Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“မုန်တိုင်းက တအားပြင်းတယ်ဆိုတော့ လှိုင်းလုံးတွေမြင့်မယ်ဆိုတော့ ပြည်သူတွေ တအားကို စိုးရိမ်နေတာ”

ရခိုင်ဒေသ မုန်တိုင်းအကြိုကာလ ကြိုတင်ပြင်ဆင်မှုနဲ့ မုန်တိုင်းအလွန်ကာလ ကြုံရနိုင်တဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို People’s Spring သတင်းဌာနက ဒီကနေ့ညပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

(ဘင်္ဂလားပင်လယ်အော်တွင် ယ​နေ့ နံနက်ပိုင်း၌ ​တွေ့ရ​သော မိုခါဆိုင်ကလုန်းမုန်တိုင်ကို JTWC ၏ ဂြိုဟ်တုမှဖမ်းယူထား​သောပုံရိပ်)
(ဘင်္ဂလားပင်လယ်အော်တွင် ယ​နေ့ နံနက်ပိုင်း၌ ​တွေ့ရ​သော မိုခါဆိုင်ကလုန်းမုန်တိုင်ကို JTWC ၏ ဂြိုဟ်တုမှဖမ်းယူထား​သောပုံရိပ်)

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းနဲ့မေးမြန်းခန်း

-ဆန်အောင်/People’s Spring

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ကမ်းရိုးတန်းကို မနက်ဖြန်မှာ လေတိုက်နှုန်း ၁၀၅မိုင်ကနေ ၁၂၄မိုင်အတွင်း တိုက်ခိုက်နိုင်တယ်လို့ အိန္ဒိယ မိုးဇလက ခန့်မှန်းထားပါတယ်။ စစ်တွေ၊ ပေါက်တော၊ မြေပုံစတဲ့ မြို့နယ်တွေမှာ မုန်တိုင်းဒီရေ အမြင့်ဆုံးတက်နိုင်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က အသိပေးထားပါတယ်။ ရခိုင်ဒေသကို မုန်တိုင်းဝင်ရောက်မယ့်အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတွေ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတာလည်းရှိပါတယ်။ ရခိုင်ဒေသ မုန်တိုင်းအကြိုကာလ ကြိုတင်ပြင်ဆင်မှုနဲ့ မုန်တိုင်းအလွန်ကာလ ကြုံရနိုင်တဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို People’s Spring သတင်းဌာနက ဒီကနေ့ညပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

​မေး-မုန်တိုင်းဝင်ရောက်ဖို့ရှိတော့ ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းမှာ ဘယ်လိုတွေ့ရပါသလဲ။

