ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်များ ရရှိခဲ့ကြောင်းနှင့် တိုက်ပွဲ ၄ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
“ဒီ ၄ ရက်တာတိုက်ပွဲမှာ..CDF-Mindat က ကျဆုံး မရှိ။ ဒဏ်ရာရသူ အနည်းငယ်သာရှိပြီး ရန်သူ့လက်နက်တွေ ရလိုက်တယ်။ ၁၆ မိုင်စခန်းကို ပြန်သိမ်းလိုက်နိုင်တယ်။စကစတွေဘက်က အနည်းဆုံး ၂၀ ကျော် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားနဲ့ နောက်ဆုတ်သွားခဲ့တယ်” ဟု CDFက ဩဂုတ် ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်များ လူသူလက်နက်အင်အား အလုံး အရင်းဖြင့် စစ်မျက်နှာများခွဲ၍ ထိုးစစ်ဆင်လာခဲ့ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ လူအင်အား၊ နည်းပညာ စသည်တို့၌ စစ်ကောင်စီတပ်ကို မင်းတပ် CDF အနေဖြင့် မယှဉ်နိုင်သော်လည်း မင်းတပ် CDF အနေဖြင့် အကျပ်အတည်း အခက်အခဲ ပေါင်းစုံမှ ရုန်းထွက်လာနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဇွန်လ ၂၃ရက်က ပြုလုပ်ခဲ့သည့် မင်းတပ် CDFနှင့် စစ်ကောင်စီတို့ အပစ်ရပ်စဲရေး ထပ်မံသက်တမ်းတိုးရန် ဆွေးနွေးမှု မပြေလည်ခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်မှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

Public Service Announcement
