Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျွန်တော်တို့ ပြည်သူလူထုတွေတိုင်းရင်းသားတွေအားလုံး လက်တွဲပြီးမှ စစ်အာဏာရှင် နောက်ပြီးတော့နိုင်ငံရေးအာ ဏာရှင်စနစ်တွေအားလုံးကလွတ်မြောက်ဖို့အတူတကွလက် တွဲပြီးဆောင်ရွက်ဖို့ အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်”

တရုတ်နိုင်ငံတွင် ​ဆောင်းရာသီအိုလံပစ်အားကစားပွဲနှင့်မသန်စွမ်းအားကစားပြိုင်ပွဲများ ကျင်းပရန်ရှိခြင်းကြောင့် မြန်မာဘက်တွင် စစ်ပွဲများရပ်ထားရန် တရုတ်နိုင်ငံ၏ တိုက်တွန်းမှုများရှိနေကြောင်းအပါအဝင် လတ်တလောပြည်တွင်းအခြေအနေများနှင့်ပတ်သက်ပြီးကချင် လွတ် လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီကယနေ့ကြေညာချက်ထုတ်ပြန်ခဲ့သည်။

KIO သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ
ဗိုလ်မှူးကြီးနော်ဘူနှင့် မေးမြန်းခန်း

ယင်းကြေညာချက် ပါအချက်များနှင့် ပတ်သက်ပြီး KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းဖော်ပြ လိုက်ပါသည်။


​မေး-KIO ဗဟိုကော်မတီက ကြေညာချက်မှာ တရုတ်နိုင်ငံက တိုက်ပွဲတွေ ရပ်ဖို့ တိုက်တွန်းချက်တွေရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။လက်ရှိအခြေအနေမှာ တိုက်ပွဲတွေ ရပ်ဖို့ဆိုတာ လက်တွေ့ဖြစ်လာနိုင်ပါသလား

​ဖြေ-အိမ်နီးနားချင်းနိုင်ငံ ဖြစ်နေတဲ့ တရုတ်ပြည်ကလည်း ကျွန်တော်တို့ကို နယ်စပ်ဒေသတွေသာမကဘူး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့နော် စစ်မဖြစ်အောင်လုပ်ဆောင်ပေးဖို့ တိုက်တွန်းလာတာရှိပါတယ်။ ဒါက သူတို့ရဲ့နှစ်သစ်ကူးအချိန်ကာလလည်းဖြစ်ပါတယ် ။နောက် ဆောင်းရာသီ အိုလံပစ်လည်း ဖြစ်ပါတယ်။ အိုလံပစ်ဆိုတာ အားကစားဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေး အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ ဆိုတော့တိုက်ပွဲမဖြစ် အောင်ကတော့ဆောင်ရွက်ပေးပါဆိုပြီးတိုက်တွန်းတာရှိပါတယ်။ဒါပေမဲ့လက်ရှိ မြန်မာနိုင်ငံအခြေအနေကတော့ စစ်ကောင်စီဘက်ကလည်း နောက်ပြီးတော့ အနယ်နယ်အရပ် ရပ်မှာရှိ နေတဲ့ PDF ဘက်ကလည်း တိုက်ပွဲကတော့ ရပ်တန့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ဆက်ရှိ မယ်လို့ ကျွန်တော်ထင်ပါတယ်။

Public Service Announcement

Public Service Announcement

​မေး-စစ်ကောင်စီကို ပြောထားတဲ့အချက်လည်းတွေ့ရပါတယ်။ အဓိကတော့ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ လူထု တွေရဲ့သဘောထားကိုတန်ဖိုးထားဖို့ ဆိုတာမျိုး ကြေညာချက်မှာပါတော့ ဒီအပေါ် ဖြည့်စွက်ရှင်းပြပေးပါလား။

