Connect with us

Hi, what are you looking for?

LuduNwayOo

News

အဖက်ဖက်ပြိုဆင်းနေသည့် စစ်အုပ်စုကို အနားမပေးစတမ်းတိုက်ပွဲဝင်ကြရန် ယာယီသမ္မတ တိုက်တွန်း

ပြည်သူ့ခုခံတော်လှန်စစ်စတင်သည့် ၂၀၂၁ စက်တင်ဘာ ၇ရက်မှ ၂၀၂၂ ဇန်နဝါရီ ၆ရက်အထိ လေးလတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီအင်အား ၇၀၀၀ ကျော် ထိခိုက်ကျဆုံး ပြုန်းတီးစေခဲ့ခြင်းက တော်လှန်ရေးအင်အားစုများ၏ အရေးကြီးသည့် အောင်မြင်မှုဖြစ်သည်ဟု ၎င်းက ပြောသည်။

ပြည်သူကို ရန်ပြုအကြမ်းဖက်သည့်စစ်တပ်ကို ဖျက်သိမ်းပြီး တပ်မတော်သစ်ထူထောင်မည်ဟု ပြောကြား၊ မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေး နိုင်ရာကဏ္ဍမှပါဝင်ကြရန် ပြည်သူများအား နှိုးဆော်

ပြည်သူကို ကျွန်ဇတ်သွင်းပြီး ပြည်သူကို ရန်ပြုအကြမ်းဖက်နေသည့် စစ်အာဏာရှင်များကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးနှင့် မြန်မာနိုင်ငံတော်သစ် New Myanmar တည်ဆောက်ရေးအတွက် ပြည်သူများအနေဖြင့် နိုင်ရာကဏ္ဍမှပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလာက တိုက်တွန်းလိုက်သည်။

ယနေ့ နွေဦးတော်လှန်ရေး တစ်နှစ်ပြည့် မိန့်ခွန်းပြောကြားရာတွင် ယာယီသမ္မတက နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖော်ဆောင်ရေးဆိုင်ရာ အချက်များကို ထည့်သွင်း ပြောဆိုခဲ့သည်။

ပြည်သူ့ခုခံတော်လှန်စစ်စတင်သည့် ၂၀၂၁ စက်တင်ဘာ ၇ရက်မှ ၂၀၂၂ ဇန်နဝါရီ ၆ရက်အထိ လေးလတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီအင်အား ၇၀၀၀ ကျော် ထိခိုက်ကျဆုံး ပြုန်းတီးစေခဲ့ခြင်းက တော်လှန်ရေးအင်အားစုများ၏ အရေးကြီးသည့် အောင်မြင်မှုဖြစ်သည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအင်အားစုတွေအနေနဲ့ အဖက်ဖက်က ပြိုဆင်းနေပြီဖြစ်တဲ့ စစ်အုပ်စုကို အနားမပေး စတမ်း ဆက်လက်တိုက်ပွဲဝင်ကြပါ။ တိုင်းရင်းသားပြည်သူများအနေနဲ့လည်း မြန်မာနိုင်ငံတော်သစ် New Myanmar တည်ဆောက်ရေးနဲ့ ပြည်သူ့ ခုခံတွန်းလှန်စစ်မှာ နိုင်ရာကဏ္ဍက ဆက်လက်ထောက်ခံ ပါဝင်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်လုံးလုံးအကြမ်းဖက် စစ်ကောင်စီကို လုံး၀အုပ်ချုပ်ခွင့်မပြုစတမ်းဆိုသည့် သံဓိဌာန်ဖြင့် နည်းမျိုးစုံသုံး ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့် တိုင်းရင်းသားပြည်သူများကို နိုင်ငံတော်အစိုးရ အနေဖြင့် အထူးလေးစားဂုဏ်ပြုကြောင်း ယာယီသမ္မတမိန့်ခွန်း၌ ဖော်ပြသည်။

လမ်းမများအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြရင်းကျဆုံးခဲ့ရသူများ၊ စစ်ကောင်စီစစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသူများ၊ တော်လှန်ရေးစစ်မြေပြင်၌ ကျဆုံးခဲ့ရသည့် ရဲဘော်များနှင့်ထိခိုက်ဒဏ်ရာရသူများအားလုံးသည် ပြည်သူ့သူရဲကောင်းများဖြစ်သည်ဟုဆိုသည်။

“ပြည်သူက အမြဲတမ်း သတိရနေမှာဖြစ်သလို တချိန်မှာ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်။ အဓမ္မ အာဏာသိမ်းမှုတစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတအနေနဲ့ ပြည်သူ့သူရဲကောင်းအပေါင်းကို ဂုဏ်ပြုဦးညွတ်လိုက်ပါတယ်”ဟု ပြောကြားသည်။

