–ဘုံရန်သူစစ်ကောင်စီ ကျဆုံးသည်အထိ ခုခံတွန်လှန်စစ်ဆင်နွှဲမည်ဟု သဘောထားထုတ်ပြန်
စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ရက်တွင် ၅လကြာမြင့်သည့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်မည်ဟု ပြောဆိုချက်သည် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုခြင်းမရှိဘဲ နိုင်ငံရေးလှည့်ကွက်အဖြစ် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ကြေညာချက်ထုတ်ပြန် သတိပေးသည်။
စစ်အုပ်စုအနေဖြင့် ၂၀၁၈ ဒီဇင်ဘာ ၂၁ရက် မှစ၍ လက်ရှိအချိန်ထိ အပစ်ရပ်ကြေညာမှုအကြိမ် ၂၀ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ထိုသို့ ကြေညာပြီးတိုင်း တိုင်းရင်းသားနယ်မြေများတွင် စစ်အင်အား တိုးချဲ့ချထားခြင်း၊ ကျူးကျော်တိုက်ခိုက်ခြင်းအားဖြင့် ပြည်တွင်စစ်ဘောင်ချဲ့ထွင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ စစ်အုပ်စု ကိုင်စွဲထားသည့် နိုင်ငံရေးတွင် စစ်တပ်က အစဉ်ဗိုလ်ကျလွှမ်းမိုးရေးသဘောထားဖြင့် မည်သည့်အခါမှ စစ်မှန်သည့် ငြိမ်းချမ်းရေးရယူနိုင်မည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။
ဖေဖော်ဝါရီ ၁ရက်တွင် လက်နက်အားကိုးဖြင့် တရားမဝင် အဓမ္မအာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူ ၁၀၀၀ ကျော်ကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ပြီးဖြစ်ရုံသာမက အကြမ်းဖက်မှု စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူး လွန်နေခြင်းကြောင့် မြန်မာပြည်သူများက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားမျှတသော ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေချိန်တွင် ထုတ်ပြန်သော ကြေညာချက်များ ဖြစ်၍ နိုင်ငံရေးလှည့်စားမှုသက်သက်ဖြစ်သည်မှာ ထင်းရှားကြောင်း ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီတပ်၏ ကြေညာချက်များ၏ အတွင်းသဘောမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား သွေးခွဲသပ်လျှိုရန်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချင်ချင်ကြား သွေးခွဲသပ်လျှိုရန်၊ တိုင်းရင်းသားလူမျိုးတစ်ခုအတွင်း၌ပင် အမြင်သဘောထားများ အကွဲကွဲအပြားပြားဖြစ်အောင် သွေးခွဲသပ်လျှိုရန်၊ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှု သရုပ်မှန်ကို ဖုံးကွယ်ရန်နှင့် ငြိမ်းချမ်းရေးမျက်နှာဖုံးတပ်လျက် နိုင်ငံတကာသို့ လိမ်လည်လှည့်ဖျားရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်ဟု မှတ်ယူနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
ပကတိအခြေအနေတွင် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊စစ်ရေး၊ သံတမန်ရေး စစ်မျက်နှာများတွင် အရေးနိမ့်လျက်ရှိသော စစ်ကောင်စီအနေဖြင့် အသက်ဆက်ခွင့်ရလိုရငြား နိုင်ငံရေးထွက်ပေါက် ရှာခြင်း ဖြစ်၍ အမျိုသားညီညွတ်ရေးအစိုးရအနေဖြင့်စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်များအပေါ် ကန့်ကွက်ရှုံ့ချကြောင်း ဖော်ပြထားသည်။
စစ်အာဏာရှင်ဆန့်ကျင်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ဘုံရည်မှန်းချက်ထားရှိသော တော်လှန်ရေး အင်အားစုအားလုံးသည် တော်လှန်ရေးသတိ၊ တော်လှန်ရေးသတ္တိဖြင့် ဘုံရန်သူစစ်ကောင်စီ ကျဆုံးသည်အထိ ခုခံတွန်းလှန်စစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သဘောထား ထုတ်ပြန်ခဲ့သည်။


















































