မိတ္ထီလာမြို့ရဲ့ အစည်ကားဆုံးနေရာဖြစ်တဲ့ ဗဟိုဈေးရှေ့ ၊ အမှတ် ( ၂) ရဲစခန်းအနီးမှာ ဗုံးကွဲလို့ ရဲတပ်ဖွဲ့ဝင် ၃ဦးနဲ့ စစ်သား ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံများထံကနေစုံစမ်းသိရပါတယ်။
ဒီနေ့ မိတ္ထီလာမှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံပွဲပြုလုပ်ရှိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ရဲ့နေရာအများစုမှာ လုံခြုံရေးယူထားကြပါတယ်။
ဒီလို အင်အားအများအပြားနဲ့နေရာယူထားပေမယ့် နေ့လယ် ၁၂ နာရီလောက် မှာ မိတ္ထီလာမြို့ ဗဟိုဈေးရှေ့ အမှတ် ၂ရဲစခန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

“ဖြစ်တဲ့နေရာက အမှတ်၂ရဲစခန်းနဲ့မဝေးဘူး လှမ်းခေါ်လိုက်ရင်ကိုကြားတဲ့နေရာ။ ထောက်ခံပွဲလုပ်တဲ့နေရာတော့မဟုတ်ဘူး။တပ် ထောက်ခံပွဲက ရန်မျိုးအောင်ရပ်ကွက် တပ်ထောက်ခံသူတွေနေတဲ့ရပ်ကွက်မှာလုပ်တာ။ ဖြစ်တဲ့နေရာနဲ့က ၁၅မိနစ်လောက်ပဲသွားရတယ်။ မျက်မြင်တစ်ယောက်ပြောတာတော့ လဲကျနေတဲ့ရဲတစ်ယောက်က မလှုပ်တော့ဘူး။ ကျန်တဲ့ရဲတွေက မျက်နှာတွေစုတ်ပြတ်သွားတယ်။ ကိုယ်နဲ့မကွာဆောင်ထားတဲ့ သေနတ်တွေတောင် လမ်းပေါ်မှာပြုတ်ကျတာ ဘယ်လောက်ဒဏ်ရာပြင်းပြင်းဖြစ်မယ်ဆိုတွေးကြည့်လို့ရပါတယ်” လို့ မိတ္ထီလာမြို့မှာနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

Public Service Announcement
ပေါက်ကွဲမှုကြောင့်. ဒဏ်ရာရတဲ့သူတွေထဲ ရဲတစ်ဖွဲ့ဝင် ၁ ဦးသေဆုံးတယ်လို့သတင်းတွေထွက်ပေါ်နေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းလူစည်ကားတဲ့နေရာတွေမှာ လှည့်လည်တာ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
စစ်တပ်ထောက်ခံပွဲကို မန္တလေးမြို့ ၊ ပြင်ဦးလွင်၊ မိတ္ထီလာတို့တွေမှာပြုလုပ်နေတာဖြစ်ပါတယ်။


















































