ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါမှော်အနီး တစ်နေ့ရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲံကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။
ယနေ့(ဒီဇင်ဘာ ၂၃ရက်)နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ်၏ တပ်မ(၃၃) နှင့် KIA တို့တိုက်ပွဲဖြစ်ခဲ့ကြောင်း ၊ဝှေခါမှော်တွင် တပ်စွဲထားသည့် စစ်အင်အား ၁၀၀ ခန့်က KIA တပ်ဖွဲ့ရှိရာသို့ စစ်ရေးလှုပ်ရှားလာ၍ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ဖားကန့်ဒေသ အပါအဝင် KIA တပ်မဟာ(၉)နယ်မြေ အတွင်း စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟုလည်း ဖော်ပြသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese ၏ စစ်ရေးသတင်း ဖော်ပြချက်များအရ ကချင်ပြည်နယ်တွင် ဒီဇင်ဘာ ၁၄ရက် နောက်ပိုင်းတိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးခဲ့ပြီး ယနေ့ ဖားကန့်ဒေသ၌ ပြန်လည် တိုက်ပွဲဖြစ်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement


















































