ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်များက နေ့ဘက်များ၌ပါ လိုက်လံဖမ်းဆီးမှုများရှိနေကြောင်း သတင်းရရှိသည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်နှင့် ခရမ်းမြို့နယ်များ၌ အနည်းဆုံး ပြည်သူငါးဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။
ကမာရွတ်မြို့နယ်ဖြစ်စဉ်တွင် နံနက် ၈ နာရီခွဲက (၅)ရပ်ကွက်၊ အောင်ချမ်းသာလမ်း ဓမ္မာရုံမျက်စောင်း ထိုးရှိတိုက်တစ်တိုက်အား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းမှုပြုလုပ်ကာ အမျိုးသားသုံးဦးကိုဖမ်းခေါ်သွားကြောင်း သိရသည်။
ထိုသို့ လာရောက်ဖမ်းဆီးစဉ် စစ်DC တစ်စီးများ အိမ်စီးကားများဖြင့် လာရောက်ခြင်းဖြစ်ပြီး အင်အားရာဂဏန်းခန့်ပါဝင်သည်ဟု Kamayut Information က ဖော်ပြ သည်။

Public Service Announcement
အလားတူ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ရွှေလှေကျေးရွာမှ ပြည်သူတစ်ဦးနှင့် မောင်းမကျေးရွာမျာမှ ပြည်သူတစ်ဦးတို့ကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့သည်။
ယနေ့နံနက် ၉ နာရီဝန်းကျင်ကတည်းက စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများသည် ဆိုင်ကယ် ၁၀ စီးဖြင့် ပိန်းကန် ၊ကမာကလိပ်၊ ကျူတောနှင့် မောင်းမစသည့် ကျေးရွာများသို့ ဝင်ရောက်ရှာဖွေမှုများရှိခဲ့သည်ဟု Khayan Channal က ဖော်ပြထားသည်။
ယခုရက်ပိုင်းအတွင်း ခရမ်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရမှု ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရမှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ကျေးရွာအချို့တွင် တပ်စွဲခြင်း တပ်အင်အားဖြည့်တင်းခြင်းအပါအဝင် ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။


















