မြန်မာစစ်အာဏာရှင်စနစ်မည်မျှ ဆိုးယုတ်သည်ဆိုသည်ကို မြန်မာပြည်သူများ အသိဆုံးဖြစ်သည်ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။ ၁၉၅၈မှ ၂၀၂၁အတွင်း လေးကြိမ်အာဏာသိမ်းပြီးနောက် နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေ၊း ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း အဘက်ဘက်က နိမ့်ကျကာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်ဟု ဆိုသည်။ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုသည် သမိုင်းတလျှောက်အဆိုးယုတ်ဆုံး စစ်အာဏာသိမ်းမှုဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင် အစိုးရဆီက အဓမ္မ အာဏာသိမ်းယူခဲ့ခြင်းဟာ နိုင်ငံတော်ပုံကန်မှု ကျူးလွန်ခြင်းဖြစ်သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူငယ်တွေ ပြည်သူတွေကို လူမဆန်တဲ့ နည်းမျိုးစုံနဲ့ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်နေခြင်းဟာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနှင့် ဆက်စပ်ပြီး ပြည်သူ ၁,၅၀၀ ခန့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ ၁၂,၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြောင်း ဖော်ပြသည်။ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရင်ဆိုင်နိုင်ခြင်းမရှိသော စစ်အုပ်စုသည် အရပ်သားကျေးရွာပေါင်းများစွာနှင့် ချင်းပြည်နယ် ထန်တလန်မြို၊့ ကရင်နီပြည်နယ်မှ မြို့အချို့ကို မီးရှို့ဖျက်ဆီးပြီး စစ်နှင့်မသက်ဆိုင်သည့် ပြည်သူ၁,၀၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

“ဒီသတ်ဖြတ်မှုတွေထဲမှာ ဒီဇင်ဘာလ ၇ရက်က ဆားလင်းကြီး မြို့နယ် ဒုံးတောရွာဖြစ်စဉ်မှာ ပြည်သူ ၁၁ဦး၊ ခရစ္စမတ်ရက်က ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာဖြစ်စဉ်မှာ ပြည်သူ ၃၅ဦးကျော် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာ ကိုတစ်နှစ်လုံးလုံးကြံ့ကြံ့ခံခဲ့ပြီး ဇွဲမလျော့စတမ်း ခုခံတွန်းလှန်နေခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ သူရသတ္တိ ကတေ့ ကမ္ဘာကပင် လေးစားအသိအမှတ်ပြုခဲ့ရပြီဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်းအကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို လုံး၀အသိအမှတ်မပြုဘဲ လိုအပ်တဲ့ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ဖို့ မြန်မာပြည်သူတွေအနေနဲ့ ရုန်းကန်မှုကပဲ အဓိက တွန်းအားပေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိနေခြင်းက နိုင်ငံတကာ မျက်နှာတွင် မြန်မာပြည်သူများ၏ အရေးကြီးသည့် အောင်ပွဲဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

စစ်အာဏာရှင် အဆက်ဆက်သည် ဒီမိုကရေစီနှင့်ဖက်ဒရယ် ကျင့်သုံးရေးကို ပြင်းပယ်ခဲ့ပြီး နိုင်ငံရေး တွင် စစ်တပ်က အစဉ်တစိုက် ဗိုလ်ကျစိုးမိုးရေး၊ လူမျိုးကြီးဝါဒ တို့ကို ဖော်ဆောင်ခဲ့ကြောင်း၊ နိုင်ငံရေး အာဏာ နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားပြီးသည့်နောက် စစ်တပ်သည် သီးသန့်လူတန်းစားတစ်ခု ဖြစ်လာကာ စစ်ခေါင်းဆောင်များသည် အခွင့်ထူးခံများဖြစ်လာကြောင်း ယာယီမသမ္မတက ပြောသည်။

စစ်အုပ်စု ဗဟိုပြုရေးကိုသာ ကြံစည်လုပ်ဆောင်ခဲ့ပြီး ပြည်သူကို ကျွန်ဇာတ်သွင်းသည့် ဝါဒကို ဖြစ်လာကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကျင့်သုံးရန် ငြင်းပယ်ခြင်းဖြင့် ပြည်တွင်းစစ်ကို မီးမွှေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ပြည်ထောင်စုမပြိုကွဲရေး အချုပ်အခြာအာဏာ မဆုံးရှုံးရေး ကြွေးကြော်သံများနဲ့ အကြိမ်ကြိမ်အာဏာသိမ်းခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ဗိုလ်ကျစိုးမိုးနေသမျှ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီး ဝါဒ သက်ဆိုးရှည်နေသမျှ ငြိမ်းချမ်းမှု တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးနေရမှာ ဖြစ်ပါတယ်။ ခြုံကြည့်ရင် မြန်မာနိုင်ငံရေးပြဿနာအားလုံးရဲ့ အဓိကအကြောင်းရင်း အဓိကသက်သေတရားခံဟာ စစ်အုပ်စု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် စစ်အာဏာရှင် စစ်နစ်ကို အမြစ်ဖြတ်တွန်းလှန် ဖယ်ရှားရန်ကလွဲ၍ အခြားဖြေရှင်း နည်းမရှိဟု ရှုမြင်ကြောင်း ပြောကြားသည်။

