိုင်း အဝိုင်းအားလုံးက ပိတ်ပင်တာမျိုး၊ စစ်ကောင်စီဘက်ကို ထောက်ခံတဲ့နိုင်ငံတွေကို ဖိအားပေးတာမျိုး ဒီလိုမျိုးလုပ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အခု ပိတ်ဆို့မှုတွေက အကျိုးသက်ရောက်မှုတော့ရှိတယ်။ ထိထိရောက်ရောက် အကျိုးသက်ရောက်မှုမရှိဘူးလို့ မြင်တယ်။

မေး – တပ်မတော်သားတွေအတွက် CDMလုပ်ဖို့ အခက်အခဲဆုံးဖြစ်နေတဲ့ အရာက ဘာများဖြစ်မလဲ။ NUG အစိုးရ အနေနဲ့ရော ဘာတွေလုပ်ပေးနိုင်လဲ။ ဘာတွေလုပ်ပေးစေချင်လဲ။

ဖြေ – အခုဆိုရင် NUG ပြည်သူ့ရင်ခွင်ကော်မတီဆိုပြီး သမ္မတကြီးတို့၊ ဝန်ကြီးချုပ်တို့ ဦးစီးပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ ပြည်သူဘက်ကို ကူးပြောင်းလာတဲ့ စစ်သားတွေ၊ ရဲတွေ နဲ့လည်း ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက တွေ့ထားတာရှိတယ်။ ဒီကနေ NUG အနေနဲ့ ဝင်လာမယ့်သူတွေ ရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးဖို့ လုပ်နေတယ်။ နောက်ပြီး သက်ဆိုင်ရာနယ်မြေခံ၊ EAOs အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတာတွေရှိတယ်။ အခုအချိန်မှာတော့ NUG အစိုးရရဲ့ အာဏာသက်ရောက်မှုက မြေပြင်မှာ အဲ့လောက်မရှိသေးဘူးဆိုတော့ တစ်ဖက်က လူတွေရဲ့ ယုံကြည်အားကိုးမှုက နည်းနည်းလေးတော့ နည်းတာပေါ့။ ဒီလိုမျိုးတွေကို အချိန်တစ်ခုရောက် လာရင် သက်သေပြရမှာဖြစ်တဲ့အတွက် အခုလောလောဆယ် အခြေအနေကတော့ ထပ်မံဖိတ်ခေါ်ဖို့နဲ့ ရောက်လာတဲ့သူတွေကို လုံခြုံမှု ထိထိရောက်ရောက်ပေးနိုင်မှုတွေနဲ့ သက်သေပြပြီး ဖိတ်ခေါ် ရမယ်လို့ မြင်တယ်။ အခုလည်း သူတို့လုပ်နေပါတယ်။ အများကြီးလည်းဆောင်ရွက်နေတာလည်းရှိပါတယ်။

မေး – ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်မတော်သားတွေထဲမှာ သုံးမျိုးတွေ့ရတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ပြောထား ပါတယ်။ PDF တွေ EAOsတွေနဲ့ ပူးပေါင်းပြီး ပြန်တိုက်ချင်သူ၊ လွတ်မြောက်နယ်မှာ အေးအေး ဆေးဆေးနေပြီး တော်လှန်ရေးအတွက် အခြားနည်းနဲ့ ကူညီပေးချင်သူ နဲ့ ပိုမိုလုံခြုံတဲ့ အနောက်နိုင်ငံတွေကို ထွက်ချင်သူဆိုပြီး ရှိကြပါတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ဘယ်အမျိုးအစားက အများဆုံးဖြစ်မလဲ။

