မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို စုစည်း၍ မကွေးတိုင်းဒေသကြီးတပ်မတော်(MDA)ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း MDA က ထုတ်ပြန်ခဲ့သည်။
MDA ပါဝင်သည့် PDF ၁၃ ခုမှာ မကွေး၊ မင်းဘူး-စကု၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ချောက်၊ ဆောင်ပေါင်ဝဲ၊ မင်းလှ၊ စလင်း၊ ငဖဲ၊ ပွင့်ဖြူ၊ မြို့သစ်နှင့် စေတုတ္တရာ မြို့နယ်များဖြစ်သည်။
အဆိုပါ မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟု MDA က ဆိုသည်။
“မကွေးတိုင်းကတော့ ၂၅ မြို့နယ်ရှိတာကို ဒီ ၁၃မြို့နယ်ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သတင်းတင်တာပါ။ အခုကတော့ ဘာမှ ဖော်ဆောင်တာမရှိသေးဘူး။ ဒီအဖွဲ့ဖွဲ့ထားတာပဲရှိသေးတယ်။ လတ်တလော အနေအထားအရ ဒါတွေက ပြောလို့မရဘူး။ ဖွဲ့ထားတယ်ဆိုတာ တရားဝင်ကြေညာတာပါ” ဟု မကွေးတိုင်းဒေသကြီးရှိ မြို့နယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လုံခြုံရေးအခြေအနေများအရ အသေးစိတ်အချက်အလက်များ ဖော်ပြရန်မရှိဟု ၎င်းက ဆိုသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် လူငယ်အများစုဖြင့် စုဖွဲ့ထားသည့် ဒေသအသီးသီးမှ PDF များသည် စစ်ကော်စီကို ရရာလက်နက်စွဲကိုင်တော်လှန်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)