Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“စစ်ကောင်စီကို တွန်းလှန်ဖို့ အမြစ်ဖြုတ်ဖို့ အတွက် ပြည်သူတွေဘက်ကနေ အတက်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးဖို့ပေါ့”

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်ဒီဇင်ဘာ ၂၃ ရက်တွင် ဝင်ရောက်စီးနင်းပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့​သော အခြေအနေများ၊ အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှု အခြေအနေများနှင့်ပတ်သက်ပြီး နတ်ချောင်းဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

(စစ်​ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သောနတ်​ချောင်းပြည်သူအချို့ကို ဒီဇင်ဘာ၂၅ ညတွင်မိးသဂြိုဟ်​ပေးစဥ်)

-လေကြောင်းမှတိုက်ခိုက်ခံရသည့် နတ်ချောင်းရွာခံတစ်ဦးနှင့်မေးမြန်းခန်း

​မေး-နတ်ချောင်းရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုပြောပြပေးပါလား

​ဖြေ-ဒီ ၂၂ရက်(ဒီဇင်ဘာ)နေ့မှာ စစ်ကောင်စီဘက်က စစ်သားတွေရောက်လာတယ်။ ပြီးတော့ နတ်ချောင်းက အပြစ်မဲ့ပြည်သူတွေကို သူတို့လိုက်ပြီး ဖမ်းဆီးတာ။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက်ရယ် အမျိုးသား ၃ယောက်ရယ် ပါသွားတယ်။ အားလုံး ၄ဦးပေါ့။ အခုအချိန်ထိလည်း ပြန်လွှတ်ပေးတာ မရှိသေးဘူး။ ၂၃ရက်နေ့မှာ ဒီနတ်ချောင်း စာသင်ကျောင်းမှာပဲ သူတို့ အထိုင်ချတယ်။ လက်နက်တွေနဲ့ ရွာဘက်တွေကို ပစ်(ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်)တာရှိတယ်။ နေ့လည်ပိုင်းလောက်ရောက်တဲ့အချိန်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်ပေါ်ကနေ ရွာထဲကို ပစ်တယ်။ အဲဒီ ပစ်ခတ်မှုတွေမှာ အပြစ်မဲ့ ပြည်သူ ၁၁ယောက်လောက် ဆုံးသွားတယ်။ အလောင်းတွေကိုတော့ အခုထက်ထိ ပြန်မကောက်ရသေးဘူး။ ၁၁ယောက်ဆိုတာ တွေ့ရတဲ့ စာရင်းအရပဲ၊ ကျန်တဲ့သူတွေလည်း ရှိကောင်း ရှိနိုင်မယ်။

​မေး-၁၁ဦးလုံးက ရွာသားတွေချည်းပဲလား။

Public Service Announcement

Public Service Announcement

​ဖြေ-ဟုတ်တယ် အပြစ်မဲ့ ပြည်သူတွေချည်းပဲ။တချို့ဆိုရင် လမ်းမှာ ဆိုင်ကယ်စီးတဲ့အချိန်မှာ ဆိုင်ကယ်မရပ်ပေးလို့ပစ်တာမျိုးတွေ။ တချို့က ဒီအချိန်လယ်တွေဘာတွေ စပါးတွေ သိမ်းပြီးတဲ့အချိန် စပါးသိမ်းပြီး ပြန်လာတဲ့သူမျိုးတွေကို ပစ်တာခတ်တာမျိုးတွေရှိတယ်။ အမျိုးသမီးက ၂ယောက်လောက်ပါတယ်။ ကျန်တာက အမျိုးသားတွေပေါ့။ စိတ်ကျန်းမာရေးအားနည်းတဲ့သူလည်း အလွတ်မပေးဘူး အကုန်လုံး ပစ်တယ် သတ်ဖြတ်တယ်ဆိုတော့ တော်တော်ဆိုးဝါးတဲ့လူမဆန်မှုလို့ပြောချင်တယ်။