ဖြေ – အခုနောက်ပိုင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို မေးမြန်းတာ၊ စစ်တမ်းကောက်ယူတာတွေတော့ ရှိပါတယ်။ လက်နက်ကိုင် တော်လှန်ချင်သူကတော့ ရာခိုင်နှုန်းများတယ်။ ပြည်ပ ထွက်ဖို့ ပြောလာတဲ့သူတော့ ကျွန်တော်တို့မတွေ့ရဘူး။ ပထမတစ်ခုနဲ့ ဒုတိယတစ်ခုမှာပဲ ရွေးချယ်တာကိုတွေ့ရတယ်။ PDF ထဲကို ပြန်ဝင်ရောက်ချင်သူက များတယ်။ ဒုတိယတစ်မျိုးကတော့ လွတ်မြောက်နယ်မြေကနေ သူတို့သိတာတွေ ဖော်ထုတ်တာတွေ၊ သူတို့သိခဲ့တဲ့ စစ်ပညာကို ပြန် သင်တန်းပို့ချမှာတွေ၊ ဒီအမျိုးအစားနှစ်ရပ်က များပါတယ်။

မေး – ဒီဇင်ဘာ ၁၀ ရက်က Silent Strike မှာ ပြည်သူ့ရင်ခွင်က ညီအစ်ကိုတွေအားလုံးလည်း ပါဝင်ဆင်နွှဲတာတွေ့ရတယ်။ ထူးခြားတာတော့ အာဏာသိမ်းထားတာ ၁၀ လလောက်ရှိလာ ပေမယ့် အားလုံးတိုင်ပင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်မယ်ဆိုပြီး အသံတိတ် သပိတ်လုပ်တဲ့ အခါမှာ တနိုင်ငံလုံးက ဆန္ဒထုတ်ဖော်တာတွေ့ရတယ်။ ဒါကို ကမ္ဘာ့မီဒီယာတွေကလည်း စောင့် ကြည့်ပြီး အလေးအနက်ဖော်ပြတာတွေ့ရတယ်။ အဲဒီနေ့က နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ် တော့ UN ကလည်း မြန်မာပြည်သူတွေ လုပ်သွားတာကို အလေးအနက်ထားပြောသွားတာတွေ့ရတော့ CDM လုပ်ထားတဲ့ တပ်မတော်သားတွေ ၊ ရဲတွေဆိုတာ အများကြီးစွန့်စားပြီး ပြည်သူနဲ့ အတူ ဓမ္မဘက်ကို ရပ်တည်လာတာ။ ကာလတွေရှည်လာတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ရှည်ကြာကြာ ပြည်သူတွေက စစ်အာဏာရှင်ကို လက်မခံဘူး။ အားလုံးက အတူတူရပ်တယ်ဆိုတာမျိုး Silent Strike က ပေးလိုက်တဲ့ သတင်းစကားကြောင့် CDM တပ်မတော်သားတွေ၊ ရဲ တွေအနေနဲ့ ဘယ်လိုမျိုးစိတ်ဓာတ်ခွန်အားတွေ ရလဲ။ အဲဒီနေ့မြင်ကွင်းကို မြင်လိုက်ရတဲ့အချိန် မှာ ဘယ်လိုများ ခံစားရလဲ။အဲဒါလေး မျှဝေပေးပါဦး။

