မြောင်မြို့နယ် ခေါင်းခွဲကျေးရွားအနီး ဒေသကာကွယ် ရေးတပ်ဖွဲ့မှ မိုင်းအဖွဲ့နှင့် စစ်ကောင်စီတပ်စစ်ကြောင်း နှင့် တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။
ယမန်နေ့(ဒီဇင်ဘာ ၁၂)နံနက် ၆နာရီခန့်တွင် ခေါင်းခွဲကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးသည် ခေါင်းခွဲနှင့်တစ်မိုင်ခွဲမျှဝေးသည့် မြစ်ဆုံရွာသို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းနှင့် ပက်ပင်းတိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။
“စစ်ကြောင်းအလာကို ကြိုစောင့်ပြီး ဆွဲမိုင်းထောင်တဲ့ မိုင်းအဖွဲ့ပေါ့။ သူတို့စောင့်မယ်လုပ်တုန်း စစ်ကြောင်းနဲ့ထိပ်တိုက်တွေ့တဲ့အချိန်မှာ တိုက်ပွဲဖြစ်သွားတာ”ဟု ဒေသအခြေစိုက် တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။
မိုင်းအဖွဲ့မှ PDF တပ်ဖွဲ့ဝင်ခြောက်ဦးတွင် ခေါင်းခွဲကျေးရွား PDF ခေါင်းဆောင်အပါအဝင် ငါးဦးကျဆုံးပြီး တစ်ဦးသာပြန်လည်လွတ်မြောက်ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement
ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားသည့် PDF ရဲဘော်ငါးဦး၏ ရုပ်အလောင်းများအား စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာချိန်မှ သယ်ယူခဲ့ရပြီး ချက်ချင်းသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်အတွင်းရှိ ကျေးရွားများသို့ စစ်ကြောင်းထိုးခြင်း၊ ကျေးရွာတွင်းဝင်ရောက်၍ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် အိုးအိမ်များမီးရှို့ဖျက်ဆီးခြင်းတို့ကို စစ်ကောင်စီတပ်က ယခုရက်ပိုင်း ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိသည်။


















































