စစ်အာဏာရှင်မကျဆုံးသေး၍ KNU နယ်မြေတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး ပြည်သူငါးသောင်းကျော်ထွက်ပြေးနေရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေ၍ နယ်မြေအတွင်းရှိ ပြည်သူလူထုများသည် ဒုက္ခဆင်းရဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပြည်သူလူထု ငါးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ထို့ကြောင့် စစ်အာဏာရှင်ကျဆုံးရေးအတွက် စည်လုံးညီညွတ်စွာဖြင့် တစ်လုံးတစ်ဝတည်း လက်တွဲလုပ်ဆောင် ကြရန် KNU အနေဖြင့် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်သဖြင့် ထိတွေ့ပစ်ခတ်မှုများ နေ့စဥ်ဖြစ်ပွား နေသည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်နေ့တိုင်း လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပါက အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ တပ်များ သည် ပြည်သူလူထုများနေထိုင်ရာအရပ်များသို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ် လျက်ရှိခဲ့ကြောင်း၊ ယခု ဇန်နဝါရီ ၁ရက်မှ ၁၃ရက်အွင်း ထိုသို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်၍ ပြည်သူလေးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က လေယာဉ်များအသုံးပြုပြီး ပစ်ခတ်ခိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁ရက်မှ ၁၃ရက်အတွင်း KNU တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင် ၌ လေးကြိမ်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် တစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ပြည်သူ တစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ကာ ပြည်သူလူထု၏ နေအိမ် ၅ လုံး နှင့် ဆေးပေးခန်းများ ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
တပ်မဟာ(၁) ဒူးသထူခရိုင် ဘီးလင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက်ကြီး ရမ်းသန်း ပစ်ခတ်၍ ပြည်သူလူထုများ နေအိမ်ကိုစွန့်ခွာ၍ တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေရပြီး စားနပ်ရိက္ခာ မလုံလောက်သည့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း KNUက ဆိုသည်။
KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မူသယ်ဒေသတွင်လည်း အာဏာသိမ်း စစ်ကောင်စီ၏တပ်များ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့၍ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟုဆိုသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ လက်နက်ကြီးများကို ရမ်းသန်း ပစ်ခတ် သောကြောင့် ခဲဒဲကျေးရွာအုပ်စု အတွင်းရှိ ပြည်သူလူထုများသည် တောတောင်များအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ပုန်းအောင် ခဲ့ရပြီး အစားအစာ၊ အဝတ်အထည်၊ စောင်နှင့် ခြင်ထောင်စသည့် မလုံမလောက်သော အခက်အခဲအမျိုးမျိုး နှင့် ရင်ဆိုင်ခဲ့ကြရကြောင်း ဖော်ပြထားသည်။
KNU တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် ကဝက်ကျေးရွာမှ ပြည်သူလူထု၏ နေအိမ်ငါးလုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
ထို့ပြင် လယ်မူလားမြို့နယ် ကနီကျေးရွာမှ အပြစ်မဲ့ ပြည်သူလူထု ၁၁ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း၍ ထိန့်လန့်ကြောက်ရွံ့အောင် ခြောက် လှန့်မှုများ ပြုခဲ့သည်ဟုဆိုသည်။ ပစ်ခတ်တိုက်ခိုက်မှု အနီးရှိ ပြည်သူလူထုများသည် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။
KNU တပ်မဟာ(၅) မူတြော်ခရိုင်တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ တပ်များသည် ပြည်သူလူထုများ၏ လုပ်ငန်းခွင်များနှင့် ကျေးရွာများအတွင်းသို့ နေ့စဥ်နီးပါး လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ လူထုများ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းခဲ့ရပြီး စားနပ်ရိက္ခာ ၊ အစာရေစာ ၊ အဝတ်အထည် ၊ စောင်နှင့် ခြင်ထောင် များ မလုံလောက်သော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီ တပ်စခန်း နှင့် နီးသောပြည်သူလူထုများသည် စိုးရိမ် ကြောက်ရွံ့မှုများဖြင့် အသက်ရှင်နေထိုင်ခဲ့ရပြီး အချို့တို့သည် ကျေးရွာအတွင်းသို့ ပြန်၍ နေထိုင်မှု မပြူရဲကြတော့ဘဲ တောတောင်များအတွင်းမှာသာ နေထိုင်ခဲ့ကြရသည်ဟု ဆိုသည်။
ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်းတွင်လည်း ထိတွေ့ပစ်ခတ်မှု နေ့စဉ်နီပါး ဖြစ်ပွားခဲ့ရာ ပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံ နေကြရသူများရှိကြောင်း ဖော်ပြသည်။
KNU ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူ ၅သောင်းကျော်ရှိပြီး ၎င်းတို့အား ကူညီစောင့်ရှောက် မှုရရှိစေရန်အတွက် KNU လက်အောက်ခံ ကရင်ပြည်တွင်းနေရပ်စွန့်ခွာ သူများကော်မတီ ( CIDKP ) မှ ကြိုးစား၍ လမ်းကြောင်းရှာပြီး စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လိုအပ်ချက်များ များစွာရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ဘေးရှောင်ပြည်သူလူထုများအတွက် လိုပ်အပ်သောအရာများကို ကူညီထောက်ပံ့မှုပေးကြပါရန် ပေးလှူလိုသော အယောက်တိုင်းစီနှင့် အဖွဲ့အစည်းတိုင်းအား စစ်ဘေးရှောင် ပြည်သူလူထုများအတွက် ပေးလှူကူညီကြပါရန်လည်း KNUက တိုက်တွန်းထားသည်။
စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လိုအပ်သောအရာများကို ကူညီထောက်ပံ့မှုပေးသောသူများ နှင့် အဖွဲ့စည်းများအပြင် စစ်ဘေးရှောင်ပြည်သူလူထုများကို ကူညီစောင့်ရှောက်မှုပေးသောသူများ နှင့် အဖွဲ့အစည်းများကို လေးစားတန်ဖိုးလျက်ရှိကြောင်း KNUက ထုတ်ပြန်သည်။


















































