ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်က ယခုညပိုင်း၌ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ (ဩဂုတ် ၃ရက်)ည ၇နာရီခန့်မှ စတင်ပစ်ခတ်လျက်ရှိကြောင်း၊ အပြန်အလှန်တိုက်ပွဲဖြစ်ပွားသည့် သဘောမဟုတ်ဘဲ စစ်ကောင်စီတပ်မှ တစ်ဖက်သတ်ပစ်နေသည့်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“လက်နက်ကြီးက အခုကျွန်တော်ရေထားတာ အခုနောက်ပိုင်းမှာရောဆိုရင် ၇၀ လောက်ရှိပြီ။ ခလရ (၅၈)က ပစ်တာ။ ပြောရမယ်ဆိုရင် KIA ရဲ့လာရာလမ်းကို ခြောက်ပစ်တာ၊ KIA လာများလာမလားဆိုတဲ့ သဘော ပစ်တာဖြစ်မယ်” ဟု ဒေသခံက ယနေ့ ည ၉နာရီခန့်တွင် ပြောသည်။
အဆိုပါတပ်စခန်းကို KIAက ဇူလိုင် ၂၉ရက် ညပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် သတင်းဌာနအချို့က ဖော်ပြထားသည်။
ထို့နောက် ယမန်နေ့ (ဩဂုတ် ၂ရက်) ညပိုင်းတွင်လည်း အဆိုပါ ခလရ (၅၈) တပ်စခန်းမှပင် တစ်နာရီကျော်ကြာ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။လက်နက်ကြီးကျည်အချို့လည်း အများပြည်သူသွားရာလမ်းမပေါ် ကျရောက်ခဲ့သည်။
“မနေ့ညက ၁၁နာရီကနေ မနက် ၁၁နာရီအထိ တိုက်ပွဲဖြစ်တယ် သတင်းကြားတယ်။ အဲဒါကို မေးမြန်းထားတယ်။ KIA ဘက်က သူတို့ဘက်က လှမ်းပစ်တာတော့မရှိဘူးလို့ပြောတယ်။ မရှိဘူးဆိုတော့ တစ်ဖက်သတ်ပစ်နေတာက ၂နာရီကျော်လောက် ပစ်နေတာတော့ မဟုတ်ဘူးပေါ့။ ဘယ်လိုပုံစံကြောင့် ဖြစ်တယ်ဆိုတာ ဂဃနဏ မသိရသေးဘူး” ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။
KIA အနေဖြင့် ဇူလိုင် ၂၉ရက် ညပိုင်းက ၀ိုင်းမော် ခလရ (၅၈) တပ်အပါအဝင် တပ်စခန်းနှင့် ဂိတ်စခန်း ၃နေရာကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၃၁ရက် နံနက်တွင် နမ္မတီးမြို့အနီးရှိ စီးဒီယန်တပ်စခန်းကို တိုက်ခိုက်ခဲ့သည်။ ဩဂုတ်လဆန်းတွင်လည်း ကချင်ဒေသသို့ စစ်ရေးလှုပ်ရှားသည့် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။