ဖြေ – ဒီဇင်ဘာ ၁၀ ရက်ကတော့ သွေးအေးနေတဲ့သူတွေရော၊ တော်လှန်ရေး အရှိန်များကျနေပြီလားလို့ ထင်တဲ့သူတွေရော၊ စစ်ကောင်စီဘက်ကလည်း တော်လှန်ရေးက အချိန်တန်ရင် အီးရော အီးရောနဲ့ ပြီးသွားမှာပါဆိုပြီး တွေးတဲ့သူတွေလည်းရှိတယ်။ ဒီလိုလူတွေအတွက် လုံး၀ Suprise ဖြစ်သွားတယ်။ နောက်ပြီး ဒီဘက် တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း လုံး၀ Shock အကြီးကြီး။ မထင်ထားဘူး။ ဒီလောက်အထိဖြစ်လာမယ်လို့ မထင်ထားဘူး။ အရမ်းကို ဝမ်းသာ ရတယ်။ ကျွန်တော်တို့ ပြည်သူ့ရင်ခွင်နဲ့ ဆက်စပ်တဲ့တပ်မတော်သားတွေလည်း တော်တော် များများပါဝင်ကြတယ်။ အချိန်ကာလအရသာ အကုန်လုံး မတင်လိုက်နိုင်တာ။ အကုန်လုံးက တနိုင်ငံ လုံးက တော်လှန်ရေးကို အခုထိ ထောက်ခံနေတယ်။ စစ်ကောင်စီကို လုံး၀ အုပ်ချုပ်ခွင့်မပေးဘဲနဲ့ တော်လှန်နေတာကို တိတ်ဆိတ်ခြင်းနဲ့ သိလိုက်ရတာ အရမ်းအားတက်တယ်။ ကျွန်တော်တို့လည်း နောက်ထပ်အလုပ်တွေ လုပ်ဖို့အတွက် အားတွေ အ များကြီးရတယ်။ ဘာတွေ ဆက်လုပ်မလဲဆိုတဲ့လုပ်ငန်းအသစ်တွေပါ ထပ်ပြီး အတွေးအမြင်တွေ ပိုရတယ်။ အရင်ကတည်းက အားတွေရတယ်။ Silent Strike က ပိုပြီးအားပိုတက်သွားတာပေါ့။

မေး – NUG က ခုခံစစ်ကြေညာပြီးနောက်ပိုင်း တောက်လျှောက် ခုခံတော်လှန်စစ်တွေ စနေတယ်။ NUG က တစ်နေ့ကထုတ်ပြန်တဲ့စာရင်းအရ နိုင်ငံအဝှမ်းမှာ နိုဝင်ဘာကနေ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်လောက်သေပြီး ၈၀၀ ကျော်လောက် ဒဏ် ရာရတယ်ဆိုပြီး ထုတ်ပြန်ထားတယ်။ စက်တင်ဘာနောက်ပိုင်း စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ ဒီအရေအတွက်တွေက တောက်လျှောက်လာတာတွေ့ရတယ်။ စစ်ကောင်စီတပ်တွေ အထိနာအောင် ပိုပြီးတိုက်လာနိုင်တယ်။ PDF တွေက လက်နက်အင်အား မပြည့်စုံတဲ့ အနေအထားကနေ စစ်ကောင်စီကို တကယ်အထိနာအောင် ဘာကြောင့်တိုက်လာနိုင်တယ်လို့ မြင်လဲ။ ဒီအခြေအနေကို ကြည့်ရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေPDF တွေ အားနည်းချက်မျိုးရော ဘာတွေ့လဲ။ ပိုပြီး တိုက်ခိုက်ရေးစွမ်းရည်တွေ တက်လာဖို့ ဘာတွေ အကြံပေးချင်လဲ။

