Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းလို့ နစ်နာ ဆုံးရှုံးခဲ့တာတွေအတွက် နိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီးတွေက တရားစွဲဆိုလာနိုင်

စီးပွားရေး နစ်နာ ထိခိုက်ခဲ့တာတွေကို တရားရေးအရ ဖြေရှင်း အရေးဆိုဖို့ ကုမ္ပဏီကြီး တချို့က စတင် စဉ်းစားနေပြီလို့ Business Times သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ နစ်နာ ဆုံးရှုံးမှုတွေအတွက် နိုင်ငံခြား စီးပွားရေး လုပ်ငန်းစုကြီးတွေက တရားစွဲဆိုတာတွေ ရှိလာနိုင်ကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။

မူလက မြန်မာနိုင်ငံဟာ အလျင်အမြန် တိုးတက်လာတဲ့ စျေးကွက်သစ် တစ်ခုအဖြစ် ယူဆပြီး နိုင်ငံတကာ လုပ်ငန်းစုကြီးတွေက လာရောက် စွန့်စား ရင်းနှီး မြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျသွားသလို ပြည်တွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံထားတဲ့ နိုင်ငံတကာ လုပ်ငန်းစုကြီးတွေပါ အထိနာခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဖြစ်ခဲ့သမျှ ကိစ္စတိုင်းအတွက် လက်ရှိ အုပ်ချုပ်သူ လူတန်းစားတွေက တာဝန်ယူသင့်တယ်ဆိုတဲ့ အတွေးအမြင်မျိုး စီးပွားရေး လုပ်ငန်းကြီးတွေ ဖက်ကနေ စပြီး အသံထွက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းလိုက်တဲ့ နေ့မှာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်း တည်ငြိမ် အေးချမ်းမှု ရှိစေမယ်လို့ အာမခံခဲ့သလို နောက်ထပ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စစ်တပ်ရဲ့ လက်နက်အားကိုးပြီး ကြီးစိုးမှုကို ပြည်သူတွေက အပြင်းအထန် ဆန့်ကျင်ခဲ့ကြသလို ပြည်တွင်းရေး မငြိမ်သက်မှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီအခြေအနေတွေနဲ့ ဆက်စပ်ပြီး စီးပွားရေး နစ်နာ ထိခိုက်ခဲ့တာတွေကို တရားရေးအရ ဖြေရှင်း အရေးဆိုဖို့ ကုမ္ပဏီကြီး တချို့က စတင် စဉ်းစားနေပြီလို့ Business Times သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ချိုးဖောက် ခံရတယ်လို့ ယုံကြည် ယူဆရင် နိုင်ငံခြား ကုမ္ပဏီ တစ်ခုက မြန်မာ အစိုးရအပေါ် တရားစွဲပိုင်ခွင့် ရှိပါတယ်။ စစ်အာဏာသိမ်းမှု၊ ဒါမှမဟုတ် စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက သွယ်ဝိုက် သက်ရောက်စေမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုမှာ ထိခိုက်လာတာနဲ့ ပတ်သက်လို့လည်း အလားတူ တုံ့ပြန်မှုတွေ ရှိလာနိုင်ပါတယ်။

ဆွစ်ဇာလန်က ဥပဒေရေးရာဌာန Laliveရဲ့ ပညာရှင် နှစ်ဦးဖြစ်တဲ့ လော်ရိန်း ဒီဂျာမီနီနဲ့ ဗင်းဆင့် ရေးနော့ဒ်တို့က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားတဲ့နောက် နိုင်ငံတကာ လုပ်ငန်းစုကြီးတွေ အနေနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို အလေးအနက် စဉ်းစားဖို့ လိုလာပြီလို့ သုံးသပ်ခဲ့ပါတယ်။

မြန်မာဟာ စိတ်ဝင်စားစရာ ဆွဲဆောင်မှုရှိတဲ့ စျေးကွက်သစ် တစ်ခုအနေနဲ့ ထွက်ပေါ်လာတဲ့နောက် အပြန်အလှန် ညှိနှိုင်း သဘောတူထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ် တော်တော်များများကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းမှုနဲ့ ဆန္ဒပြ ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ နောက်ဆက်တွဲ အခြေအနေတွေက နိုင်ငံ စီးပွားရေး တိုးတက်နှုန်းကို ၁၀ ရာခိုင်နှုန်းလောက်ထိ အနုတ်လက္ခဏာ ပြလာစေခဲ့ကြောင်း၊ အာဏာသိမ်း စစ်အစိုးရကတော့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေ ထွက်ခွာကုန်တဲ့ အခြေအနေတွေ ပိုဆိုးမလာဖို့ ဆန္ဒရှိနေမှာဖြစ်ကြောင်း ပညာရှင် နှစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အခုလဆန်းပိုင်းမှာ Telenorလို အထင်ကရ လုပ်ငန်းစုကြီးတွေက သူတို့ရဲ့ မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းတွေကို လက်လွှဲ ရောင်းချဖို့ ဆုံးဖြတ်ပြီးပါပြီ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မိုဘိုင်း နည်းပညာ ဝန်ဆောင်မှုတွေကို အကြီးအကျယ် ကန့်သတ်ခဲ့တဲ့အတွက် Telenorရဲ့ ဆုံးရှုံးမှုက ဒေါ်လာ သန်းပေါင်း ၇၄၀ လောက်ထိ ရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။

တခြား နိုင်ငံတကာ အထင်ကရ လုပ်ငန်းစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက စစ်အစိုးရနဲ့ ခပ်ကင်းကင်းရှိဖို့ ပိုပြီး ခြေလှမ်း ပြင်လာပါတယ်။ ရန်ကုန်မြို့လယ်က Sule Squareမှာ ကမ္ဘာ့ဘဏ်၊ Coca-Colaနဲ့ McKinseyတို့လို အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေက မြေငှားမယ့် ကိစ္စတွေ ရုပ်သိမ်းတာ၊ ပြန်သုံးသပ် စဉ်းစားတာတွေ ရှိလာခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံအတွက် သတ်မှတ်ထားတဲ့ ချေးငွေ ဒေါ်လာ ၂.၇၃ ဘီလီယံကို အခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာ ဆိုင်းငံ့ထားလိုက်ပါတယ်။

ပြည်တွင်းကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အစုလိုက် အပြုံလိုက် ထွက်ခွာကုန်တဲ့အခါ စစ်အာဏာရှင်တွေက မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့ နောက်ထပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ရရှိလာအောင် ဆွဲဆောင်ဖို့ ဖိအားပေးလာပါတယ်။ ဒါပေမဲ့ CDM လှုပ်ရှားမှုနဲ့ တခြား နိုင်ငံရေး ဂယက်ထမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကိုယ်တိုင်လည်း အရာရာ ယိမ်းယိုင် ချိနဲ့နေပြန်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စိတ်ချလို့ မရတဲ့ နိုင်ငံရေး ပါဝင်စွက်ဖက်မှုတွေကို အကြိမ်ကြိမ် တွေ့မြင်ထားရတဲ့နောက် အနာဂတ်မှာလည်း နိုင်ငံတကာ လုပ်ငန်းစုကြီးတွေဟာ မြန်မာ့ စီးပွားရေးအတွက် ပါဝင် ရင်းနှီး မြှုပ်နှံဖို့ အရင်ကထက် လက်တွန့်နေကြမှာ ဖြစ်ပါတယ်။