ရေဦးမြို့နယ် ရွာမိဿာရွာအနီး စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့်တိုက်ပွဲတွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံးသွားကြောင်း Local PDF တပ်ဖွဲ့များက အတည်ပြုသည်။
ယနေ့(ဇန်နဝါရီ ၂၁)နံနက် ၇ နာရီကျော်တွင် ရေဦးမြို့နယ် ရွာမိဿာရွာအနီးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်စဥ် LPDF ရဲဘော်ခုနစ်ဦးကျဆုံးခဲ့ခြင်း ဖြစ်သည်။
“ကျဆုံးရဲဘော် ၇ ဦးပါ။ ပြောစရာ စကားလည်းမရှိ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဦး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့ ယခုရက်ပိုင်းများတွင် နေ့စဥ်နီးပါး စစ်ကြောင်းထိုးလျက်ရှိရာ စစ်ကြောင်းတစ်လျောက်ရှိကျေးရွာများမှ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းကလည်း ရွာမိဿာရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိသည်။