မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်အားလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်သေဆုံးကြောင်း မြိုင်PDF က ယနေ့(ဇန်နဝါရီ ၁၃)ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၁ ရက် နံနက်၉နာရီခွဲခန့်တွင် လက်ယက်မနှင့်ကန်နီရွာကြား၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြိုင်PDF မှလက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“စခ ၆-၇ ခန့် သေဆုံးသည်ဟု သတင်းရရှိပါသည်။ စကစ စခများသည် သာလွန်အင်အားဖြင့် ထိုးစစ်ဆင် လျက်ရှိပါသဖြင့် ဆုတ်ခွာခဲ့ရပါသည်”ဟု မြိုင် PDF က ဆိုသည်။
ထို့အပြင် ယမန်နေ့ကလည်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် စစ်ကြောင်းများထိုးလျက်ရှိရာ အခြေအနေစောင့်ကြည့်ရင်း ရှောင်တိမ်းရမှုများရှိခဲ့သည်ဟု မြိုင် PDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
ဇန်နဝါရီ ၁၀ ရက်ကလည်း မြိုင်မြို့နယ်တောင်ဘက် ဗဟင်းလမ်း သက္ကယ်ကန်ရွာအနီး စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ပိတ်မိသွားသည့် မြိုင် PDF တပ်ဖွဲ့ဝင်နှစ်ဦး မိုင်းများဖြင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်ပြီး တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့သည်။


















