ဖြေ – တစ်လအတွင်း ထောင်နဲ့ချီတဲ့ဂဏန်းမြင်လိုက်ရတာ အရမ်းကို ကျွန်တော်တို့ အားရမိတယ်။ အားရတယ်ဆိုတာထက် PDF တွေရဲ့ လအနည်းငယ်အတွင်းမှာ သင်ယူခဲ့ရတဲ့ စစ်ပညာနဲ့ တိုက် ပွဲအတွေ့အကြုံတွေက တော်တော်အထင်ကြီးလေးစားစရာကောင်းတယ်။ သူတို့ရဲ့ လက်ရုံးရည်နဲ့ နှလုံးရည်က တော်တော်ကြီး အပြည့်အစုံမဟုတ်တောင် တိုက်ပွဲဝင် စစ်သည်ကောင်း အနေအထားကို ရောက်နေပြီ။ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာ ကာလရှည်ကြာ ဖြစ်ပွားနေတာ ဒီကနေ ကျွန်တော်တို့ EAOs တွေရဲ့ သင်ကြားပြသမှုတွေကနေ စစ်ပညာကို တစိုက်စိုက်မတ်မတ်လေ့လာနိုင်စွမ်းအားကတော့ တော်တော်ကြီး ကြီးကြီးမားမားရှိတယ်။ ဒီလိုမျိုး မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ PDF တွေအနေနဲ့ ဒီလိုမျိုး အောင်မြင်မှုတွေရတာက အဓိကကတော့ ပြည်သူ့အားပါပဲ။ ပြည်သူ့အားနဲ့ တော်လှန်သူ ဒီ PDF တွေရဲ့ စိတ်ဓာတ်ကလည်း အရမ်းကို ကြောက်ခမန်းလိလိရှိပါတယ်။ သူတို့အနေနဲ့ ဘယ်နေရာမှာ ဘယ်လို စစ်နည်းဗျူဟာနဲ့ တိုက်ရင် စစ်ကောင်စီတပ်သားတွေအနေနဲ့ အစုလိုက်အပြုံလိုက် သေကြေပျက်စီးမှုရှိမယ်ဆိုတာ သူတို့ အနေနဲ့ တွက်ချက်နိုင်စွမ်းရှိတယ်။ နောက်ပြီး မိမိရဲ့နယ်မြေအခြေအနေနဲ့ သုံးစွဲရမယ့် လက်နက်တွေကို သူတို့မှာ ရှိတဲ့အင်အားနဲ့ ကောင်းကောင်းသုံးစွဲနိုင်တာတွေ့ရတယ်။ ဒါကတော့ တခါတလေ ကျတော့ လအနည်းငယ်အတွင်းမှာ တပ်ဖွဲ့တခုမှာ စစ်ပညာကို သင်ကြားပြီးတိုက်ခိုက် ရတဲ့သူတွေကျတော့ စိတ်ခံစားမှုနဲ့ တခြားအရာလေးတွေ မရင့်ကျက်သေးတာတော့ ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ရုတ်တရက် လက်နက်ကိုင်လိုက်ရတဲ့သူတွေရဲ့ သဘောသဘာ၀ပါပဲ။ ပြောရရင် ဘယ်နိုင်ငံတွေမှာပဲဖြစ်ဖြစ် အခြေခံစစ်ပညာသင်ကြရတယ်။ အခြေခံစစ်ပညာဆိုတာ အနည်း ဆုံး ၄ လလောက် သင်ကြရတယ်။ သူတို့ လက်နက်ကိုင်တဲ့ သက်တမ်းက ၆ လကျော်၊ ၇ လလောက်ပဲရှိပါသေးတယ်။ ဒီသက်တမ်းအတွင်းမှာလည်း ရင့်ကျက်မှုနဲ့ တချို့ တိုက်ပွဲ အတွေ့အကြုံလေးလိုအပ်ချက်တော့ ရှိနေသေးတာပေါ့။ ဒါပေမဲ့ ဒါက ပြင်ဆင်နေတယ်။ စနစ်တကျ စုဖွဲ့မှုနဲ့ စစ်နည်းဗျူဟာကို ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်းပြင် ဆင်နေတယ်။ နောက်ပြီး လေ့ကျင့်ပြင်ဆင်နေချိန်မှာ လက်နက်နဲ့ လူအင်အားကိုလည်း စနစ်တကျစုဖွဲ့မှုရှိလာ အောင်၊ ကျစ်လျစ်လာအောင် ပြင်ဆင်နိုင်စွမ်းလည်းရှိတယ်။ အားနည်းချက်တွေကတော့ အများကြီးမတွေ့ရဘူး။ အားသာချက်တွေ အများကြီးတွေ့ရတယ်။ စစ်ကောင်စီတပ်သားတွေကတော့ မြေပြင်မှာ ပြည်သူလူထုထောက်ခံမှု လုံး၀လုံး၀ မရှိတော့တဲ့အတွက် သူတို့အနေနဲ့ ဘယ်နေရာကိုပဲထိုးစစ်ဆင်ဆင် နောက်ဆုံး ရန်ကုန်လိုနေရာမျိုးမှာတောင် ကင်းစောင့်ရတာ မလုံခြုံတာက ပြည်သူ့ထောက်ခံမှု လုံး၀မရတာဖြစ်ပါတယ်။ ပြည်သူ့ထောက်ခံမှု မရတဲ့စစ်သားနဲ့ ပြည်သူ့ ထောက်ခံမှုရတဲ့စစ်သား ကွာခြားမှုတွေ အများကြီးရှိပါတယ်။ နောက်ဆုံးကျရင် ပြည်သူ့ထောက်ခံမှု ရတဲ့စစ်သားကတော့ အနိုင်ရရှိမှာ ကျိန်းသေပါတယ်။