​ဖြေ-ကျနော်တို့ မုန်တိုင်းက ဒီနေ့ညနေပိုင်းအထိ သံတွဲဘက်မှာတော့ နည်းနည်း တိုက်လာတဲ့ အခြေအနေရှိတယ်။ အလယ်ပိုင်း ကျောက်ဖြူတို့ မြေပုံတို့ အဲဒီဘက်တော့ မရောက်သေးဘူး။ ည ဒါမှမဟုတ် နောက်တစ်နေ့ မနက် အဲဒီနေရာတွေကို ရောက်နိုင်တယ်။ ကြေညာထားတာတော့ ၁၄ရက်နေ့ ကုန်းတွင်းပိုင်းကို ဝင်မယ်ပြောထားတော့ ဒီမှာ ပြည်သူတွေကတော့ တောင်အမြင့်တွေ မရှိတဲ့နေရာတွေ မြစ်ကမ်းစပ်က ကျေးရွာတွေ ကုန်းမြင့်မရှိတဲ့ရွာတွေ အဲဒီလိုရွာတွေကတော့ သူ့အစီအစဉ်နဲ့ဖြစ်ဖြစ် ဌာနဆိုင်ရာလူမှုအသင်းအဖွဲ့တွေ အစီအစဉ်နဲ့ဖြစ်ဖြစ်ပေါ့ သူတို့လုံခြုံမယ့်နေရာ မုန်တိုင်းလွတ်မယ့်နေရာ ကုန်းမြင့်ရှိတဲ့ မြို့တွေရွာတွေ စုရပ်ရှိမယ့်နေရာတွေကို ခိုလှုံကြတာပေါ့။တချို့လည်း ကိုယ်နဲ့ ဆွေမျိုးနီးစပ် အသိရှိတဲ့ရွာတွေသွားပြီးခိုလှုံကြတာရှိတယ်။ ရခိုင်ပြည် အလယ်ပိုင်း မြောက်ပိုင်းမှာကျတော့ အစိုးရအဖွဲ့(စစ်ကောင်စီ) ထက် CSO တွေရယ် ULA/AA အဖွဲ့ကရယ် ထဲထဲဝင်ဝင် လူတွေပြောင်းရွှေ့ရာမှာ ကူညီနေတာတွေ ကျွေးတာမွေးတာ အဲဒါတွေ တွေ့တယ်ပေါ့။ ဒီနေ့ ထက်ထိ ကျနော်တို့ မြင်နေရတာက မုန်တိုင်းကလည်း ခါတိုင်းလို့ မဟုတ်ဘူး လဝက်လောက်ကို ကြိုပြီး သိနေရတော့ လူတွေက တော်တော်ကို ပြင်ဆင်ချိန်ရတာပေါ့။ ပြင်ဆင်ချိန်ရပေမယ့် မြေနိမ့်ပိုင်းကရွာတွေ ပိုက်ဆိပ်တွေ၊ ပုဇွန်တာတွေ အဲဒီလိုနေရာမျိုးကျတော့ အသက်အန္တရာယ်ရှိတယ်။ တောတွေတောင်တွေမရှိတဲ့နေရာတွေမှာ အဲဒီလူတွေကတော့ ဒီနေ့ဆို တော်တော့်ကို ပြောင်းကြတယ်ရွှေ့ကြတယ်။ သူတို့နေရာစွန့်ပြီး တခြားနေရာ ခိုလှုံကြတာပေါ့။ ပင်လယ်ကမ်းစပ်ရွာတွေကနေ ကုန်းမြင့်ရှိတဲ့နေရာ သွားပြီး ခိုလှုံနေတာတွေ့တယ်။

​မေး-ဘယ်မြို့နယ်တွေက မြေနိမ့်ပိုင်းတွေများမလဲ။ အန္တရာယ်များလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-ရခိုင်ပြည်နယ်မှာတော့ တောက်လျှောက် ပင်လယ်ကမ်းစပ်ကျတော့ အဲဒီမှာလည်း ကျွန်းတွေကလည်း အများကြီးရှိတယ်။ အဓိကကျတာတော့ တောက်လျှောက်ပါ။ သူတို့က နီးစပ်ရာ သံတွဲတို့ တောင်ကုတ်တို့ ကျောက်ဖြူတို့ အကုန်လုံး တောက်လျှောက်ပေါ့ ဒီမုန်တိုင်းက တော်တော့ကိုလည်း ကြီးမားတယ်ဆိုတော့ တော်တော့ကို လူတွေက စိုးရိမ်ကြောင့်ကြမှုရှိပါတယ်။ တိုက်မယ့်လမ်းကြောင်းက စစ်တွေမြောက်ဘက်လို့ ပြောထားလို့သာ ဒီဘက်ကလူတွေကလည်း သိပ်ပြီး မစိုးရိမ်ကြဘူးဆိုပေမယ့် ဒီလှိုင်းက ဘယ်လောက်အမြင့်ပေပါလာမလဲ၊ ဘယ်လောက်အဖျက်စွမ်းအားကြီးမလဲပေါ့။ မုန်တိုင်းက တအားပြင်းတယ်ဆိုတော့ လှိုင်းလုံးတွေမြင့်မယ်ဆိုတော့ ပြည်သူတွေ တအားကို စိုးရိမ်နေတာ။ တကယ်လို့ ဖြစ်လာမယ်ဆို တအားကို ဒုက္ခရောက်ကြမယ်။

