Connect with us

Hi, what are you looking for?

LuduNwayOo

News

ကူးဆိပ်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးဟု KNU တပ်မဟာ(၅)ထုတ်ပြန်

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် BGF တပ်တို့ ပူး ပေါင်း၍ KNU တပ်မဟာ(၅)နယ်မြေသို့ စစ်အင်အားတိုးမြှင့် ဝင်ရောက်လာရာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု တပ်မဟာ(၅)က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိကြောင်း တပ်မဟာ(၅)၏ Mutraw News မှ သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ကူးဆိပ်ကျေးရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် စစ်ကောင်စီတပ်က ကူးဆိပ်ကျေးရွာအတွင်းသို့ဝင်ကာ နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

“ကူးဆိပ်က ဖာပွန်မြို့အနီးမှာပဲ။ မနေ့က ကြားသ လောက်တော့ စစ်တပ်နဲ့ BGF ပူးပေါင်းအဖွဲ့က အင်အားနည်းနည်းများတယ်။ တက်လာတော့ KNLA နဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီ မှာ အကျအဆုံးတော့ရှိတယ်။ တိုက်ပွဲ ဖြစ်ပြီးတော့ စစ်အုပ်စုတွေကကူးဆိပ်ကို ရောက်သွားတာ။ အဲဒီမှာ အိမ် တွေကိုမီးရှို့လိုက်တာ။ ရှို့မီးလို့ ပြောရမှာပေါ့ လက်နက်ကြီးထိတာတော့မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei Newsကလည်း ယင်းဖြစ်စဉ်ကို သတင်းထုတ်ပြန်ရာ ဒေသခံများ၏ နေအိမ်များကို မီးရှို့သည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူ ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) လည်း ပါဝင်ကြောင်းဖော်ပြထားသည်။

ဖာပွန်ဒေသတွင် အကြမ်းဖက်စစ်အုပ်စုများသည် ဒေသခံများ နေထိုင်သည့် ကျေးရွာထဲသို့ လက်နက်ကြီးများ မကြာခဏ ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေ၍ ဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြရသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် BGF တပ်တို့ ပူး ပေါင်း၍ KNU တပ်မဟာ(၅)နယ်မြေသို့ စစ်အင်အားတိုးမြှင့် ဝင်ရောက်လာရာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု တပ်မဟာ(၅)က ဆိုသည်။

အဆိုပါ ဒေသ၌ ယခုလအတွင်း တိုက်ပွဲ ၂၀ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။