​မေး-ဆုံးပါးတဲ့အထဲမှာ စိတ်ကျန်းမာရေးချို့တဲ့သူပါတာပါလား

​ဖြေ-ဟုတ်တယ်။ စိတ်ကျန်းမာရေးချို့တဲ့တဲ့သူ ကျွန်တော်တို့ရွာကပဲ စောင့်ရှောက်ထားတာ။ သူကျတော့ သာမန်ပြည်သူမဟုတ်ဘူး စိတ်ကျန်းမာရေးချို့တဲ့တဲ့အတွက် ဘယ်နေရာကို သွားရမယ် လာရမယ်မသွားရဘူး ဆိုတာက သူ့အနေနဲ့ကျတော့ မဆုံးဖြတ်နိုင်ဘူးလေ။ အဲဒီလို လူမျိုးကိုတောင် သူတို့အနေနဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တယ်ဆိုတော့ တော်တော်ကို လူမဆန်တဲ့လုပ်ရပါ။ ၂၃ရက်နေ့က သူတို့ စာသင်ကျောင်းမှာ တပ်စွဲထားတာဖြစ်တဲ့အတွက် စာသင်ကျောင်းနဲ့ ထိစပ်နေတဲ့ နေရာတစ်ခုပေါ့ စစ်ရဟတ်ယာဉ်နဲ့မတိုက်ခိုက်ခင် မှာ နယ်မြေ(၁)ထဲမှာ ဝင်ရောက်ရှာဖွေတယ်။ ဘာကို ရှာဖွေလဲတော့ မသိဘူးပေါ့။ အဲဒီမှာ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက် ၂၄နှစ်ဝန်းကျင် အမျိုးသမီးတစ်ယောက်ကို အိမ်ထဲမှာ ဝင်ပြီးတော့ ဖမ်းဆီးဖို့ လုပ်တဲ့အချိန်မှာ ဒီအမျိုးသမီးရဲ့ ယောက္ခမ နှစ်ဦးကနေပြီးတော့ မခေါ်သွားဖို့ တားဆီးတယ်။ တားဆီးတဲ့အချိန်မှာ သူတို့ သေနတ်နဲ့ ပစ်သတ်ထားခဲ့တာ။ နောက်ပြီးတော့ သူတို့ မှန်းသမ်း ပစ်တာက အမျိုးသားတစ်ဦး၊ နောက်ပြီး စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က အိမ်မှာ အဲဒီအိမ်သားတွေတော့ မဟုတ်ဘူး ယောက်ကျားလေး ၃ယောက် အသတ်ခံရတယ် ဘယ်ကဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ နောက်ပြီးတော့ လယ်တောက ပြန်လာတဲ့ အမျိုးသားတစ်ယောက်ကို လမ်းထိပ်မှာပဲ ပစ်ပြီးသတ်သွားတယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ ဖြတ်သန်းစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်တယ်။ နောက် ကျွန်တော်တို့ရွာက အမျိုးသားလူလတ်ပိုင်းတစ်ဦးကိုလည်း ပစ်သွားတယ်လို့ ကြားပါတယ်။ ဒါက စစ်ကောင်စီတပ်တွေက သတ်ဖြတ်တာပေါ့။ လေကြောင်းက ပစ်တဲ့အချိန်မှာ ထိခိုက်နစ်နာတဲ့ သူကကျတော့ အမျိုးသားတစ်ဦးပေါ့။ဆုံးပါးသွားတာ။ အဲဒါက ကျွန်တော်တို့ သိသလောက်ပေါ့။ ရုပ်အလောင်းတွေကိုတော့ အခုထိ မသင်္ဂြိုလ်နိုင်သေးပါဘူး။ ရွာထဲ ဝင်ပြီး ပြန်ကောက်လို့ရတာမျိုးမရှိသေးဘူး။

​​မေး–ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တဲ့ အခြေအနေ က ဘယ်လိုရှိပါသလဲ။

​ဖြေ-ရဟတ်ယာဉ်က နှစ်စီးနဲ့ တိုက်ခိုက်ပါတယ်။ ၂၃ရက်နေ့ နေ့လည်ပိုင်း ၃နာရီလောက်မှာပေါ့။ အခုဆိုရင် နတ်ချောင်းဒေသခံတွေက နီးစပ်ရာ တွေမှာ စစ်ဘေးရှောင်နေကြရတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုပိုင်းနဲ့ တချို့တလေလောက်ပဲ။ ဒီနေ့ဆိုရင်လည်း စစ်ကောင်စီဘက်က ရမ်းသမ်းပြီး ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးတွေ တချို့အိမ်တွေ ကျပြီး ပျက်စီးနစ်နာတာတွေရှိတယ်ဗျ။ သိရသလောက်တော့ လူတွေထိခိုက်တာမျိုးတော့ ဒီနေ့ဖြစ်စဉ်မှာ မရှိဘူးလို့ ပြောတယ်။

