ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) -PDF(Kalay)မှတပ်သားတစ်ဦး နေအိမ်သို့ ခတ္တပြန်စဥ် ဖမ်းဆီးခံလိုက်ရသဖြင့် ၎င်းနှင့်ဆက်သွယ်ဖူးသူများ အထူးသတိပြုကြရန် ကလေးမြို့နယ်မှ ဒီချုပ်အမတ်ဒေါ်သန့်ဝေကျော်က သတိပေးသည်။
PDF Kalay တပ်ရင်း(၅) တပ်စုမှူး စိုင်းရဲဇက်(ခ) သားဒုတ်သည်ယမန်နေ့(ဖေဖော်ဝါရီ ၂ရက်)က နေအိမ်သို့ခတ္တပြန်ရောက်စဥ် စစ်ကောင်စီတပ်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဟု ဒေါ်သန့်ဝေကျော်က ပြောသည်။
” အိမ်သို့ပြန်လာချိန်နှင့် အချိန်ကိုက် တိကျစွာ ဖမ်းဆီးခံရခြင်းသည် ၎င်းနေအိမ်ပတ်ဝန်းကျင်ရှိ ဒလန်၏သတင်းပေးမှုကြောင့်ဟု သိရသည်။ ယခုတစ်ကြိမ်၎င်းတို့အိမ်သို့ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းခြင်းမှာ ဒုတိယအကြိမ်ရှိပြီဖြစ်သည်” ဟု ဒေါ်သန့်ဝေကျော်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့အပြင် စိုင်းရဲဇက်နှင့် ဆက်သွယ်ဖူးသူများ အချိန်မီတိမ်းရှောင်ရန်နှင့် သတိပြုနေထိုင်ရန် ဒေါ်သန့်ဝေကျော်က တိုက်တွန်းထားသည်။

Public Service Announcement
စိုင်းရဲဇက် ဖမ်းဆီးခံလိုက်ရသည့်သတင်းကိုလည်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF (ကလေး) မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်းအတည်ပြုပေးသည်။
ယခုရက်ပိုင်းတွင် ကလေးနှင့် ဂန့်ဂေါနယ်၌ တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီးကလေး – ဂန့်ဂေါပြည်ထောင်စုလမ်းကို ဖေဖော်ဝါရီ (၁၂) ရက် အထိ အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။