​ဖြေ-ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရေးကို ပြောမယ်ဆိုရင် အဓိကတော့ စစ် ကောင်စီမှာအဓိက တာဝန်ရှိတယ်။ သူ့ဘက်က အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေလိုလားတောင့်တချက်တွေကိုတော့ သူ့ဘက်က နားလည် ပေးဖို့ အရေးကြီးပါတယ်။ သူ့ဘက်ကလည်း အပြောင်းအလဲဖြစ်ဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ အဲဒီလိုပြောလိုတာဖြစ်ပါတယ်။ သူ့ဘက်က အပြောင်းအလဲမရှိဘဲနဲ့ အခုပုံစံနဲ့ပဲ စစ်ရေးနဲ့ပဲ လက်နက်နဲ့ပဲ ဆက်ပြီးမှ အုပ်ချုပ် မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေက ဒီထက်ပိုဆိုးသွားနိုင်တာပေါ့။ ဒါကြောင့် ပြည်သူလူထု တောင့်တနေတဲ့ ပြည်သူလူထုဆန္ဒ၊ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့လိုလားချက်တွေတောင့်တတာတွေ ပေါ့နော် ၊ ကျွန်တော်တို့ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့ ဆိုတဲ့ဟာတွေကိုလည်း ဖြစ်လာဖို့ သူဆီမှာ အဓိကတာဝန်ရှိပါတယ်။ သူကအပြောင်းအလဲ
မရှိလို့ရှိရင် အဲဒါတွေကအလကားဖြစ်မှာပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ နောက် ပြည်သူလူထုတွေ အခုလုပ်နေတဲ့ နွေဦးတော်လှန်ရေးကိုလည်း နောက်ဆုတ်မှာမဟုတ်ပါဘူး။ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ပိုပြီးမှ ဆိုးရွားနိုင်တယ် ပျက်သုန်းနိုင်တဲ့ဆိုတဲ့အကြောင်း ကျွန်တော်တို့ KIO အနေနဲ့ စိုးရိမ်တဲ့အကြောင်းတွေကို ပြောထားတာပါ။

​မေး-KIO အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ အရေးနဲ့ပတ်သက်ပြီး အဖွဲ့အားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ကြေညာချက်အပေါ် ဘာထပ်ပြောလိုပါသလဲ။

​ဖြေ- အဲဒါက ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ နံပါတ်တစ်ကတော့ စစ်အာဏာရှင် ဖြုတ်ချရေး၊ အပြီးတိုင်းပပျောက်ရေးအတွက် ကြိုးစားနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံတကာနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ပဲ ဖြစ်ဖြစ် အားလုံးနဲ့ ပူးတွဲပြီးမှ ဆောင်ရွက်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

​မေး-စစ်ကောင်စီအာဏာသိမ်းတာ တစ်နှစ်ပြည့်တော့မယ် တစ်နှစ်တာကာလတွေမှာ ပြည်သူလူထုအခက်အခဲတွေ မျိုးစုံကြုံတွေ့ခဲ့ရတယ်။ ဒီလိုကာလတွေမရှည်ကြာအောင် ဘာတွေလုပ်ဖို့သင့်တယ်လို့ မြင်ပါသလဲ။

​ဖြေ- ဟုတ်ကဲ့ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကာလမှာတော့ ကျွန်တော်တို့ ပြည်သူလူထုတွေလည်း အတိဒုက္ခတွေ တော်တော်ကြုံတွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေဘက်မှာစစ်ရေးက ပိုပြီးပြင်းထန်လာတာ ကျွန်တော်တို့ ခံစားနေရပါတယ်။ ဆက်ပြီးတော့မှလည်း စောစောက ပြေသွားသလိုပေါ့ စစ်ကောင်စီဘက်က အပြောင်းအလဲ မရှိဘူးဆိုလို့ရှိရင် ဒီတိုက်ပွဲတွေ ကျွန်တော်တို့ ပြည်တွင်းစစ်တွေ မငြိမ်သက်မှုတွေ ပြဿနာတွေကတော့ ပိုပြီးမှ ကြာရှည်လာနိုင်ပါတယ်။ စစ်ကောင်စီဘက်က ဒီနှစ် ၂၀၂၂မှာ ငြိမ်းချမ်းရေးနှစ်လို့လည်း သူက ပြောထားတာတော့ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အပြုအမူတွေ လုပ်လာတဲ့ဟာတွေက ပြောင်းလဲမှုမရှိလို့ရှိရင်တော့ ဒါတွေကအလကား ဖြစ်မှာပါ။ ဒါကြောင့်သူ့ဘက်အပြောင်းအလဲ
တွေရှိရမှာ။ ကျွန်တော်တို့ ပြည်သူလူထု တွေလည်း ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံးကလည်း ဒီစစ်ကောင်စီဘက်ကို အမြဲတမ်းကြည့်ရမှာ ဖြစ်ပါတယ်။ ပြောင်းလဲလာအောင်လည်း သူ့ကိုလည်း နည်းပေါင်းစုံနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ မဟုတ်လို့ရှိရင် ကျွန်တော်တို့က ဒီအတိုင်းပဲ အဖိနှိပ်ခံ ဘ၀မှာလွတ်မြောက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုတွေတိုင်းရင်းသား
တွေအားလုံး လက်တွဲပြီးမှ စစ်အာဏာရှင် နောက်ပြီးတော့ နိုင်ငံရေးအာဏာရှင် စနစ်တွေအားလုံးက လွတ်မြောက်ဖို့ အတူတကွ လက်တွဲပြီး ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အချိန်ကာလဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