​မေး-တိုက်ခိုက်ခံရမှုအတွင်းမှာ နေအိမ်ဘယ်လောက် ပျက်စီးခဲ့ပါသလဲ။

​ဖြေ-စစ်ကောင်စီဘက်က ၂၃ရက်ညမှာ နေအိမ်တွေကို မီးနဲ့ရှို့ဖျက်ဆီးပါတယ်။ ခန့်မှန်းခြေ ၄အိမ်လောက်ပါသွားတယ်။ ဒီနေ့ကတော့ လက်နက်ကြီးထိလို့ ၂အိမ်ထိတယ်လို့ ပြောတယ်။

မေး-တိုက်ပွဲတွေဖြစ်တဲ့ဖြစ်စဉ်တွေကိုရောသိရပါသလား။

​ဖြေ-တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာကတော့ ဒေသခံတွေအနေနဲ့ကျတော့ သူတို့ဘက်က ဒီလိုတိုက်တာရှိတော့ ပြန်ပြီးတော့ ခုခံတာမျိုးတွေတော့ရှိတာပေါ့။

​မေး-ရွာသားတွေက စစ်ကောင်စီတပ်လာတာသိလို့ တိမ်းရှောင်ကြတာလား။

​ဖြေ-ဘယ်လိုအခြေအနေမျိုးလဲဆို သူတို့က ရွာသားတွေ အိမ်ထဲက အိမ်အပြင်ထွက်တာနဲ့ မဲမဲမြင် ပစ်နေတာဖြစ်တဲ့အတွက် ရွာသူရွာသားတွေက တချို့က ဖြစ်စဉ်စစချင်းမှာ တိမ်းရှောင်တာရှိတယ်။ တချို့ကျတော့ ၂၄ရက်၊ ၂၅ရက်တွေမှာ ရွာအပြင်ဘက် ထွက်လမ်းတွေကနေ တိမ်းရှောင်တာမျိုးလည်း ရှိတယ်။ အခုလောလောဆယ် သိရသလောက် ရွာမှာ သက်ကြီးရွယ်အိုနဲ့ လူလတ်ပိုင်း တချို့တလေလောက်ကလွဲရင်ကျန်တဲ့ဟာတွေ အကုန်တိမ်းရှောင်နေကြရပါတယ်။ မြို့နဲ့ကျတော့ ကျွန်တော်တို့ရွာက ၁၄မိုင်အလှမ်းကွာတယ်။ ဂန့်ဂေါ -ကလေးလမ်းမကြီးမှာပဲရှိတယ်။ အခုဖြစ်စဉ်က နတ်ချောင်းတစ်ရွာတည်းရှောင်ရတာမဟုတ်ဘူး နတ်ချောင်းရော ၊ နတ်မြောင်းရော၊ ချောင်းဂွရော သုံးရွာစလုံးက ဆက်နေတာဖြစ်တယ်။ အဓိက သူတို့ပစ်မှတ်ထားပြီးလုပ်တာနတ်ချောင်းပေါ့ ဒါပမဲ့ ကျန်တဲ့ရွာတွေပါ အကုန်လုံးတိမ်းရှောင်နေကြရတယ်။ နီးစပ်ရာဒေသမှာ ရှောင်တာမျိုးတွေရှိတယ်တော တောင်တွေမှာ ရှောင်နေရတာရှိတယ်။ဒီရာသီက အများကြီး အဆင်မပြေမှုတွေဖြစ်တယ်။ဘာလို့လဲဆိုရင် ဆောင်းရာသီဖြစ်တဲ့အတွက် တချို့ကျတော့ အနွေးအင်္ကျီ အလုံအလောက်မပါတာ ​စောင်တို့ဘာတို့ မလုံလောက်တာ အခက်အခဲတွေတော့ အများကြီး ကြုံရတယ်။

​မေး-ရွာမှာ အလောင်းတွေမကောက်ရသေးတာက ဝင်ကို
မဝင်ရဲတာမျိုးလား

​ဖြေ-အလောင်းတွေ မကောက်ရသေးဘူးဆိုတာ စစ်ကောင်စီဘက်က လူရိပ်မြင်တာနဲ့ မဲမဲမြင်တာနဲ့ အကုန်ဖမ်းပစ်နေမှတော့ ကျွန်တော်တို့တွေက ဘယ်လိုမှ ကောက်လို့ အခွင့်အရေးမရဘူး။ ၂၃ ရက်နေ့တုန်းက ဆုံးသွားတဲ့ အလောင်းတွေလည်း အခုအချိန်ထိ မကောက်ရသေးဘူး။ ရွာထဲမှာ သူတို့ တပ်စွဲနေတုန်း။(မှတ်ချက်- ဒီဇင်ဘာ ၂၅ ရက်ည​တွင် ရုပ်အ​လောင်းအချို့ကို ​ကောက်၍ ​ဒေသခံပြည်သူများက မီးသဂြိုဟ်​ပေးခဲ့သည်။ -အယ်ဒီတာ)


