နိုင်ငံတကာဘဏ် ၁၉ ခုဟာ မြန်မာစစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ကုမ္ပဏီတွေမှာ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံထားပြီး အဲဒီရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရုတ်သိမ်းဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့ အစည်းနှစ်ခုက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
အမေရိကန်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယအပါအဝင် နိုင်ငံတကာဘဏ် ၁၉ ခုအနေဖြင့် မြန်မာစစ် တပ်နှင့် ဆက်နွှယ်တဲ့ကုမ္ပဏီတွေ၊ စီးပွားရေးပူးပေါင်းလုပ်ကိုင်မှုတွေနဲ့ အဲဒီကုမ္ပဏီတွေရဲ့လုပ်ဆောင်မှုတွေ အတွက် တာဝန်ခံရမယ်လို့ BankTrack အဖွဲ့ နဲ့ Justice For Myanmar အဖွဲ့တို့က တိုက်တွန်းထုတ်ပြန်ပါတယ်။
“အခုတိုးချဲ့ လေ့လာထားတဲ့ သုတေသနအရ နိုင်ငံတကာဘဏ်တွေဟာ ဘဏ္ဍာငွေနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲသူတို့ရဲ့ ကုမ္ပဏီခွဲတွေကတဆင့် အဆိုပါကုမ္ပဏီတွေမှာ ရှယ်ယာတွေပိုင်မှုဟာ အရင်သိရှိ ဖော်ထုတ်ထားတာထက် ပိုများကြတယ်ဆိုတာကို ပြသနေပါတယ်။ OECD လမ်းညွှန်ချက်များနဲ့ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူတွေအရတော့ ဘဏ်တွေလိုက်နာရမယ့် တာဝန်နဲ့ ကုမ္ပဏီခွဲတွေ လိုက်နာရမယ့် တာဝန်ဟာ အတူတူပါပဲ။ အဆိုပါစံနှုန်းတွေနဲ့အညီ လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် ၎င်းတို့ဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက် နေကြတာ ဖြစ်ပါတယ်”လို့ BankTrack အဖွဲ့ရဲ့ လူ့အခွင့်အရေးလှုပ်ရှားတောင်းဆိုသူ Hannah Greep က ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလမှာ BankTrack နဲ့ Justice For Myanmar တို့ ပထမအကြိမ် ထုတ်ဝေထားတဲ့ မွန်းမံဖြည့်စွက်သုတေသနသစ်တစ်ရပ်အရ ကုမ္ပဏီ ၁၈ ခုမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ အထက် အစုရှယ်ယာများ ပိုင်ဆိုင်ထားတဲ့ စီးပွားရေးဆိုင်ရာဘဏ် ၁၉ ခုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါကုမ္ပဏီတွေထဲမှာ မြန်မာစစ်တပ်ကို ကာကွယ် ရေးပစ္စည်းတွေ ထောက်ပံ့နေတဲ့ Bharat Electronics Inc ကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ အနီးကပ်ဆုံး နိုင်ငံတ ကာ စီးပွားရေးမိတ်ဖက်ဖြစ်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ POSCO ၊ မြန်မာနိုင်ငံမှာ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတွေ လည်ပတ်နေတဲ့ Chevron, Shell နဲ့ Total ကုမ္ပဏီတို့ အပါအဝင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ ၈ ခုလည်း ပါဝင်ပါတယ်။
စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေထဲမှာ ရှယ်ယာပိုင်ဆိုင်မှုအများဆုံး ပိုင်ဆိုင်ထားတဲ့ ဘဏ်ဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂,၀၀၀ ကျော် ရှယ်ယာတန်ဖိုး ပိုင်ဆိုင်ထားတဲ့ ပြင်သစ် Crédit Agricole ဘဏ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂျပန်ဘဏ်တွေဖြစ်တဲ့ Sumitomo Mitsui Trust နဲ့ Mitsubishi UFJ Financial ဘဏ်များ၊ အမေရိကန် ဘဏ်တွေဖြစ်တဲ့ Bank of America နဲ့ JPMorgan Chase တို့လည်း ပါဝင်တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။
“နိုင်ငံတကာ ကုမ္ပဏီတွေက တရားမဝင်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ အခုလို စီးပွားရေး ဆက်လက် လုပ်ကိုင်နေကြတာဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အလိုတူကြံရာပါ အားပေး ကူညီနေကြတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ ကြံရာပါအဖြစ် ရင်းနှီးမြှုပ်နှံ ထားတဲ့ ကုမ္ပဏီတွေကို ဘဏ်တွေအနေနဲ့ အရေးယူဖို့ တာဝန်ရှိပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ထိုးနှက်တိုက်ခိုက်မှုကို ခံနေရပြီး အဲ့ဒီအပေါ် စစ်တပ်ရဲ့ တုန့်ပြန်မှုကတော့ စစ်လက်နက်တွေ ပိုဝယ်တာ၊ ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ဆေးခန်းတွေကို ဝင်စီးပြီး ဆေးဘက် အထောက်အကူပစ္စည်းတွေကို ခိုးယူနေတာပါပဲ။ အခုလိုအချိန်မှာ မြန်မာပြည်သူတွေဟာ ကြေကွဲ ဝမ်းနည်းဖွယ် အသက်ဆုံးရှုံးနေရမှုကို ရပ်တန့်နိုင်အောင် အရေးကူညီယူဆောင်ရွက်ပေးမယ့် ရင်းနှီးမြှုပ်နှံသူတွေကို လိုအပ်နေပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။