မေး – တပ်တွင်းက စစ်ကောင်စီတပ်သားတွေရဲ့ စိတ်အခြေအနေ ကိုရော ဘယ်လိုသိထားရလဲ။

ဖြေ – လေတပ်က တစ်ယောက် ရင်လာဖွင့်တာကို ကျွန်တော့်ဖေ့စ်ဘုတ်မှာ တင်ဖြစ်တယ်။ လေတပ်နဲ့ မြေပြင် ကြည်း တပ်နဲ့ ပူးပေါင်းပြီး လုံခြုံရေးယူတဲ့အခါ သူတို့အနေနဲ့ မညီမျှမှုတွေတွေ့လာရတယ်။ လုယူ ဖျက်ဆီးတာသည် ကြည်းတပ်ဆိုတာ ပြောလာတာတွေ တွေ့ရတယ်။ ပြောရရင် သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြားမှုပဲ။ တာဝန်ထမ်းဆောင်မှုမှာ မညီမျှမှုတွေကို ပေးအပ်ခံရတာကို မကျေနပ်မှုတွေလို ပြောချင်တယ်။ လေတပ်နဲ့ ကြည်းတပ်မှာမှ မဟုတ်ဘူး။ ကြည်းတပ်အချင်းချင်းလည်း ထိုနည်းတူပဲ။ အပေါ်က ခေါင်းဆောင်တွေရဲ့ သတ်ကွင်းထဲကို အတင်းပို့ခံရတာကို မြေပြင် စစ်ကောင်စီတပ်သားတချို့ ကျွန်တော်တို့ကို ပြောဆိုလာတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာသွားရင် သေကြေပျက်စီးမှာ၊ ကျရှုံးမှုရှိလာမှာကို သိတယ်။ ဒါပေမဲ့လည်း အထက်ရဲ့စေခိုင်းမှုတွေက အတင်းအကြပ် ဖိအားပေးစေခိုင်းမှုတွေရှိလာတာကြောင့် သူတို့အနေနဲ့ ကြောက်ရွံ့မှုနဲ့ မကျေနပ်မှုတွေက အပေါ်နဲ့ အောက်ကြားမှာ အုပ်ချုပ်မှု စနစ် တခုကို မယုံကြည်တော့တဲ့အနေအထားကို ကျွန်တော်တို့သိရတယ်။

မေး – တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်လို့ ဘာတွေ့လာရလဲဆိုတော့ ဒီလပိုင်းတွေအတွင်း စစ်ကောင်စီက သူတို့ဘက်ပါလာဖို့ တချို့အဖွဲ့တွေကို ခြိမ်းခြောက်တယ်။ တချို့အဖွဲ့ တွေကို ဖိအားပေးတယ်။ တချို့ကို မက်လုံးပေးတယ်။ တဖက်က PDF နဲ့တိုက်ပြီး အထိနာလာ လေလေ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပိုပြီးစည်းရုံးပြီးလုပ်နေတယ်။ တချို့အဖွဲ့တွေက စကားလက်ခံပြောဖို့ ရှိလာတယ်လို့ သိရတယ်။ အဲဒီတော့ အခုလို တော်လှန်ရေးမှာ EAOs တွေမပါအောင် စစ်ကောင်စီက လက်ရှိလုပ်နေတာကရော ဘာကြောင့်လို့ ထင်လဲ။

