▪︎နိုင်ငံရေးလေ့လာသူ၊ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော
၁၀၂၇ စစ်ဆင်ရေး နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့တွေတစ်မြို့ပြီး တစ်မြို့သိမ်းနေတဲ့ ညီနောင် မဟာမိတ်တပ်ဖွဲ့ တွေကို တရုတ်အကူအညီနဲ့ စစ်ကောင်စီက တရုတ်နိုင်ငံကူမင်းမြို့မှာ ဆွေးနွေးပြီး ယာယီအပစ်ရပ် ဖို့သဘောတူခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စပြီး နှစ်လကျော်အတွင်းမှာ တရုတ်ကြားဝင်မှုနဲ့ ညီနောင် သုံးဖွဲ့နဲ့ စစ်ကောင်စီ ၃ ကြိမ်ဆွေးနွေးခဲ့ပါတယ် ။ပထမအကြိမ်ဆွေနွေးပွဲမှာ လောက်ကိုင်ဒေသမှာ တစ်လကြာအပစ်ရပ်ဖို့ သဘောတူပေမယ့် ရက်သတ္တပါတ်အနည်းငယ်အကြာမှာပျက်ပြယ်ခဲ့ပါတယ်။ဒုတိယအကြိမ်ဆွေးနွေးပွဲပျက်ခဲ့ပြန်ပါတယ်။တတိယအကြိမ်မှာတော့ ရှမ်းမြောက်မှာအပစ်ရပ်ဖို့သဘောတူတယ်လို့ အသီးသီးကထုတ်ပြန်လာပါတယ်။ အခုအပစ်ရပ်သဘောတူညီမှုချက်ပတ်သက်လို့နိုင်ငံရေးလေ့လာသူ ၊တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို People’s Spring ကမေးမြန်းထားပါတယ် ။
မေး – မနေ့ညက တရုတ်ပြည် ကူမင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ် ဆရာမ သုံးသပ်ချက်လေး သိပါရစေ။
ဖြေ – အဲဒါ ကောင်းတဲ့အချက်လည်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ပိုင်းအဖွဲ့တွေကလည်း တော်တော်လေး ပြင်းပြင်းထန်ထန်တိိုက်ထားရတော့ သူတို့တပ်ကို ပြန်ပြီး စုစည်းဖို့၊ ပြန်ပြင်ဆင်ဖို့တွေ လိုအပ်တာ အမှန်ပဲလေ။ နောက် MNDAA က သူ့ နဂိုဒေသဖြစ်တဲ့ ကိုးကန့်ဒေသကို ရပြီးတဲ့အခါ မြို့ဆိုတာ လိုက်သိမ်းရတာလွယ်တယ်ဗျ။ ပြီးရင် ထိန်းရတာ သိပ်ခက်တယ်။ သူက ဒါကို အထူးဒေသ(၁)အဖြစ် သူတို့ပြန်တည်ဆောက်မယ်ဆိုရင် ဒါကိုလည်း လုပ်ဖို့အချိန်လိုသေးတာပေါ့။ အဲဒီတော့အပစ်အခတ်ရပ်စဲရေးရလိုက်တယ်ဆိုရင် သူ ဒီဒေသကို ကောင်းကောင်းပြန်တည်ဆောက်နိုင်တာပေါ့။ ကောင်းကောင်းပြန်တည်ဆောက်နိုင်ရင် ကောင်းတဲ့အချက်က ဒီလိုရှိတယ်ဗျ။ နောက်ထပ် တိုက်ခိုက်မယ့်စစ်ဆင်ရေးတွေ ဘာတွေအတွက် အင်အားရှိပြီးသားဖြစ်တာပေါ့။ နောက်ပြီး သူ့အုပ်ချုပ်ရေးစနစ်ကိုလည်း ဖော်ဆောင်နိုင်တာပေါ့။ ကျန်တဲ့ဒေသတွေမှာလည်း စစ်အာဏာရှင်စနစ်ကို တိုက်ပြီးရင် ကျန်တဲ့အုပ်ချုပ်ရေးစနစ်ပြောင်းသွားရင်လူတွေလည်း ဘယ်လို ပြောင်းလဲသွားလဲဆိုတာ ပြလို့ရတာပေါ့ဗျာ။ ဒါက ကောင်းတဲ့အချက်ပေါ့နော်။ မကောင်းတဲ့အချက်က နွေဦးတော်လှန်ရေး အရှိန်နည်းနည်းရပ်သလိုဖြစ်သွားတာပေါ့။ ဒါကိုလည်း ကျွန်မက ဒီလိုကြည့်ပါတယ်။ မြောက်ပိုင်းအဖွဲ့ သုံးဖွဲ့စလုံးကလည်း ကြေညာချက် ထုတ်ထားတာ ရှိပါတယ်။ ဗမာပြည်တပြည်လုံးက ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပါ့မယ်ဆိုတာ။ သူတို့ကတိ သူတို့တည်ပါလိမ့်မယ် ထင်တယ်။ ကျွန်မတို့ကလည်း သိပ်စိတ်မလောဘဲ ကြည့်ဖို့လိုတယ်။ တကယ်လို့သာ MNDAA က သို့မဟုတ် မြောက်ပိုင်းသုံးဖွဲ့က ဆက်မတိုက်ဘဲ အဲဒီဒေသမှာလည်း အခြေကျမယ်ဆိုလည်း ကျွန်မတို့ နွေဦးတော်လှန်ရေး ပြည်တွင်းက ရဲဘော်တွေအတွက် လွတ်မြောက်တဲ့ တစ်နေရာတိုးတာပေါ့။ အရေးအကြောင်းရှိလို့ ခိုနားနိုင်တာပေါ့။ ဒီဘက်ကလည်း ကောင်းတဲ့အချက်တွေရှိပါတယ်။
မေး – တရုတ်ရဲ့ ဖိအားပေးမှု၊ တရုတ်အခန်းကဏ္ဍကိုရော ဆရာမ ဘယ်လို ရှုမြင်ပါလဲ။
ဖြေ – ဟိုတနေ့ကပဲ သူတို့(တရုတ်) ၂၀၂၃ ရဲ့ သံခင်းတမန်ခင်းအကြောင်း စာတန်းမှာ အိမ်နီးနားချင်း သံခင်းတမန်ခင်းများနဲ့ ပတ်သက်လို့ သူတို့ အောင်မြင်မှုတွေ ရှိတယ်ဆိုပြီးတော့ ထုတ်ထားတာရှိတယ်။ အဲဒီမှာ Asia Value(အာရှတန်ဖိုး)ကို စုစည်းပြီးတော့ အာရှဒေသတွေကို connectivity ပေါ့။ ဘယ်လိုပြောမလဲ ဆက်စပ်မှုလည်းရှိတယ်။ အပြန်အလှန် အားလုံးကြွယ်ဝချမ်းသာလာအောာင်လည်း လုပ်နိုင်တယ်။ အဲဒီဒေသတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုပြီး ပါတယ်။ အဲဒီမှာ ဥပမာပေးလိုက်တာက မြောက်ပိုင်းဗမာပြည်မှာ ဖြစ်နေတဲ့ကိစ္စမှာ သူတို့ ဝင်ပြီးစေ့စပ်လို့ အပစ်အခတ်ရပ်စဲရေး ဖြစ်သွားတယ်ဆိုတဲ့ ကိစ္စ၊ အာဖဂန်နစ္စတန်မှာလည်း စစ်အတွင်း ထိခိုက်ပျက်စီးမှုတွေကို ပြန်တည်ထောင်ပေးခဲ့တယ်ဆိုပြီး ပါတယ်ဗျ။ ဆိုတော့ တရုတ်အနေနဲ့ကတော့ ကမ္ဘာကြီးပေါ်မှာ ငြိမ်းချမ်းရေး တမန်တော်အဖြစ်ပုံဖော်နေတာ ဖြစ်တော့ ဒီမြောက်ပိုင်းကိစ္စမှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးစားတာနဲ့တူပါတယ်။ အစကတည်းက တော််တော်တော့ ပြောပါတယ်။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ကြီးကို ဝိုင်းဝန်းပြီး ကူညီပြီးတော့ ရပ်ပေးဖို့၊ ကြိုးစားပေးဖို့ ပြောနေတာတွေ ရှိတယ်ဗျ။ သူ့ဘက်ကတော့ သူက ငြိမ်းချမ်းရေးတမန်တော်အဖြစ်ပေါ့ဗျာ။ စစ်ကောင်စီကိုလည်း ဖိအားပေး၊ မြောက်ပိုင်း အဖွဲ့တွေလည်း ဖိအားပေး၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားစေချင်တာနဲ့တူတယ်။ ကျွန်မ ကြည့်တာတောာ့ အပစ်အခတ်ရပ်စဲရေးက ယာယီပဲဖြစ်တာပါ။ အဲဒီကနေ နိုင်ငံရေးဆွေးနွေးပွဲအထိ ရောက်အောင် တရုတ်က ဆက်ကြိုးစားလိမ့်မယ် ထင်တယ်။