​မေး-အိမ်နီးနားချင်းတွေအပါအဝင်နိုင်ငံတကာက မြန်မာအရေးနဲ့ ပတ်သက်ပြီး တိုက်တွန်းချက်တွေ၊ တချို့ ဖိအားပေးတာတွေရှိပါတယ်။ တကယ်တန်းလူထုရဲ့ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာမယ့်အပြောင်းအလဲအတွက် ထိရောက်တဲ့ တိုက်တွန်းမှုတွေရှိတယ်လို့ မြင်ပါသလား။ ဘာအကြံပြုလိုပါသလဲ ။

​​ဖြေ-အဓိကတော့ အိမ်နီးနားချင်းနိုင်ငံတွေက အဓိကပါ။ ဥပမာ တရုတ်နိုင်ငံတို့ပေါ့နော်။ ထိုင်းနိုင်ငံတို့ အိန္ဒိယနိုင်ငံတို့ ပိုပြီးမှအရေးကြီးတာက အိမ်နီးနားချင်းနိုင်ငံတွေဖြစ်ပါတယ်။ ဆိုတော့အဲဒီနိုင်ငံတွေကလည်း ထိထိ ရောက်ရောက် အရေးယူဖို့ကအခုအချိန်ထက်ပိုပြီးမှ လိုပါတယ်။အခုလည်း မကူညီတာ မတိုက်တွန်းတာ မဟုတ်ပါဘူး ဒါပေမဲ့ ဒီထက်ပိုပြီးမှ ထိရောက်တဲ့ဟာတွေကို ကူညီဖို့ ပံ့ပိုးဖို့ အပြောင်းအလဲဖြစ်ဖို့ အားပေးဖို့တော့ လိုပါတယ်။ ကျွန်တော်ပြောလိုတာက အခုလုပ်နေတာထက် ပိုပြီးမှ တွန်းအားပေးဖို့လိုပါတယ်လို့ ပြောလိုတာဖြစ်ပါတယ်။

​မေး-ဒီကာလမှာ အခက်အခဲကြုံနေတဲ့ လူထုတွေကိုဘာပြောလိုပါသေးလဲ။

​ဖြေ-ထူးထူးထွေထွေဘာမှ မရှိပါဘူး။ ခုနပြောသလိုပါပဲ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာ အခက်အခဲတွေ ကြုံမှာပဲ။ ဒါပေမဲ့ ခံနိုင်ရည်ကတော့ ရှိရမှာ ၊နည်းနည်းတော့တော့ ဒီတော်လှန်ရေးတွေ အောင်ပွဲခံဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ နှစ်ပေါင်း ၆၀ကျော် ၇၀နီးပါး လက်နက်ကိုင်ပြီးမှ တော်လှန်နေတာဖြစ်ပါတယ် ဒါတောင်မှ အခက်အခဲတွေအများကြီးရှိတာ။ အခု ထက်ထိ ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်တွေမဆွတ်ခူးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေအားလုံးလည်း နောက်မဆုတ်တန်း ရှေ့ကို ရှေ့ဆက်သွားဖို့ကတော့ တွန်းအားပေးလိုပါတယ်။


​မေး-တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ခုခံတော်လှန်မှုတွေမှာ မပါသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကိုဘာတိုက်တွန်းလိုပါသလဲ။

​ဖြေ-အားလုံးရှိတဲ့ ရတဲ့ နည်းပညာနဲ့ လက်နက်နဲ့ ပစ္စည်းနဲ့ ကူညီဖို့ ပါဝင်ဖို့ကတော့ အရေးကြီးပါတယ် တိုက်တွန်းလိုပါတယ်။

အခုလို​ဖြေကြား​ပေးတာကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၉ရက်)မွန်းလွဲ ၁နာရီ ၄၀ မိနစ်ခန့်က လူဦးရေ ၅ဝခန့် ပါဝင်သော အမည်မသိ လူတစ်အုပ်စုက မနောတိုင်ရင်ပြင်ရှေ့တွင် KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

သတင်း

အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကန်တော်ယန်တပ်စခန်းကို KIA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လိုင်ဇာမြို့ကို လက်နက်ကြီးအပြင် လေကြောင်းမှတိုက်ခိုက်မှုလုပ်ဆောင်လာခြင်း ဖြစ်သည်။