​မေး-ရခိုင်မှာ စစ်ရှောင်တွေလည်းအများကြီးရှိတော့ အခုလို အခြေအနေမျိုးမှာ အခက်အခဲအများကြီးရှိမှာပေါ့နော်။

​ဖြေ-ဟုတ်တယ်။ သူတို့ စားရေရိက္ခာအပြင်အခုဆို ရာသီဥတုပေါ့။ မိုးတွေရွာလာပြီ။ စားရေရိက္ခာကလည်း နဂိုရ်ကတည်းက မပြည့်စုံ၊နေတဲ့အိမ်တွေကလည်း မလုံခြုံ ။ မိုးကလည်းရွာ၊ အခုလို သဘာ၀အန္တရာယ်လည်း ဖြစ်လာပြီဆိုတော့ ပိုပြီးဒုက္ခရောက်ကြတာပေါ့။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေတဲ့ သူတွေတောင် ဒုက္ခရောက်တယ်ဆိုရင် သူတို့အဖို့ ပြောစရာမရှိတော့ပါဘူး။ နေရပ်ကိုလည်း မပြန်နိုင် မပြန်ရဲ အဲဒီလို အခြေအနေမျိုးတွေရောက်တော့ အဓိက ဒုက္ခခံရမှာက ဒုက္ခသည်စခန်းတွေပေါ့။ ဒါပေမဲ့ ဒုက္ခသည်စခန်းတွေက သက်သာတာက အသက်အန္တရာယ် တော့ မစိုးရိမ်ရဘူးပေါ့။ ဘာလို့လည်းဆို ဒီစခန်းတွေက မြစ်ကမ်းစပ်အနီးအနားမဟုတ်တော့ ဒီလှိုင်းတွေဘာတွေ ရေတွေဘာတွေမြင့်ဖို့တော့ မလွယ်ဘူးပေါ့။ အဲဒီအတွက် စိတ်ချရတယ် ဒါပေမဲ့ စားရေးသောက်ရေး နေရေးထိုင်ရေး ကတော့ တော်တော့်ကို ပိုပြီး ဆိုးသွားမှာပေါ့။

​မေး-မုန်တိုင်းဒီရေတွေဝင်လာမယ်ဆိုရင် အိုးအိမ်ပျက်စီးမှုတွေ ၊ပြည်သူ​တွေထိခိုက်မှုတွေရှိလာနိုင်လား။

​ဖြေ-ဒါကတော့ မုန်တိုင်းရဲ့အဖျက်စွမ်းအား ဘယ်လောက်ရှိမလဲအပေါ်မူတည်တာပေါ့။ ဥပမာ လျှပ်စစ်မီးတွေ ပျက်သွားတာတို့ ဖုန်းလိုင်းတွေပျက်သွားတာတို့ ရေတွင်းရေကန်တွေကို ဆားငံရေဝင်သွားတာတို့ အမျိုးမျိုးပေါ့ စိုးရိမ်နေရတယ်။ လှိုင်းလုံးတွေကြောင့် ကျွဲ၊နွားတိရိစ္ဆာန်တွေ သေကြေပျက်စီး အဲဒါမျိုး ဖြစ်လာမှာ တော်တော့်ကို စိုးရိမ်ရတယ်။ လူကတော့ လွတ်အောင်ပြေးလို့ရတယ် ။ လယ်ကွင်းတွေဆို ကျန်ခဲ့တယ်။ ပုဇွန်ကွင်းတွေကျန်ခဲ့တယ်။ ဆားကွင်းတွေ ကျန်ခဲ့မယ်။ ဒါကတော့ မုန်တိုင်းအလွန်မှာ ဘယ်လောက်အထိ ပြည်သူတွေ အခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာတော့ မပြောတက်သေးဘူးပေါ့ ။ဒါပေမဲ့ အနည်းနဲ့ အများတော့ ရင်ဆိုင်ရမှာပါ။