“စစ်အာဏာရှင်အတွေးအခေါ်ကြီးစိုးပြီး ပြည်သူကို ရန်ပြုအကြမ်းဖက်နေတဲ့ စစ်တပ်ကို ဖျက်သိမ်း ပစ်ဖို့နဲ့ ပြည်သူကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်အပေါ် ယုံကြည်သက်ဝင်တဲ့ တပ်မတော်သစ်တစ်ရပ် တည်ထောင်ဖို့ဆိုတာလည်း သမိုင်းရဲ့ တောင်းဆိုချက်ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့တော်လှန်မှု တစ်နှစ်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဖွဲ့စည်းထူထောင်နိုင်ခြင်းသည် မြန်မာပြည်သူများ၏ အရေးကြီးသည့်စွမ်းဆောင်မှုဖြစ် ကြောင်းလည်း ပြောဆိုသည်။

“ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့EAOများ နဲ့လက်တွဲပြီး စုဖွဲ့မှု ၊ ဗဟိုအမိန့်ပေးကွပ်ကဲမှု စနစ် တည်ဆောက်မှု၊ စစ်မဟာ ဗျူဟာ ညှိနှိုင်းရေးဆွဲမှုနှင့် စုပေါင်း အကောင်အထည် ဖော်မှုများကို တိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် တော်လှန်ရေးခရီး မဝေးတော့ဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

အနာဂတ် တပ်မတော်သစ် ထူထောင်ရန် ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ကြိုဆိုနေမြဲဖြစ်ကြောင်းနှင့် ပြည်သူများနှင့်အမြန်ဆုံး ပူးပေါင်းလာကြရန် ထပ်မံတိုက်တွန်းလိုကြောင်း ယာယီသမ္မတက ပြောသည်။

PDFနှင့် မဟာမိတ် EAOများ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် ရှေ့ပြေးစီမံဆောင်ရွက်မှုများ ဖြစ်သည်ဟုဆိုနိုင်ကြောင်း ယာယီသမ္မတက ပြောသည်။

“ အခုဆိုရင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်တဲ့ ဒေသတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာတည်ဆောက်မှုကိုလည်း ဆက်တိုက်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်နဲ့တွဲပြီး ကြားကာလ ပြည်သူ့တရားစီရင်ရေးမဏ္ဍိုင်ထူထောင်ဖို့လည်း တစ်ပြိုင်တည်း စီမံဆောင်ရွက်နေပြီဆိုတာ အသိပေးလိုပါတယ်” ဟု ယာယီသမ္မတက ပြေကြားသည်။

လက်ရှိအချိန်ထိ စစ်အုပ်စုလက်အောက်ခံ ဖြစ်နေသေးသော လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ရင် စစ်ကောင်စီ ကျူးလွန်နေသည့် ရာဇဝတ်မှုများ၊ ကြံရာပါမဖြစ်လိုပါကပြည်သူနှင့် အမြန်ဆုံးပူးပေါင်းရန်လိုသည်ဟု ယာယီသမ္မတက အသိပေးသည်။

“ စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာ တာဝန်ရှိ တဲ့သူတွေကတော့ နိုင်ငံတကာ တရားစီရင်ရေး စနစ်အရရော ပြည်တွင်း တရားစီရင်ရေးစနစ်အရပါ အရေးယူ အပြစ်ပေးခံရလိမ့်မယ်ဆိုတာ သတိပေးလိုပါတယ်။ ဒီတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် ဖယ်ရှားပစ်ဖို့ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဆုံးဖြတ်ချက် ချထားပြီးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

လက်ရှိတွင် အနာဂတ် မြန်မာနိုင်ငံတော်သစ်၏ အာရုဏ်ဦးကို ပြည်သူ့တော်လှန်ရေးနှင့် အတူ မျက်မှောက်ပြုနိုင်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီတော်လှန်ရေးဟာ ပြည်သူတွေ ကိုယ်တိုင် ဦးဆောင်ပါဝင်တဲ့ ပြည်သူ့တော်လှန်ရေးလည်းဖြစ်တဲ့အတွက် ဂျန်နရေးရှင်း ဇက်လူငယ်တွေ PDF ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေ၊ သပိတ် အင်အားစုတွေ ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ EAOတွေ တက်ညီလက်ညီ လက်တွဲဆင်နွှဲကြမယ်ဆိုရင် အပြီးသတ် ပြည်သူ့အောင်ပွဲ အရယူဖို့ အချိန်များစွာ မလိုတော့ဘူးလို့ ယုံကြည်ပါတယ်။New Myanmarကို ပုံဖော်ထုဆစ် မယ့်သူများဟာလည်း မြန်မာပြည်သူများကိုယ်တိုင်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

မကြာသောကာလတွင် တိုင်းရင်းသားပြည်သူများ၏ ညီညွတ်မှု အစွမ်းပကားကြောင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ ပေါ်ထွန်းလာတော့မည်ဟုလည်း မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

“ယဉ်ကျေးတဲ့ ကမ္ဘာကြီးအနေနဲ့လည်း မြန်မာပြည်က အရိုင်းအစိုင်းတွေကို ဖယ်ရှားပစ်ဖို့ အရေးမှာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပေးကြပါ”ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်သွားမည်ဟု ကတိပြုကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။