မင်းတပ်မြို့အနောက်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်များက ဓာတုလက်နက်များအသုံးပြုသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ရက်တွင်ထုတ်ပြန်ထားသည်။
မေလ ၁၂ ရက်ကလည်း မတူပီမှ ဆင်းလာသော စစ်ကား (၆) စီးသည် လမ်းတွင်အကြိမ်ကြိမ်ဖြတ်တိုက်ခံရပြီး မင်းတပ်မြို့သို့မရောက်နိုင်ဖြစ်ရာ မေလ ၁၅ ရက်တွင် မတူပီ ဗျူဟာမှ စစ်ကူ စစ်ကားနောက်ထပ် (၇) စီး ထပ်မံဆင်းလာသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အနောက်ဘက်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်များသည် RPG များ၊ လောင်ချာများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို တောက်လျှောက်သုံးလာခဲ့သည်ဟုဆိုသည်။
မြို့နှင့် ၁၆ မိုင်အကွာတွင် လက်နက်ကြီး ကျည်ကုန်၍ ထပ်ရှေ့မတိုးနိုင်တော့သောကြောင့် မတူပီမှ စစ်ကူတောင်းခြင်းဖြစ်မည်ဟု ယူဆရသည်ဟု ဆိုသည်။
ထို့အပြင် မေလ၁၇ရက်ကလည်း မိုင် ၃၀ နှင့် ၄၀ ကြားဖြစ်သောတိုက်ပွဲတွင် အသုံးပြုသော လက်နက်ကြီးများသည် ယခင်လက်နက်ကြီးများနှင့် မတူဘဲ CDF-Mindat ရဲဘော်အချို့သည် ဗုံးဆံများမထိ၊ ပြင်ပဒဏ်ရာများမရှိသော်လည်း မူးဝေခြင်း၊ အော့အန်ခြင်း၊ အရုပ်ကြိုးပြတ် အားနည်းခြင်းများဖြစ်၍ တွဲကူထမ်းထုတ်ရသည့် အခြေအနေ များ တွေ့ကြုံရသည်ဟု ထုတ်ပြန်အသိပေးထားသည်။