မေး – ပြီးခဲ့တဲ့ ဒီဇင်ဘာက လောက်ကိုင်ကို MNDAA က မသိမ်းပိုက်ခင်၊ မထိန်းချုပ်ခင်မှာ စစ်ကောင်စီနဲ့ ယာယီိအပစ်အခတ်ရပ်စဲရေးဖြစ်သွားပါသေးတယ်။ ဒါပေမဲ့ တစ်လတောင် မကြာလိုက်ဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဥ်တွေသုံးပြီး ပစ်ခတ်တာတွေ ဖြစ်တော့ တိုက်ပွဲက ပြန်ပြီးပြင်းထန်လာတယ်။ အဆုံးသတ်မှာတော့ လောက်ကိုင်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်ပေါ့။ အခုအပစ်အခတ်ရပ်စဲကရော ရှေ့ဆက်ဘယ်လိုဖြစ်နိုင်ပါသေးလဲ။
စစ်ရေးအခြေအနေ ဘယ်လိုဖြစ်နိုင်ပါလဲ။
ဖြေ – အဓိက၊ အခရာက စစ်ကောင်စီပဲ။ စစ်ကောင်စီက ဘယ်လောက်လိုက်လျောနိုင်လဲအပေါ်မှာ မူတည်တာ။ ကျွန်မကြည့်တာတော့ သူ(စစ််တပ်)က အခုအချိန်အထိ မာန်မကျဘူး။ သူတို့ ရထားတဲ့ အခွင့်အရေးတွေကို နည်းနည်းမှ အလျှော့ပေးဖို့ မစဥ်းစားဘူး။ ဒီအစည််းအဝေးကို တက်တာလည်း ဟန်ပြပဲ။ သူတို့ အချိန်ဆွဲချင်လို့ တက်တာပဲ။ အဲဒီတော့ ကျွန်မတို့ဘက်က မျှော်လင့်ချက် ကြီးကြီး မားမားထားနေဖို့ မလိုဘူး။ ဒီစစ်ကောင်စီကို အပြတ်တိုက်ရေးက ကျွန်မတို့ တာဝန်ပဲ။ အဲဒီတော့ စစ်ကောင်စီက နဖူးတွေ့၊ ဒူးတွေ့ကျမှ သိမှာ။ သူ့တပ်က ပြိုမတတ်ဖြစ်နေပြီလေ။ သူ ဒါကို ပြန်စုစည်းဖို့ သူ လုပ်ရင် ရဦးမယ်လို့ တွက်ပုံရတယ်။ ဒါ့ကြောင့် သူ့ဘက်က ဟန်နဲ့ပန်နဲ့သာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်နေတာ။ သူတို့က ပြန်လျှော့မယ်လို့တော့ သိပ်မထင်ဘူး။ အဲဒီတော့ ကျွန်မတို့ဘက်ကလည်း အကောင်းမမြင်ဖို့လိုတယ်။ ကိုယ်က ပြည်သူလူထုနည်းနည်း သက်သာချောင်ချိရေးအတွက် တဖက်ကလုပ််တာတပိုင်း၊ တဖက်က ပြင်ဆင်တာလည်း ပြင််ဆင်တာတပိုင်းလုပ်ရမှာပဲ။ ဒီစစ်ကောင်စီက ပြုတ်မှဖြစ်မှာ ဗမာပြည်မှာတော့။
မေး – ဆရာမပြောတဲ့အထဲမှာလည်း ပါပါတယ်။ စစ်ကောင်စီက သူ့အခြေအနေကို ကောင်းကောင်းမသိတဲ့အနေအထားမျိုး။ လောက်ကိုင်ဖြစ်စဥ်ကို ပြန်ကြည့်မယ်ဆိုရင် ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် ထောင်နဲ့ချီတဲ့ တပ်သားတွေ လက်နက်ချတယ်၊ အညံ့ခံတယ်ဆိုတော့ ဒါက မြန်မာပြည်သမိိုင်းမှာ ရှားရှားပါးပါးဖြစ်စဥ်ဆိုတော့ စစ်ကောင်စီရဲ့ လက်ရှိအခြေအနေ၊ မြန်မာစစ်တပ်ရဲ့ ပကတိအခြေအနေကိုရော ဆရာမ ဘယ်လိုသုံးသပ်လိုပါလဲ။