ဖြေ – လက်နက်ကိုင် တော်လှန်ရေးကို အစပြုနိုင်တာသည် EAO တွေရဲ့ ထောက်ပံ့မှု တွေအများကြီးပါ။ PDF တွေဖြစ်ပေါ်လာဖို့ EAO တွေရဲ့ ကူညီမှု၊ ထောက်ပံ့မှု၊ စောင့်ရှောက်မှု၊ သင်ကြားမှုတွေ ကြောင့် ဒီလိုအခြေအနေအထိ၊ ဒီနေ့အခြေအနေအထိဖြစ်လာတာပေါ့။ သူတို့(စစ်ကောင်စီ)အနေနဲ့ သူတို့ရဲ့ နဂိုရှိရင်းစွဲ သုံးစွဲတဲ့နည်းဗျူဟာလို့ပြောရမယ်။ သွေးခွဲပစ်လိုက်တာပေါ့။ PDF တွေကို လက်မခံနိုင်အောင် သဘောတူညီမှုကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နောက်ကွယ်ကနေ ယူမယ်။ နောက်ပြီး PDF တွေကို EAO တွေရဲ့ အကူအညီမပါဘူးဆိုရင် သူတို့(စကစ)အနေနဲ့ လွယ်လင့်တကူဖျက်ဆီးနိုင်မယ်လို့ သူတို့ထင်တယ်။ ဒါပေမဲ့ ဒါတွေက သူတို့(စကစ) သွေးခွဲနည်းနည်းဗျူဟာတွေပါပဲ။ အစဉ်အဆက်သုံးစွဲလာတာ။ ဒီသွေးခွဲနည်းတစ်ခုက အောင်မြင်မလား။ မအောင်မြင်ဘူးဆိုတာ လက်ရှိ EAO တွေနဲ့ PDF တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ အရာတွေအများကြီးရှိပါတယ်။ ဒါတွေက သက်သေပါပဲ။ သူတို့က အပေါ်ကနေ ဘယ်လိုလုပ်လုပ် အောက်ခြေမှာ စည်းလုံးမှုတခုနဲ့ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ပြည်မနဲ့လုံး၀မခွဲခြားဘဲ အတူလက်တွဲပြီး တိုက်ပွဲဝင်နေတာရှိပါတယ်။ ဒါကြောင့် ဒီသွေးခွဲနည်းကိုကျွန်တော်တို့ ကြောက်စရာမလိုဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ ချီတက်လို့ရမယ်လို့ ထင်တယ်။

မေး – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ မလွန်ဆန်နိုင်တာက နောက်ကွယ်က မြင်သာတာဆိုရင် တရုတ်ပေါ့။ တရုတ်က မှီခိုနေရတဲ့အဖွဲ့ဆိုရင် တရုတ်ဩဇာလွှမ်းမိုးပြီး ဖိအားပေး ပြောလိုက်တဲ့အနေအထားမှာ စစ်ကောင်စီနဲ့အဆက်အဆံလုပ်ရမယ်ဆိုတာ မျိုးတွေ့ရတယ်။ အခုလိုအနေအထားမျိုးမှာ ပြည်သူရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး စစ်ကောင်စီကို ထိတွေ့ဆက်ဆံမှုလုပ် လိုက်မယ်ဆိုရင် အကျိုးဆက်က ဘယ်လိုမျိုးဖြစ်နိုင်မလဲ။

