“လာမဝိုင်းနဲ့ သေတတ်သည်”ဟု သတိပေးစာကပ်ထားသော ရွှေဘိုမြို့ရဲစခန်းကို ဗုံး ၁၀လုံးပစ်ထည့်ကာ တိုက်ခိုက်ခဲ့သည်ဟု People Defense Force -Shweboက ယနေ့ ထုတ်ပြန်သည်။
ယနေ့(အောက်တိုဘာ ၁၀ ရက်) နံနက် ၈ နာရီခန့်က လင့်စင်များပါဆောက်လုပ်ထားသော ရွှေဘိုမြို့ရဲစခန်းကို ရွှေဘို PDFက တောင်နှင့်မြောက် နှစ်ဖက်ညှပ်၍ ဗုံး၁၀ လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။
ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်သားများက ချက်ချင်းပြန်မပစ်ရဲဘဲ PDF များဆုတ်ခွာမှသာ ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။
အဆိုပါ တိုက်ပွဲမှ PDF များထိခိုက်ကျဆုံးမှုမရှိဘဲ အနီရောင်နယ်မြေအတွင်းပြုလုပ်ရသော စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား သေဆုံးစာရင်းမသိရှိရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယခုလအတွင်း ရွှေဘိုမြို့ရှိ ကညန ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ထားပြီး စစ်တပ်ပိုင် Mytel တာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။