ဖြေ – ခင်ဗျားက လူပုဂ္ဂိုလ် ၂၀၀၀၊ ၃၀၀၀ ကိုပြောတာ။ သိမ်းဆည်းရရှိတဲ့ လက်နက်ပစ္စည်းတွေကို ကြည့်စမ်းပါဦးဗျာ။ ဒီလက်နက်တွေနဲ့ ဒီကောင်တွေ တကယ်တိုက်ရင် MNDAA တို့က နိုင်တောင် တော်တော်ထိခိုက်အကျအဆုံးများမှာ။ ဒါမဲ့ သူတို့က ဘာမှကို မတိုက်ခဲ့တာလေ။ သူတို့စစ်အင်အား ဘယ်လောက်ကောင်းကောင်း၊ ရှေ့ကဗျာတစ်ခုတောင်ရှိတာပဲ။ ဘယ်လောက်စစ်အင်အား သာနေနေ၊ သူတို့ကို ပြည်သူလူထုကလည်း မထောက်ခံဘူး။ သူတို့ကိုယ်တိုင်လည်း စိတ်ဓာတ်က မဟန်တော့ဘူး။ ကျွန်မကြည့်တယ်၊ ဒီမိုကရေစီရတဲ့ကာလလေးအတွင်းမှာ သိပ်ကောင်းသွားတဲ့အချက်က ဘာလဲဆိုတော့ စစ်တပ်က၊ ဦးပိုင်က စစ်ဗိုလ်ချုပ်တွေ ဘယ်လောက်ချမ်းသာလဲဆိုတာ ဖော်ထုတ်လိုက်တာပဲ။ အဲဒီအချက်ကို စစ်သားတွေက တွေ့ကုန်ကြတာ။ အဲဒါကြောင့် ဒါအတွက်တော့ ငါတို့ အသေမခံတော့ဘူးတွေ ဖြစ်ကုန်ကြတာပေါ့ဗျာ။ ကိုယ့်အတွက်မှ မရှိတာချည်းပဲ။ အဲဒါကြောင့် ဒီစစ်တပ်က ပြန်ပြီးနလံထူဖို့ဆိုတာမလွယ်ပါဘူး။ ကျွန်မတို့က ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆက်လုပ်စရာရှိတာ ဆက်လုပ်ဖို့ပါပဲ။
မေး – ဟုတ်ကဲ့ပါဆရာမ။ နောက်ဆုံးအနေနဲ့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေကို လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ တိုက်တွန်းပြောချင်တာ၊ သတင်းစကားပေးချင်တာရှိရင် ပြောပေးပါဦး။
ဖြေ – သိပ်ပြောစရာမရှိပါဘူး။ သူတိို့ လုပ်နေတာတွေ မဆိုးပါဘူး။ ကောင်းပါတယ်။ အဓိကကတော့ မြောက်ပိုင်းသုံးဖွဲ့ တိုက်ပြလိုက်တဲ့တိုက်ပွဲ၊ အဲဒီမှာ NUG က ပါဝင်ပြီး ပေါင်းစပ်တာတွေ ကြည့်ရင် ကျွန်မတို့က တော်တော်ကြီး ဟန်ချက်ညီနေတာတွေ့ရတယ်။ ဒီပွဲဟာ တော်တော်မြိုင်တယ်လို့ ကျွန်မတော့ တွေ့တာပဲ။ NUG လည်း သူလုပ်နိုင်သမျှ လုပ်နေရှာတာပဲ။ ကျွန်မတို့ အဲဒီလို ဟန်ချက်ညီညီနဲ့ အားလုံးတတ်နိုင်သမျှ စုစုစည်းစည်းနဲ့ ဆက်သွားလိုက်ရင် ကာလတစ်ခုတော့ သွားရဦးမှာပေါ့။ ကျွန်မတို့ ပေးဆပ်စရာရှိိတာ ပေးဆပ်ရမှာပေါ့။ ဒါပေမဲ့ ဒီီတစ်ပွဲမှာတော့ စစ်အာဏာရှင်စနစ်ကို ကျွန်မတို့ နိုင်မှာပါ။
ကျေးဇူးတင်ပါတယ်။ ။