ဖြေ – တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဒီတကြိမ်တော်လှန်ရေးက ပြည်သူတွေ ကိုယ်တိုင်ကကို စစ်အာဏာရှင်ကို လုံး၀ လက်မခံတော့တဲ့ တော်လှန်ရေး တစ်ခုဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သိလိမ့်မယ်လို့ မြင်တယ်။ သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာ သူတို့ရဲ့ ကိုယ် ပိုင်ပြဌာန်းခွင်၊ တန်းတူညီမျှမှုရှိရေးတွေကို တိုင်းရင်းသားတွေ လုပ်လာခဲ့တာရှိတယ်။ အဲဒါတွေကို အရင်တုန်းက ပြည်မကလူတွေအနေနဲ့ နားလည်ဖို့တော်တော်ကို နည်းပါးခဲ့တယ်။ ဒါပေမဲ့ ဒီတကြိမ်မှာ ရင်ထဲကနေ အချင်းချင်း ဖွင့်ချပြီးလက်တွဲကြပြီပေါ့။ တရုတ်ရဲ့ဖိအားပေးမှုကြောင့် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေ ကတော့ ရှိတယ်။ ဒီအကျိုးဆက်တွေက စစ်ကောင်စီနဲ့ ပူး ပေါင်းပြီး နယ်မြေတွေမှာ PDF တွေ လှုပ်ရှားနိုင်မှုတွေ၊ CDM ဝန်ထမ်းတွေကို အကြပ်ကိုင်မှုတွေ ရှိ လာနိုင်မယ်လို့ ကျွန်တော်မြင်တယ်။ ဒါပေမဲ့ အဲဒါက ဖြစ်လာဖို့ ဝေးမယ်လို့ မြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင် လွတ်မြောက်နယ်မြေမှာ နေထိုင်ရသူတွေဖြစ်တယ်။ ဒီလို နေထိုင်ရတဲ့အချိန်မှာ မြေပြင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိတ်ကို သိတယ်။ ဘယ်လိုပဲ ဖိအားပေးမှုတွေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံခိုင်းဆက်ဆံခိုင်း မြေပြင်မှာ ကျွန်တော်တို့ကို ဒုက္ခမပေးဘူးလို့ လုံး၀ကို ယုံကြည်ထားတယ်။ ဒီတကြိမ်က တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံးလက်တွဲပြီး တော်လှန်ရတဲ့ပွဲဖြစ်တဲ့အတွက် ဘယ်လိုပဲ စစ်ကောင်စီအနေနဲ့ ဘယ်နည်းနဲ့ ဖိအားပေးဖို့ ကြိုး စားကြိုးစား အောင်မြင်မှာမဟုတ်ဘူးလို့ ယူဆတယ်။

မေး – စစ်ကောင်စီတပ်တွေက ဆားလင်းကြီးမှာဆိုရင်ပြည်သူ ၁၁ ဦးကိုရက်ရက်စက်စက်နှိပ်စက်ညှင်းပန်း သတ်တာတွေ့တယ်။ အဲဒီလိုလုပ်တာက ကြောက်ပြီး နောက်တွန့်သွားအောင် ပြည်သူတွေ PDF တွေနဲ့မပတ်သက်အောင်၊ တော်လှန်ရေးမှာ မပါအောင် ကြောက်စိတ်လွှမ်းမိုးအောင် လုပ်တာပေါ့။ ဒါပေမဲ့ တကယ်တကယ့်ရတာ သူတို့ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူတို့အပေါ်မှာ ပိုပိုပြီးနာကျည်းမုန်းတီးသွားတာ။ ရလဒ်က ပြောင်းပြန်ထွက်တယ်ပေါ့။ သူတို့က ရက်စက်လေလေ နာကျည်းချက်တွေနဲ့ တော်လှန်ရေးက ပိုပြီးတွန်းအားဖြစ်လာလေလေ ဒေသခံတွေနဲ့ PDF တွေက ပြောတယ်။ သူတို့အနေနဲ့ အရှိန်လျှော့ဖို့မရှိဘဲ ပိုပြီးမြှင့်လာဖို့ရှိတယ်လို့ ပြောတယ်။ ဒီအနေအထားမျိုးနဲ့ ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်ကို ဘယ်အချိန်လောက်မှာ ရနိုင်မယ်လို့ ယူဆလဲ။