​မေး-အခုလို ရွာမှာ အဲဒီလိုဖြစ်တဲ့အပေါ် ဒီလိုတွေကြုံရတော့ ဘယ်လိုခံစားမိပါသလဲ။

​ဖြေ-အဓိကတော့ ကျွန်တော်တို့အနေနဲ့စိတ်မကောင်းဖြစ်ရတာပေါ့။ လူနေအိမ် တစ်အိမ်ရဲ့တန်ဖိုးဆိုတာ ခန့်မှန်းမိမှာပေါ့။ အိမ်တစ်လုံးရဖို့ တော်တော်ကြိုးစားပြီး ဆောက်ခဲ့ရတာ။ ရွာဖြစ်တဲ့အတွက် ဒေသခံတော်တော်များများက လူလတ်တန်းစား အောက်ခြေလူတန်းစားတွေများတယ်လေ။ အသက်အိုးအိမ်တွေ ဆုံးရှုံးနစ်နာတာ ဖြစ်ရတာဆိုတော့အများကြီး စိတ်မကောင်းဖြစ်ရတာပေါ့။ကျွန်တော်တို့ဆိုလည်း အဝေးမှာရောက်နေတယ်။ အိမ်တွေဘာတွေ အကုန်လုံးပစ်ထားခဲ့ရတယ်။ သူတို့ တစ်ခုခု မီးရှို့တာ ဖြစ်ဖြစ် တစ်ခုခုလုပ်တာဖြစ်ဖြစ် ဆုံးရှုံးနစ်နာမှာကို တော့ အဆိုးဆုံးအခြေအနေထိတော့ တွေးထားတယ်။

​မေး-အခုလို ဖြစ်ရပ်မျိုးတွေချုပ်ငြိမ်းဖို့ လူထုတွေကို ဘာတွေတိုက်တွန်းလိုပါသလဲ။

​ဖြေ-အဓိကတော့ သူတို့ဘက်က အရမ်း ယုတ်မာနေတာမျိုး၊ စစ်ကောင်စီဘက်က ဒီလို အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတယ် သတ်ဖြတ်တယ် ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ် ဆိုတော့ ပြောချင်တာကဒါတွေချုပ်ငြိမ်းဖို့နိုင်ငံသားအားလုံး ပြည်သူတွေဘက်က အားလုံးပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်တယ်ဗျ။

​မေး-အခြားဘာပြောချင်ပါသေးလဲ။

​ဖြေ-အခုလိုမျိုး ကိုယ့်ဒေသမှာ ခံရတာက အရင်တုန်းကဆိုရင် ကျွန်တော်တို့က အခြားဒေသမှာ ဒီလိုမျိုး မီးရှို့ဖျက်ဆီးတာ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးတယ် လူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာ ခဏခဏ ကြားရတယ်။ တကယ့်တကယ် အခုလို အဖြစ်အပျက် ကိုယ့်ဒေသမှာ ကြုံလာရတဲ့အချိန်ကျတော့ အရမ်းစိတ်ထဲမှာ တော်တော် ဝမ်းနည်းခံစားရတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့နေရာဒေသ တော်တော် များများမှာ အခုလိုဖြစ်ရပ်တွေ မဖြစ်ဖို့အတွက် အဓိကက စစ်ကောင်စီကို တွန်းလှန်ဖို့ အမြစ်ဖြုတ်ဖို့ အတွက် ပြည်သူတွေဘက်ကနေ အတက်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးဖို့ပေါ့။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်မှာပါဝင်ပေးစေချင်တယ် အားလုံးကို တက်နိုင်တဲ့အနေအထားဘက်ကပေါ့။

ကျေးဇူးတင်ပါတယ်။

(စစ်​ကောင်စီတပ်ပစ်ခတ်သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သောနတ်​ချောင်းပြည်သူအချို့ကို ဒီဇင်ဘာ၂၅ ညတွင်မိးသဂြိုဟ်​ပေးစဥ်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။