လူတွေကတော့ အသက်လုပြီးပြေးကြတာပေါ့။ ပစ္စည်းဥစ္စာ တာတွေ၊ ကွင်းတွေ၊ အိမ်တွေဆိုတာကတော့ သိသိကြီးနဲ့ကို ထားပစ်ခဲ့ရတော့မှာ။ တကယ်လို့ မမြုပ်ဘဲ မပျက်ဘဲဆို ကောင်းတာပေါ့။ တကယ်လို့ လယ်ကွင်းတွေ၊ ပုဇွန်ကွင်းတွေ သူတို့ အိမ်တွေ စသဖြင့်ပေါ့ အဲဒါတွေပျက်စီးမယ် ရေတွင်းရေကန်တွေကို ဆားငံရေဝင်သွားမယ်ဆို တော်တော့်ကို ဒုက္ခရောက်ကြမယ်။ မုန်တိုင်းအလွန်ကာလမှာပြန်လည်ထူထောင်ဖို့ဆိုတဲ့ ကိစ္စက မုန်တိုင်း ဘယ်လောက်ဖျက်ခဲ့သလဲ ဘယ်လောက်အဖျက်စွမ်းအားကြီးသလဲ၊ဘယ်လောက်ပြည်သူတွေ အခက်အခဲ ရှိသလဲ အဲဒီအပေါ်မူတည်တာပေါ့။ အဲဒါကို ဘယ်လို ဝိုင်းဝန်းကူညီဖြေရှင်းကြမလဲဆိုတဲ့ ပြင်ဆင်မှုတွေရှိတယ်။ စဉ်းစားမှုတွေရှိတယ်။ လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲတော့ မပြောတက်ဘူးပေါ့။

​မေး-NUG အနေနဲ့ ရခိုင်က တော်လှန်ရေးအဖွဲ့တွေ လူမှုအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး အခု အရေးမှာ ဆောင်ရွက်နေတာရှိတယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောထားတော့ ဒါတွေကို သိထားတာမျိုးရှိပါသလား။

​ဖြေ-ဒါကတော့ ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်ချမ်းသာဖို့ ဘေးဒုက္ခက ကယ်ဆယ်ဖို့အတွက်တော့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ ဘယ်အဖွဲ့အစည်းမှာမဆိုတာဝန်ရှိပါတယ်။ အဲဒီလို ဖြစ်တဲ့အခါ ULA/AA ရယ် တပ်မတော်(စစ်ကောင်စီ)ရယ် ဟိုပါတီ ဒီပါတီ ငါတို့ ကြိုက်တာ မကြိုက်တာ အဲဒါမျိုးနဲ့ မဆိုင်တော့ဘူးလေ။ လူတွေရဲ့အသက်ကယ်တဲ့အခါ ကိုယ့်တက်နိုင်သလောက် ကူညီကြရတော့မှာပေါ့။ နိုင်ငံရေး၊ စစ်ရေးဘေးဖယ်ပြီးတော့ လူသားတွေရဲ့ ရပ်တည်မှု လူသားတွေရဲ့ အသက်ရှင်သန်ခွင့် အဲဒီအတွက် ပူးပေါင်းလုပ်တယ်ဆိုရင် ဒါက လုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တို့က မြင်တာပေါ့။

​မေး-ရခိုင်မှာတော့ မုန်တိုင်းက မစိမ်းဘူးပေါ့။ အားကောင်းတဲ့ မုန်တိုင်းကြုံရတာမျိုး မှတ်မိတာမျိုးရှိရင်​ပြောပြပါလား။