ဖြေ – အခုလောလောဆယ် စစ်ရေးအခြေအနေအရ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်ဘက်တွေ တော်တော်အားရတဲ့အခြေအနေတွေပေါ့။ ဒါပေမဲ့ နယ်မြေထိန်းချုပ်မှု အနေ အထားတော့ မရောက်သေးဘူး။ နယ်မြေထိန်းချုပ်မှုအနေ အထားရောက်ဖို့က လက်နက်နဲ့ လိုအပ်တဲ့ ဖွဲ့စည်းပုံလိုအပ်ပါသေးတယ်။ အခုလောလောဆယ် ပျောက်ကျားစနစ်နဲ့ ခုခံတွန်း လှန်စစ်ဗျူဟာတစ်ခုကို သုံးစွဲနေတာဖြစ်ပါတယ်။ ခုခံတွန်းလှန်စစ်ကနေ ထိုးစစ်ဆင်ပြီး ထိန်းချုပ်နိုင်မှု စနစ်ရောက်ဖို့အတွက် လက်နက်တွေ အများကြီးလိုပါတယ်။ နောက်ပြီးတော့ အစီအစဉ်တွေလည်း အများကြီးလိုပါတယ်။ အဲဒီအဆင့်ရောက်ဖို့အတွက် ပြည်သူ့အားတွေ၊ ထောက်ပံ့မှုအားတွေ အများကြီးရောက်ဖို့လိုနေပါသေးတယ်။ ဘယ်လောက်အချိန်ရောက်မလဲ ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လအတွင်းမှာပဲ NUG ရဲ့ Bond ရောင်းချမှုကို ကြည့်လိုက်ရတာ အရမ်းကို အားရကျေနပ်စရာကြီးတွေ့ရတယ်။ အချိန်တော့ မပြောတတ်ဘူး။ အဲဒီအချိန်ရောက်ဖို့ နီးနေပြီလို့ ကျွန်တော်မြင်တယ်။ အရှိန်ရလာပြီး အရှိန်ကို ထပ်ပြီး လောင်စာအားဝိုင်းဖြည့်ပြီးတွန်းပေးကြဖို့ လိုမယ်လို့ မြင်တယ်။

မေး – လက်ရှိ တော်လှန်ရေးအခြေအနေမှာ အစ်ကို ဘာများဖြည့်စွက်ပြောကြားချင်တာရှိမလဲ။

ဖြေ – လက်ရှိအခြေအနေမှာ အရှိန်တစ်ခုကို ကျွန်တော်တို့ရောက်လာပြီ။ အားဖြည့်မှု တွေကတော့ လိုနေပါသေးတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး စည်းကမ်းတွေလည်း ကျွန်တော်တို့ ပြည်သူတွေအများကြီးသိလာကြပြီ။ အတွေ့အကြုံတွေလည်း အများကြီးရလာကြပြီ။ တော်လှန်ရေးမှာ ကျဆုံးမှုတွေရှိတယ်။ ဆုံးရှုံးမှုတွေရှိတယ်။ ဝမ်းနည်းမှုတွေဆိုတာလည်းရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ NUG Bond တွေ၊ Silent Strike တွေရဲ့ ဖြစ်ရပ်တွေကို ကြည့်ပြီးလုံး၀ အားလျော့ စရာ မရှိဘူး။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်က မပါဘူးလို့မထင်နဲ့။ အကုန်လုံးက ပါဝင်နေတယ်။ အဲဒီအတွက် အား လုံး၀ မလျော့ပါနဲ့။ ပြည်သူ့အားနဲ့ တော်လှန်ရတာဖြစ်တဲ့အတွက် ပြည်သူ့ အားကိုပေးကြပါ။ လူတစ်ဦးတစ်ယောက်ချင်းစီက ပေးတဲ့အားကို တော်လှန်ရေး တပ်သားတိုင်းမှာ အလိုရှိနေပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။