▪️Non CDMရဲများကို စစ်ကောင်စီ ယုံကြည်မှုမရှိတော့ဟု CDMရဲတပ်ဖွဲ့ သုံးသပ်
ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉)မှ ရဲမှူးမြင့်အောင်အား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး သွားကြောင်း CDM ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် Myanmar Police CDM Channel – MPCCက ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) ထုတ်ပြန်သည်။
အဆိုပါ ရဲမှူးမြင့်အောင်အား နေပြည်တော်မှအပြန်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသွားသည့်အကြောင်း အရာ တစ်စုံတစ်ရာမသိရသေးဟု MPCCက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းစိန် မှု့ခင်းရဲတပ်ဖွဲ့ (CID)မှ ဒုရဲမှူးကြီးဇော်ဝင်းနှင့် ယင်းမာပင်ခရိုင်မှူး ဒုရဲမှူးကြီးအောင်နွယ်ဦး တို့ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးနေသည်ဟု တပ်တွင်း သတင်းရင်းမြစ်များက အသိပေးထားသည်။

Public Service Announcement
ယခု ဖြစ်စဥ်သည်လည်း အကြမ်းဖက်စစ်ကောင်စီသည် Non CDM ရဲများအား ယုံကြည်မှုမရှိဘဲ မျက်ခြေမပြတ်စောင့်ကြည့်နေသည်ဟုလည်း MPCCက သုံးသပ်သည်။
ထို့အပြင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အနေဖြင့် နယ်မြေသတင်းများနှင့် ဖမ်းဆီးရေးဆောင်ရွက်ရာတွင်လည်း သတင်းချပြပေါင်းစပ်မှုမရှိဘဲ အရပ်သားသတင်းပေးများမွေးမြူကာ ရဲများအား ပြန်လည်စောင့်ကြည့်ခြင်းများပြုလုပ်နေသည်ဟုလည်း MPCC က ဆိုသည်။
ထို့အပြင် တပ်တွင်းသတင်းများ ပေါက်ကြားနေမှုများအပေါ် ထိန်းချုပ်နိုင်ရန် လျှို့ဝှက်အဖွဲ့ငယ်များ ဖွဲ့စည်းကာ အချင်းချင်းစောင့်ကြည့်နေကြောင်း တပ်တွင်းဖရဲသီးများ သတင်းပေးပို့ချက်ကို MPCCက ကိုးကား၍ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။















































