●မင်းတပ်-မတူပီလမ်းပိုင်းကိုလည်းယာယီပိတ်
မင်းတပ်မြို့ပေါ်နေပြည်သူများ မတ် ၁၉ ရက် (မနက်ဖြန်)မှစတင်ပြီး ညနေ ၅နာရီမှ မနက် ၅နာရီအထိအိမ်ပြင်မထွက်ကြရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindatက ယနေ့ထုတ်ပြန်လိုက်သည်။
ထိုထုတ်ပြန်ချက်အတိုင်း ကျေးဇူးပြု၍ လိုက်နာပေးကြရန်လည်း ထပ်မံမေတ္တာရပ်ခံကြောင်းလည်း CDF-မင်းတပ်ကအသိပေးထားသည်။
လိုက်နာမူမရှိသောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်းပါရှိသည်။

Public Service Announcement
ထိုပြင် မင်းတပ်-မတူပီလမ်းမကို မနက်ဖြန် ( မတ် ၁၉ ရက်) မှ စတင်ပြီး ယာယီပိတ်ထား မည်ဖြစ်ကြောင်းလည်း CDF-မင်းတပ်က အသိပေးထားသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစွာသွားလာနိုင်သည် အခြေအနေရောက်ရှိပါက ” မင်းတပ်-မတူပီ လမ်းပိုင်း” ပြန်ဖွင့်မည်ဟုအသိပေးသည်။
ထို့သို့ လမ်းပိတ်ရခြင်းနှင့် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ ချင်းတောင်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့သည့် ကားတန်းချီတက်လာခြင်းကြောင့်ဖြစ်သည်ဟု CDF-မင်းတပ် ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ပြောသည်။
“အဲ့ဒါနဲ့ ဆက်စပ်ပါတယ်။ အဲ့ဒီလောက်ပဲပြောပါရစေဦး”ဟု ၎င်းကပြောသည်။
ချင်းတောင်သို့ ရိက္ခာပို့ရန်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ယာဉ် ၉၆ စီးပါသည့် ယာဉ်တန်းသည် မတ် ၁၇ ရက်တွင် ပခုက္ကူမှ ချင်းတောင်ကိ ထွက်ခွာသွာနေခြင်းဖြစ်သည်။ ထိုယာဥ်တန်းစတင်ထွက်ခွာသည့်နေမှာပင်ကျောက်ထုနှင့် ထီးလင်းPDF တို့က လမ်း ၂ နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။


















































