တိုက်ပွဲဖြစ်ပြီးသုံးရက်မြောက်နေ့တွင် စစ်ကောင်စီကမင်းတပ်မြို့ကို သိမ်းနိုင်ရန် မြို့ အရှေ့ပိုင်း ၊အနောက်ပိုင်းနှင့် မြို့တွင်း သုံးနေရာ၌ တပ်ဖွဲ့ဝင်ပေါင်းရာချီ၍ထပ်မံစေလွှတ်ပြီး တိုက်ခိုက်နေခြင်းဖြစ်ကာ မင်းတပ်မြို့ပြည့်သူကာကွယ်ရေးအဖွဲ့က ရရာလက်နက်ဖြင့် မြို့အတွက် ခုခံကာကွယ်နေခြင်းဖြစ်သည်။
“စကစ (စစ်ကောင်စီ)တပ်က ရဟတ်ယဥ် (၄) စီး ၂၇၄ တပ်ရင်းအတွင်းသို့ စစ်ကူများ၊ လက်နက်များ ဒီနေ့မနက် ချပေးသွားပါတယ်။စကစတပ်က ယနေ့မနက်ပိုင်းမှာတင် မြို့ထဲသို့ ၁၅ ကြိမ်ထက်မနည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။အနောက် နတလကျောင်းမှာလည်း စကစတပ်တွေ နေရာယူထားတယ် လို့သိရပါတယ်။”ဟု မင်းတပ် ပြည်သူ့အုပ်ချုပ်ရေး (သတင်းအဖွဲ့ )ကယနေ့နံနက် ၈နာရီခွဲခန့်တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီတပ်သားအချို့ အနောက် ၄မိုင် ဘုန်းကြီးကျောင်းဘက်ကို တက်သွားသည်ဟု သိရကြောင်းလည်းဆိုသည်။
မင်းတပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီကြား သုံးနေရာတွင် တိုက်ပွဲဖြစ်ပွားနေရာ ယမန်နေ့ညတွင် မြို့အရှေ့ဘက်ခြမ်းတိုက်ပွဲကို ရပ်ဆိုင်းလိုက်နိုင်ပြီး ၊အနောက်ခြမ်းတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး -သတင်းအဖွဲ့က ယနေ့ည ၁၀ နာရီခန့်တွင်ထုတ်ပြန်ခဲ့သည်။

Public Service Announcement
“ညနေပိုင်းမှာ CDF-MINDAT ကနေ မင်းတပ်မြို့
အရှေ့ဘက်ခြမ်းတိုက်ပွဲ တိုက်ပွဲကို ရပ်ဆိုင်းနိုင်လိုက်ပြီဖြစ်ပါတယ်။အနောက်ဘက်ခြမ်းတိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားဆဲဖြစ်ပါတယ်။ညနေပိုင်းမှာ စစ်သုံး ရဟတ်ယာဉ် ၃ စီး၊ တိုက် လေယာဉ် ၁ စီး၊ ဒရုန်းယာဥ် ၂ စီးနဲ့ မင်းတပ် မြို့ပေါ် ဝဲပျံခဲ့ပြီး နယ်မြေအခြေအနေများကို ထပ်မံလေ့လာခဲ့ပါတယ်။ စစ်သုံး ရဟတ်ယာဥ် ၃ စီးက ၂၇၄ တပ်ရင်းမှာ လူအင်အားလက်နက်အင်အား ဝင်ရောက်ဖြည့်တင်း သွားတယ်။”ဟု မေ ၁၄ ည ၉ နာရီ ၄၇ မိနစ်တွင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် “မြို့တွင်းမှာလည်း စကစ (စစ်ကောင်စီ)တပ်တွေက လက်နက်ကြီးတွေနဲ့ လူနေအိမ်တွေကို ထုတာ၊ စနိုက်ပါနဲ့သွားလာသူပြည်သူတွေကို ပစ်ခတ်နေတာတွေ ရှိပါတယ်။
၂၇၄ တပ်ရင်းက စကစတပ်တွေဟာ အရပ်ဝတ် တွေနဲ့ မြို့အနောက်ဘက်ခြမ်းမှာ တစ်ချို့ကကင်းပုန်းဝပ်၊ တစ်ချို့က လှည့်လည်နေပါတယ်။ကျောက်ထုမြို့ကနေ စကစ စစ်ကူလာမယ်လို့ သိရပါတယ်”ဟု မင်းတပ် ပြည်သူ့အုပ်ချုပ်ရေး (သတင်းအဖွဲ့)က ထုတ်ပြန်ထားသည်။
မင်းတပ်မြို့တွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်ကြား မေ ၁၂ ရက်မွန်းတည့်ချိန်မှစ၍ အပစ်ရပ်ထားမှု ပျက်ပြယ်ကာ ထိုနေ့ည ပိုင်းမှစ၍တိုက်ပွဲများဖြစ်ပွားနေသည်။ ရဟတ်ယာဥ်များ ၊ဒရုန်းများ၊လက်နက်ကြီးများ ၊ RPG များ ၊စက်သနတ်များ ၊ စနှိုက်ပါများအသုံးပြု ၍ လက်နက်အင်အား သာလွန်စွာဖြင့် စစ်ကောင်စီတပ်များက တိုက်ခိုက်နေသော်လည်း တူမီးသေနတ် များအဓိက အသုံးပြုနေသော မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်မှာ ယခုအချိန်အထိ မြို့ကိုကောင်းစွာခုခံကာကွယ်နေသည်။