​ဖြေ-ကျနော်တို့ မှတ်မိတာရှိတာပေါ့။ ၁၉၆၈ ခုနှစ်က ဆိုရင် အဲဒီတုန်းက ဆိုင်ကလုန်းမုန်တိုင်းပေါ့ တော်တော့်ကို ပဲ မြေပုံမြို့နယ် ငမန်းရဲကျွန်းမှာဆိုရင်လူတွေ ရာချီပြီးသေဆုံးသွားတာရှိတယ်။ အဲဒီနေရာမှာ တောင်ကုန်းတွေမရှိဘူး။ ကျွဲနွားတိရိစ္ဆာန် တွေသေကြေရတယ်။ မုန်တိုင်း ဖြတ်သွားပြီးတဲ့နောက်မှာလည်း ဆားငံရေတွေ ကန်တွေကို ဝင်တဲ့အတွက်လူတွေက သောက်ရေ သုံးရေမရတဲ့အတွက် တော်တော့ကို သေကြေ ဒုက္ခရောက်ကြတာလည်းရှိတယ်။ အဲဒီတုန်းက ဆက်သွယ်ရေးဆိုတာလည်းမကောင်းသေးဘူးပေါ့။ စက်လှေဆိုတာလည်းမရှိသလောက်ပေါ့ ။အဲဒီတုန်းက တစ်ခါဖြစ်ဖူးတယ်။နောက် ပိုင်းမှာတော့ သိပ်ပြီး အသေအပျောက်မရှိပေမယ့် မုန်တိုင်းက နှစ်နှစ်တစ်ခါ သုံးနှစ်တစ်ခါ အဲဒီလို အမြဲတမ်းရှိနေပါတယ်။ ၂၀၀၄ မာလာမုန်တိုင်း၊ ၂၀၁၀ ဂီရိမုန်တိုင်း အဲဒီလို အဖျက်စွမ်းအားကြီးတဲ့မုန်တိုင်းတွေဖြစ်ခဲ့တယ်။ အားပျော့တဲ့ မုန်တိုင်းတွေက နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်မှာ ကျရောက်တာရှိပါတယ်။

​မေး-အခြားဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-မုန်တိုင်းအလွန်မှာ ဘာတွေဖြစ်လာမလဲ ပေါ့နော် ဒါကိုတော့ ကျနော်တို့ ရင်တမမနဲ့ စောင့်ကြည့်နေရတယ်။ တကယ်လို့ ဖြစ်လာရင်လည်း သဘာ၀ ဘေးအန္တရာယ်ကို ကိုယ့်တိုင်းပြည်က ဖြစ်ဖြစ် အခြားနိုင်ငံတကာအဖွဲ့အစည်းတွေက ဖြစ်ဖြစ် အဲဒီလို ကူညီဖို့ အဆင်သင့်ဖြစ်ထားတယ်ဆိုရင်တော့ ခံရတဲ့သူတွေက သက်သာမှာပေါ့။ ဒါမှမဟုတ် တောင်မင်းမြောက်မင်း မကယ်နိုင် သူလည်း ဒုက္ခ ကိုယ်လည်းဒုက္ခ အဲဒီလိုမျိုးဖြစ်ရင်တော့ တော်တော့်ကို အခြေအနေဆိုးရွားသွားမယ့်အခြေအနေမျိုးရှိပါတယ်။ ဒါကြောင့် မုန်တိုင်းအလွန်မှာ ဘယ်သူမဆို ဒီကိစ္စတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကိုယ့်တိုင်းပြည်ရဲ့ သဘာ၀ ဘေးကျရောက်တဲ့ဟာကို အားလုံး ဝိုင်းဝန်းလက်တွဲပြီး ဆောင်ရွက်သင့်တယ်။ ဆောင်ရွက်ဖို့ တိုက်တွန်းချင်တယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဒီဇင်ဘာ ၆ ရက်မှာ မိကျောင်းဟာ ဆိုင်ကလုန်း အဆင့်ကနေ လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အားပြန်လျော့သွားပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း သတိပေး ကြေညာထားပါတယ်။

နိုင်ငံတကာ

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။

သတင်း

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။